ကလေးများ လူကုန်ကူးခံရမှု မြင့်တက်လျက်ရှိ

ကလေးများ လူကုန်ကူးခံရမှု မြင့်တက်လျက်ရှိ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် လူကုန်ကူးခံရသော ကလေးသူငယ် အရေအတွက်သည်
လွန်ခဲ့သည့်နှစ်နှစ်မှ စတင်ပြီး ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု ပြည်တွင်း၌ ကလေး
လူကုန်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက် နေကြသည့်အဖွဲ့များက ပြောသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNIECF) မှ ထုတ်ပြန်ထားသော ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ
ကလေးသူငယ်များ အခြေအနေသုံးသပ်ချက်အရ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း လူကုန်ကူး
ခံရသည့် မြန်မာကလေးငယ်အရေ အတွက်များပြားလာပြီး ပြဿနာကြီး တစ်ရပ်ဖြစ်လာသည်ဟု
ဖော်ပြထားသည်။

"မြန်မာနိုင်ငံက ဒီပြင်နိုင်ငံတွေထက် နယ်စပ်ထိစပ်မှုကလည်း ကျယ်တယ်၊ ဒေသတွင်း လုံခြုံမှုနဲ့
ဥပဒေအရ အရေးယူ တာဆီးမှုတွေကလည်း အားနည်းတယ်။ စီးပွားရေး အခြေအနေကလည်း
မကောင်းဘူး။ ဒါကြောင့်လူတွေက အသက်ရှင်နေထိုင်ဖို့ ထိုင်းနိုင်ငံကို ခိုလှုံကြရာကနေပြီး လူကုန်
ကူးခံရတာ တွေ ပိုဖြစ်လာရတယ်"ဟု လူအခွင့် အရေး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေ
သည့် လူ့အခွင့်အရေးပညာပေး ရေးအဖွဲ့ (HREIB) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက
မြန်မာတိုင်း(မ်)ကို လွန်ခဲ့သည့်ရက်သတ္တပတ်က ပြောသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ၌ တောင်းစားရန်အတွက် လူကုန်ကူးခံရသည့် ကလေးငယ်များသည်
ကမ္ဘောဒီးယား ကလေးငယ်များ ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် ကမ္ဘောဒီးယား အစိုးရ
က ကလေးငယ်များအား ထိန်းချုပ်ရန် ထိုင်းအစိုးရနှင့် သဘောတူညီချက်ရေးထိုးပြီးသည့်အချိန်မှ
စတင်ပြီး ထိုင်းနိုင်ငံရှိ လမ်းများပေါ်တွင် မြန်မာစကားပြောပြီး တောင်းစားသည့် ကလေးငယ်များ
များပြားလာသည်ကို တွေ့ရသည်ဟု ၎င်းကပြောသည်။

လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ (HREIB) ကို ထိုင်းနိုင်ငံ၌ ၂၀၀၀ ပြည့် နှစ်က စတင်တည်ထောင်
ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အခြေစိုက်ပြီး ကလေးကုန်ကူးရောင်းဝယ်မှု
ကာကွယ်ပေးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။

လူကုန်ကူးမှုအများစုသည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်
လျက်ရှိသဖြင့် ၎င်းတို့အဖွဲ့အနေဖြင့် လူကုန်ကူးခံရသည့် ကလေးသူငယ်များ၏အမှုများကို လက်ခံ
ကာ ဖြေရှင်းပေးလျက်ရှိသည်။

"ကျွန်တော်တို့အဖွဲ့ကိုလာတိုင်တဲ့ လူကုန်ကူးခံရတဲ့ ကလေးသူငယ်အမှုက တစ်လကို ၂၀ လောက်
ရှိပါတယ်။ အဲဒီထဲမှာ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်ကြား ကလေးငယ်တွေကတော့ တိုင်ကြားလို့
ရောက် လာတဲ့အမှုတွေဖြစ်ပြီး ၁၀ နှစ်အောက် ကလေးငယ်အမှုတွေကတော့ လိုက်ဖမ်းရတဲ့အမှု
တွေပါ" ဟု ဦးအောင်မျိုးမင်းက ပြောသည်။ ယခင်နှစ်များက တစ်လလျှင် အမှု ၁၀ မှုခန့် လက်ခံခဲ့ရရာမှ ယခုနှစ်အတွင်း အမှု ၂၀ ခန့်အထိ မြင့်တက်လာသည်ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော ကလေး သူငယ် လူကုန်ကူးမှု
တိုက်ဖျက်ရေး အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများ
အရ ကလေးလူကုန်ကူးမှုသည် လူကုန်ကူးခံရမှုများအားလုံး၏ လေး ရာခိုင်နှုန်းရှိပြီး ၂၀၀၆ မှ ၂၀၁၂
ခုနှစ် အထိ အမှုပေါင်း ၂၂ မှုသာ ရှိသည်ဟု ဖော်ပြထားသည်။

သို့သော် ဦးအောင်မျိုးမင်းက ကလေး ကုန်ကူးခံရသည်အမှုသည် ထို ၂၂ မှု ထက် ပိုမိုများပြားသည်
ဟု အခိုင်အမာ ပြောသည်။ လူကုန်ကူးခံရသည့် ကလေးငယ် အများစုသည် စက်ရုံလုပ်ငန်းများ၊
လိင်လုပ်ငန်းများနှင့် တောင်းရမ်းစား သောက်သူများလုပ်ငန်းများ ပြုလုပ်ရန် အတွက် လူကုန်ကူးခံရ
ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

"ထိုင်းကို သူတို့ရောက်လာတဲ့ပုံစံက နှစ်မျိုးရှိတယ်။ တချို့ကလည်း မိဘတွေက ရွှေ့ပြောင်းအလုပ်
လုပ်ဖို့ ရောက်ရင်း ကနေ ကလေးငယ်တွေက ကြုံရာကျပန်း လုပ်ကြရင်းနဲ့ လူကုန်ကူးခံရတယ်။
တချို့ကျတော့လည်း အုပ်စုလိုက် ပွဲစားနဲ့ ရောက်လာကြတယ်"ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ကလေးသူငယ်အများစုသည် ကရင်၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အများစုဖြစ်
သည်ကို UNIECF အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်း ဒေသ ခြောက်နိုင်ငံအတွင်း လူကုန်ကူးခံရမှုပြဿနာ အမြင့်မားဆုံး
ဖြစ်ပြီး ပြည်တွင်းစစ်ပွဲများနှင့် အစိုးရ၏ လူအခွင့်အရေးဆိုင်ရာတွင် ပူးပေါင်း ဆောင်ရွက်လှုပ်ရှားမှု
အားနည်းသော ကြောင့်ဖြစ်သည်ဟု ပြည်တွင်းလူ့အခွင့်ရေး စောင့်ကြည့်ရေးပညာရှင်များက
သုံးသပ်ကြသည်။

ပြည်တွင်းပြည်ပဖြတ်ကျော်ပြီး လုပ်ဆောင်သည့် လူကုန်ကူးမှုများသည် ရာဇဝတ်မှုမြောက်သော်
လည်း အမြတ် အစွန်းများသည့်လုပ်ငန်းတစ်ခု ဖြစ် သောကြောင့် အုပ်စုလိုက် ဂိုဏ်းဖွဲ့လုပ် ဆောင်
ကြပြီး အစိုးရတာဝန်ရှိသူများက လာဘ်စားမှုများရှိပါက ပပျောက်ရန် မလွယ်ကူနိုင်ဟု
ဦးအောင်မျိုးမင်းက သုံးသပ်သည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်
သည် ကလေးသူငယ်များ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး