'ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့' ခေါင်းဆောင် ရိုက်နှက်ခံရ

'ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့' ခေါင်းဆောင် ရိုက်နှက်ခံရ

အစိုးရနှင့်မသက်ဆိုင်သော 'ကုန်ဈေး နှုန်းကျဆင်းရေးအဖွဲ့'ခေါင်းဆောင် ကိုထင်ကျော်ကို ယခုလ
၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမရှေ့ ယာဉ်ရပ်နား ရန်နေရာ
တွင် လူတစ်စုက ထိုးကြိတ် ရိုက် နှက်ခဲ့သဖြင့် သက်ဆိုင်ရာတရားရုံး၌ အမှုဖွင့်ထားသည်ဟု သိရ
သည်။

"ခင်ဗျားနာမည် ဘယ်လိုခေါ်လဲလို့ မေးတယ်။ ထင်ကျော်ပါလို့ ပြောလည်း ပြီးရော ငါ့နာမည် ရိုးရိုး
လေးသိန်းနိုင်ကွ ဆိုပြီး ထိုးတယ်။ သူနဲ့ပါလာတဲ့နှစ် ယောက်ကပါ ၀င်ကန်တော့ ကျွန်တော် လဲသွား
တယ်။ တစ်ယောက်က ပြေးလာပြီး ထီးနဲ့ရိုက်တယ်။ အသေသတ်ဆိုပြီး အော်သေးတယ်။ ဘေးက
လူတွေ ၀င်ဆွဲတဲ့အခါမှာ ကားပေါ်ပြေးတက်သွားကြတယ်။ ဥပဒေနဲ့ရှင်းရမယ်၊ ခင်ဗျားကား သွားလို့
မရဘူးလို့ အော်တော့ ငါ့နောက်မှာ ဗိုလ်ချုပ်တွေရှိတယ်ကွလို့ အော်တယ်။ ဘယ်သူ့မှ ဂရုမစိုက်ဘူး
ဆိုပြီး ကားပေါ်တက် မောင်းပြေးသွားတယ်" ဟု ကိုထင်ကျော်က ပြောသည်။

ထို့နောက် ကိုထင်ကျော်နှင့် အဖွဲ့ဝင်များက ဗဟန်းရဲစခန်းတို့ သွားရောက်ကာ အမှုဖွင့်ခဲ့သည်။

"ရဲစခန်းမှ ဆေးစစ်ချက်ရယူကာ ပ၊ (၁၄) ၂၀၁၂၊ ပုဒ်မ ၂၉၄၊ ၃၂၅ နှင့် ၁၁၄ ဖြစ်ပြီး အဲဒါတွေက
ဆဲဆိုမှု၊ အုပ်စုဖွဲ့ နာကျင်အောင် ရိုက်နှက်မှုနဲ့ အခမ်းအနားပွဲ ဖျက်မှုတို့ဖြစ်တယ်"ဟု ကိုထင်ကျော်
က ပြောသည်။

ဗဟန်းရဲစခန်းတွင် (ပ)၁၄/ ၂၀၁၂-ပုဒ်မ၂၄၉၊ ပုဒ်မ ၃၂၅ နှင့် ပုဒ်မ ၁၁၄ အစရှိသည့် ပုဒ်မသုံးခုတို့ဖြင့်
အမှုဖွင့် စွဲဆိုထားကြောင်းကိုလည်း ဗဟန်းရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်အတွက် မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာတွင် ဦးသိန်းနိုင်က တစ်စုံတစ်ရာ
ပြန်လည် ဖြေကြားရှင်းလင်းခြင်း မရှိပေ။

"တရားဥပဒေစိုးမိုးမှုများဆိုတဲ့ ခေါင်းစီးတောင် မတင်လိုက်ရသေးဘူး၊ ဒီကနေ့ ဒီအဖြစ်အပျက်မျိုး
ဖြစ်သွားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းက တရားဥပဒေစိုးမိုးမှုအပေါ်မှာ ဘယ်လောက်အထိ
အမှန်တရားဘက်က ရပ်တည်မလဲဆိုတာ စောင့်ကြည့်သွားမယ်" ဟု ကိုထင်ကျော်က သတင်း
ထောက်များအား ပြောသည်။

ကိုထင်ကျော်နှင့်အဖွဲ့သည် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေမှုများနှင့် ပတ်သက်သော သတင်းစာ
ရှင်းလင်းပွဲကို တော်ဝင်နှင်းဆီ၌ပြုလုပ်ရန် သွားရောက်နေစဉ်တွင် ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ
သတင်းစာရှင်းလင်းပွဲလည်း ပျက်သွားခဲ့ရသည်။

ဖြစ်စဉ်ကြောင့် တော်ဝင်နှင်းဆီခန်းမ မှ တာဝန်ရှိသူများက ပွဲအား လက်ခံကျင်းပရန် ငြင်းဆိုခဲ့ခြင်း
ကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

"ပိုင်ရှင်က ဒီဖြစ်ရပ်အပေါ် စိုးရိမ်ပြီး သူ့ခန်းမမှာ လက်မခံခြင်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။
ဒါက သူ့လုပ်ပိုင်ခွင့် ပိုင်ဆိုင်မှုဖြစ်တဲ့အတွက် ဝေဖန်မှုမရှိပါဘူး"ဟု ကိုထင်ကျော်က ပြောသည်။

"ကျွန်တော်က ဗနိုင်းတွေ အထဲမှာ ကပ်ဖို့လုပ်နေတဲ့အချိန်၊ အပြင်မှာ ကိုထင်ကျော်ဟာ အထိုးခံနေ
ရပါပြီ။ ဒီအတွက် ၁၃ ရက်နေ့ ဖြစ်ဖြစ်ချင်းကနေစပြီး အမှုဖွင့်ထားတယ်။ အခုထိ စစ်ဆေးအရေးယူ
ခြင်း မရှိသေးတာအတွက် စဉ်းစားစရာဖြစ်နေပါတယ်။ အရေးမယူသေးတာအတွက် မေးချင်ပါတယ်။
မြို့လယ်ကောင်လိုနေရာမျိုးမှာ ဒီလိုလုပ်ရပ်တွေကို လုပ်သွားတယ်ဆိုတော့ မြို့စွန်မြို့ဖျားနေရာဖြစ်
နေရင် ကျွန်တော်တို့ အသတ်ခံရနိုင်ပါတယ်။ သူတို့က ကားသုံးစီးနဲ့ လာတာပါ"ဟု ကုန်ဈေးနှုန်း
ကျဆင်းရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဇာနည်က ပြောသည်။

"သတင်းစာရှင်းလင်းပွဲကို ခရိုနီတစ်ယောက်ရဲ့ ဖျက်ခြင်းခံရတာအတွက် စိတ်မကောင်းပါဘူး။
ကျွန်တော့်ကို ရိုက်သွားတဲ့ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ကိုသိန်း နိုင်နဲ့အဖွဲ့ကို အပြစ်မတင်ပါဘူး။
ကျွန်တော့်အနေနဲ့တော့ ကိုသိန်းနိုင်မှ မဟုတ်ပါဘူး။ တခြားလူကြီးပိုင်းတွေမှာ ခရိုနီဆန်စွာနဲ့ စီးပွား
ရှာမယ်ဆိုလည်း ဖော်ထုတ်မှာပါ။ ဒါ့အတွက် မကျေနပ်လို့ လာသတ်မယ်ဆိုလည်း သေရဲပါတယ်။
ပြည်သူတွေထံကနေ ကုပ်သွေးစုပ်နေတာကို လက်မခံနိုင်တာကြောင့် ပြောရတာဖြစ်ပါတယ်"ဟု
ကိုထင်ကျော် က ပြောသည်။

ယခုဖြစ်ရပ်ကြောင့် ခရိုနီကို အမြစ်ပါမကျန် ဆွဲနုတ်ဖို့အတွက် ၎င်းအနေဖြင့် သန္နိဋ္ဌာန်ချလိုက်ပြီဟု
ဆိုသည်။

"ဥပဒေစိုးမိုးမှုကို ခရိုနီက စတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်"ဟု ကိုထင်ကျော် က ပြောကြားသည်။

ဦးသိန်းနိုင်သည် ၂၀၀၇ ခုနှစ်တွင် တရားမဝင်လောင်စာဆီရောင်းဝယ်မှု၊ ချဲဒိုင်ကိုင်မှုနှင့် ထောင်ဒဏ်
၁၂ နှစ်ကျ ခံခဲ့ရပြီး ၁ နှစ် ၃ လနှင့် ၉ ရက် အကြာတွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်
ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

ယခုလို ကိုထင်ကျော်ကို လာရောက် ထိုးကြိတ်သည်မှာလည်း နှစ်ကြိမ်တိုင် ရှိပြီဖြစ်ကြောင်းနှင့်
ပထအကြိမ်မှာ ကျိုက်ထီးရိုးတွင်ဖြစ်ကြောင်း ကိုထင်ကျော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး