ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ဇန်နဝါရီလ ၁၃ ရက်နေ့က တောင်သူလယ်သမားနှင့်
ရေလုပ်သား ၂,၀၀၀ ခန့်သည် ပထမဆုံးအကြိမ် အဖြစ် ၎င်းတို့၏ သိမ်းဆည်းခံထားရ သော
လယ်ယာမြေများနှင့် ဖမ်းဆီးခံထားရသော ရေလုပ်သားများအရေးနှင့် အခြားအချက်အလက်များကို
တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ခေါင်းဆောင်တစ်ဦး ဖြစ်သူ
ပန်းတနော်အကယ်ချောင်း ကျေးရွာမှ လယ်သမား ဦးသိန်းဝင်းက ပြောသည်။
"ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ ဒေသထဲမှာ ဖြစ်ပေါ်နေတဲ့ တောင်သူလယ်သမားတွေ၊ ကပ်ပါးရေ
လုပ်သား တွေရဲ့ မတရားဖိနှိပ်ခံရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ထိ သိစေ
ချင်လို့ပါ။ ဧရာဝတီတိုင်း ဒေသကြီးထဲမှာ နှစ် ၅၀ အတွင်း ပထမ ဆုံးအကြိမ် လယ်သမားတွေ၊
ရေလုပ်သားတွေ ဆန္ဒပြတာပါပဲ"ဟု ၎င်းက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ယခုလ ရ ရက်နေ့က လျှောက်လွှာတင်ခဲ့ပြီး ၁၃ ရက်နေ့နံနက် ၉ နာရီမှ
၁၁ နာရီထိ မြို့နယ်ရဲတပ်ဖွဲ့က ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့ ခြင်းဖြစ်ပြီး ကုမ္ပဏီများ၊ ပုဂ္ဂလိကများက
မတရားသိမ်းဆည်းထားသော လယ်မြေများ လယ်သမားများထံ အမြန်ပြန်ပေးရေး၊ ဆည်မြောင်း၊
ရေကာတာ၊ ရေတံခါးများ ခေတ်မီစနစ်တကျ ပြုလုပ်ပေးရေး၊ ၂၀၁၃ ခုနှစ် လူလုပ် ရေဘေး ထပ်
မဖြစ်ရေး၊ အင်းလုပ်ငန်းများ၊ ရေလုပ်သားများ စည်းကမ်းတကျ လုပ်ကိုင်ခွင့်ရရှိရေး၊ အင်းသူကြီးများ
မတရားဖမ်းဆီးထားသော ရေလုပ်သားများ အမြန်ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
"ဆိုရှယ်လစ်ခေတ် ကတည်းက ကောင်စီလူကြီးတွေရဲ့ မတရားအလွဲသုံးစားလုပ်ခဲ့တဲ့ မြေယာသိမ်း
ဆည်းမှုတွေအပြင် စစ်အာဏာရှင်အုပ်ချုပ်ရေးလက်ထက်မှာလည်း ပြည်သူဆီကနေ သိမ်းဆည်း
ထားတဲ့ လယ်မြေတွေ သောင်းနဲ့ ချီရှိတယ်။ မျိုးရိုးစဉ်ဆက်လုပ်စားလာခဲ့တဲ့ မြေပေါ်မှာ သီးစားခပြန်
ပေးပြီး လုပ်စားနေကြရတယ်"ဟု ဦးသိန်းဝင်း ကပြောသည်။
အဆိုပါလယ်မြေများမှာ လွန်ခဲ့သည့် ၁၈ နှစ်ကတည်းက အစိုးရနှင့် ပုဂ္ဂလိက ပိုင်ကုမ္ပဏီ ၁၀ ခုနှင့်
စစ်တပ် ရှစ်ခုတို့က သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဧက အနည်းဆုံး သုံးသောင်းခန့်ရှိကြောင်း၊
လယ်သမားများမှာ အဆိုပါ မြေပေါ်တွင် သီးစခအနေဖြင့် တစ်ဧကကို စပါး ၁၀ တင်းမှ ၁၅ တင်းခန့်
ပေးရကြောင်း ၎င်းက ပြောသည်။
"ဧရာဝတီတိုင်းထဲမှာရှိတဲ့ လယ်သမားတွေက အရမ်းကိုငတ်လာကြတယ်။ ဆန်၊ စပါးဈေးတွေလည်း
အရမ်း ကိုကျလာတော့ အငတ်ဆုံးအချိန်ဖြစ် လာတယ်။ အင်းတွေ၊ လယ်တွေကို သိမ်းထားတော့
လယ်သမားတွေ၊ ရေလုပ်သား တွေမှာ တော်တော်ခက်ခဲတဲ့ ဘဝကို ရင် ဆိုင်နေကြရတယ်"ဟု
မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောသည်။
ပန်းတနော်မြို့နယ် ခနွဲခပိုရွာမှ ရေလုပ်သားဖြစ်သူ ဦးအောင်ဇော်က "လက်ရှိမှာရေလုပ်သားခြောက်
ယောက်ကို ဖမ်းထားတယ်။ အင်းတွေကလည်း လယ်သမားပိုင်၊ အင်းသမားပိုင်ဆိုပြီး သတ်မှတ်
ထားတာမရှိဘူး။ ကိုယ့်လယ်ထဲ ကိုယ်ဆင်းရင်တောင် မသင်္ကာမှုနဲ့ ထောက်ခံစာယူပြီး ဆင်းရမယ့်
အနေ အထားဖြစ်နေတယ်။ အကုန်လုံးက အင်းသမားပိုင်ဖြစ်နေတော့ ရေလုပ်သား တွေ ရှာစားခွင့်
နေရာကို မရှိတော့ဘူး" ဟု ပြောသည်။
၁၉၉၂ ခုနှစ်က အဆိုပါဒေသ၌ ရေနက်ကွင်းစီမံကိန်းများ စတင်လုပ်ဆောင်ပြီး နှစ်နှစ်ခန့်ကြာသော
အခါ ဆက်လက်မလုပ်ဖြစ်သောကြောင့် မြေလွတ်မြေရိုင်းများဖြစ်ကာ အင်းမြေနေရာ နှင့် လယ်မြေ
မှာ ရောထွေလျက်ရှိပြီးသက်ဆိုင်ရာလူကြီးများမှာလည်း ခွဲခြားမသိရှိကြကြောင်း ၎င်းကပြောသည်။
ဆန္ဒထုတ်ဖော်ပွဲသို့ လူဦးရေ ၁,၀၀၀ ကျော်ခန့်သာတက်ရောက်မည်ဟု မှန်းသော်လည်း ပန်းတနော်
မြို့နယ်အနီး တစ်ဝိုက်ရှိရွာများမှ ကုန်းလမ်း၊ ရေလမ်း ဖြင့် လာရောက်ကြပြီး သမဂ္ဂအဖွဲ့ ဆိုင်းဘုတ်
များနှင့် ချီတက်လာရာ စုစုပေါင်း လူဦးရေမှာ ၂,၀၀၀ ခန့်ရှိကြောင်း ဦးသိန်းဝင်းက ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲသည် ၁၁ နာရီထိ သတ်မှတ်ထားသော်လည်း မိနစ် ၃၀ ခန့် ကျော်လွန်ခဲ့သဖြင့်
ပန်းတနော် ရဲတပ်ဖွဲ့ က လာရောက်သတိပေးခဲ့သည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မီဒီယာများ၏
မေးမြန်းချက်ကို ပန်းတနော်မြို့နယ် ရဲအုပ်ဦးကျော်အေးလှိုင်က "ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောခွင့်
မရှိပါဘူး။ အချိန်ကျော်လို့ ဘယ်လိုအရေး ယူလို့ရတယ်ဆိုတဲ့ ဥပဒေကိုလည်း မပြောနိုင်ပါဘူး" ဟု
ဖြေကြားသွားသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ၏ စာရင်းဇယားများအရ
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ၀န်းကျင်ခန့်မှစ၍ ယနေ့အထိ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာ
မြေသိမ်းဆည်းခံရမှုအများဆုံး ဖြစ်ပွားသည့်ဒေသ ဖြစ်သည်။
















