လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒထုတ်ဖော်သူများအား တရားစွဲဆိုထား

လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒထုတ်ဖော်သူများအား တရားစွဲဆိုထား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒထုတ်ဖော်သူ ခြောက်ဦးအား
ကျောက်တံတားမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ် တရားရုံးများ၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့်
စွဲချက် တင်စစ်ဆေးလျက်ရှိရာ ကျောက်တံတားတရားရုံး မှ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ(၁၈)ဖြင့် ထပ်မံစွဲချက်တင်လိုက်ကြောင်း သိရသည်။

နို၀င်ဘာလ ၂၆ ရက်နေ့၊ ရန်ကုန်မြို့ ဆူးလေနှင့် သိမ်ကြီးဈေးတို့၌ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်း ရပ်တန့်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ရာတွင် ပါ၀င်ခဲ့သူ ကိုဝေဠု၊ ဦးရဲလင်း၊
ကိုညီညီ၊ ဦးမျိုးချစ်၊ ဒေါ်ရှမ်းမနှင့် ဒေါ်နော်အုန်းလှတို့အား ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်
ရဲစခန်းမှ ဥပဒေချိုးဖောက်မှုဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့မှ သက်ဆိုင်ရာတရားရုံးများ၌ စတင်တရားစွဲ
ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများသည် နိုင်ငံတော်အစိုးရနှင့် ငြိမ်ဝပ်ပိပြားမှုကိုထိခိုက်သည့်ပြစ်မှုကို
တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်စေရန် အများပြည်သူကိုသော်လည်းကောင်း၊ အများ
ပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်းဖြစ်စေရန်၊ သို့မဟုတ်
လှုံ့ဆော်ခြင်းကို ဖြစ်ပေါ်စေသည့်အတွက် ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်တင်ခြင်းဖြစ်ပြီး ပုဒ်မ(၁၈)မှာမူ
ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီနေ့နဲ့ဆို ငါးကြိမ်မြောက် တရားရုံးမှာ လာအစစ်ခံတာပါ။ ဘယ်တော့ပြီးမလဲဆိုတာ
တော့မသိသေးဘူး။ ကျွန်တော်တို့ရဲ့ လုပ်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ တင်လာတဲ့ စွဲချက်တွေကတော့
ကွာဟနေတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းတွေမှာ ကျွန်တော်တို့ဝင်ရောက်လုပ်
ဆောင်တဲ့အခါ ဘယ်တော့အဖမ်းခံရမလဲ၊ ဘယ်တော့ လွတ်မလဲဆိုတာ မစဉ်းစားပါဘူး"ဟု အမိမြေ
ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့မှ ဦးရဲလင်းက ပြောသည်။

အဆိုပါ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူ ခြောက်ဦးသည် ပုဒ်မ ၅၀၅(ခ) အတွက် ကိုယ်တိုင်ခံဝန်ချက်၊
ငွေကျပ် ၁၀ သိန်း ဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အာမခံရခဲ့ပြီး ပုဒ်မ(၁၈)အတွက် ကိုယ်တိုင်ခံ
၀န်၊ ကျပ်ငွေငါးသိန်းဖြင့် ဇန်နဝါရီလ ၂ ရက် နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးမှ အာမခံပေး
ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားရင်ဆိုင်နေရသူ ခြောက်ဦးအတွက် ရှေ့နေများကွန်ရက်မှ ရှေ့နေများက ပါ၀င်ကူညီ
ပေးလျက်ရှိကြောင်း သိရသည်။

"နိုင်ငံတော်ရဲ့ သယံဇာတနဲ့ သဘာဝအရင်းအမြစ် ထုတ်ဖော်မှုတွေအတွက် လုပ်ဆောင်တဲ့နေရာမှာ
လူတိုင်းမှာ တာဝန်ရှိပါတယ်"ဟု ဇန်နဝါရီလ ၁၆ ရက်နေ့၊ ကျောက်တံတားတရားရုံး၌ အမှုစစ်ဆေး
ကြားနာရာတွင် ဆောင်ရွက်ပေးသူ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်
က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ၎င်းတို့၏ ဆန္ဒထုတ်ဖော်မှုများအတွက် သက်ဆိုင်ရာ ရဲစခန်းများက
ခွင့်ပြုမိန့်ပြုရန် ငြင်းဆန်ခဲ့ခြင်းနှင့် ဆန္ဒပြမှုအကြောင်းအရာ ပေါ်မူတည်ကာ ခွင့်ပြုမိန့်ချပေးခြင်းများ
ရှိသည့်အတွက် ခွင့်ပြုမိန့်မလျှောက်ခဲ့ ခြင်းဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့ ကြိုသိပြီးသားပါ။ အဖမ်းခံရမယ်ဆိုတာကို"ဟု ဦးရဲလင်း က ပြောသည်။

ဆန္ဒထုတ်ဖော်သူများအား ဇန်နဝါရီ လ ၁၆ ရက်နေ့တွင် ကျောက်တံတားတရားရုံးမှ ငါးကြိမ်မြောက်
စစ်ဆေးကြားနာခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူများသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်
အထိဖြစ်စေ၊ သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး