မသန်စွမ်းသူများ၏ အနုပညာပွဲတော် ကျင်းပမည်

မသန်စွမ်းသူများ၏ အနုပညာပွဲတော် ကျင်းပမည်

မသန်စွမ်းသူများ အားလုံးပါ၀င်နိုင်မည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို
ယခုနှစ် အောက်တိုဘာလ အတွင်း ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ရာ တစ်နိုင်ငံလုံးရှိ
အနုပညာကို စိတ်ပါ၀င်စားသော မသန်စွမ်းသူများအား ဖိတ်ခေါ်ထားသည်။

အဆိုပါ အနုပညာပွဲတော်ကို အောက် တိုဘာလ၂၉ ရက်နေ့မှစ၍ သုံးရက် တိုင်တိုင် ကျင်းပသွား
မည်ဖြစ်ပြီး မြန်မာ နိုင်ငံ၌ ပထမဆုံး မသန်စွမ်းများပြုလုပ်သည့် အနုပညာပွဲတော်ဖြစ်လာမည်ဟု
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ အစီအစဉ်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။

"ဒီပွဲက အနုပညာမှာ ပါရမီရှိတဲ့ မသန်စွမ်းတွေကို မွေးထုတ်ပေးဖို့နဲ့ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေ၊
အားသာချက်တွေကို အနုပညာကတစ်ဆင့် ပြသပြီး မသန်စွမ်းတွေအပေါ်လူတွေရဲ့အမြင်တွေကို
ပြောင်းလဲဖို့ ရည်ရွယ်ပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်ရည်၊ အခွင့်အရေးတန်းတူရရှိမှုနဲ့ အနုပညာရပ်ဝန်းကို ပေါင်းကူးပေး
နိုင်ဖို့ အဓိပ္ပာယ် ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

အနုပညာပွဲတော်တွင် မသန်စွမ်းသူ များကိုယ်တိုင် ဖန်တီးထားသော ပန်းချီ၊ ပန်းပု၊ ကာတွန်း၊ ပုံတူ
ရုပ်ပြောင်၊ အဆို၊ အက၊ ကဗျာ၊ အတီး၊ ပြဇာတ်၊ ၀တ္ထု ဆောင်းပါး၊ ဓာတ်ပုံ၊ အငြိမ့်၊ ရုပ်သေး အစရှိ
သည့် အနုပညာလက်ရာများကို ပြခန်းများ၊ တင်ဆက်မှုများအနေဖြင့် ပြုလုပ် ပြသသွားမည်ဖြစ်
သည်။

အောက်တိုဘာလတွင် ပြုလုပ်မည့် ပွဲတော်အတွက် ပဏာမအဆင့် လူရွေးချယ်ပွဲကို ဧပြီလတွင်
ကျင်းပသွားမည်ဖြစ်သည်။

ရွေးချယ်ခြင်းခံရသည့် မသန်စွမ်း အနုပညာရှင်များသည် မိမိကျွမ်းကျင်ရာ ပညာရပ်တွင် သုံးလခန့်
မွမ်းမံသင်တန်း ပေးကာ ပြသခွင့်ရရှိမည်ဖြစ်သည်။

အဆိုပါပွဲတော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏
ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့နှင့် ဂျပန်နိုင်ငံ အခြေစိုက် နီပွန်
ဖောင်ဒေးရှင်းတို့၏ ငွေကြေးပံ့ပိုးမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

ပွဲတော် ကျင်းပရန် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၇၀,၀၀၀ ခန့် ကုန်ကျမည်ဟု
ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ မဇင်မာဖြူက ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့သည် အာဆီယံဒေသ အဆင့် မသန်စွမ်းသူများ
အနုပညာ ပွဲတော်ကိုလည်း ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲဝင်လျှောက်လွှာများကို မတ်လ ၂၉ ရက်နေ့ နောက်ဆုံးထား၍ လျှောက် ထားနိုင်ပြီး လျှောက်
လွှာများကို မြန်မာ နိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ဖုန်း ၀၉-၄၃၁၂၃၇၄၂၊ ၀၉-၅၁၀၂၁၁၈ နှင့်
www.myanmarili.org တို့တွင် ရယူနိုင်သည်။

မြန်မာနိုင်ငံ၌ မသန်စွမ်းသူဦးရေ ၁ ဒသမ ၃ သန်းခန့်ရှိသည်ဟု စစ်တမ်းများအရ ဖော်ပြထားသည်။

လက်ရှိ မြန်မာ နိုင်ငံ၌ မသန်စွမ်းအဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့ရှိပြီး မသန်စွမ်းသူများအတွက် အရေး
ကိစ္စများကို ဆောင်ရွက်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး