'ရွှေဥ ဥတဲ့ငန်းကို လောဘကြောင့် မသတ်မိဖို့ပဲ'

'ရွှေဥ ဥတဲ့ငန်းကို လောဘကြောင့် မသတ်မိဖို့ပဲ'

* ၂၀၁၂ မှာ ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်း တစ်မုဟုတ်ချင်းတိုးတက်လာတာ
ဘာကြောင့်
လို့ သုံးသပ်ပြောနိုင်ပါသလဲ။
ဒါကတော့ တိုင်းပြည်ရဲ့အခြေအနေ တွေ သိသိသာသာပြောင်းလဲသွားလို့ပါ။ နိုင်ငံရေး၊ စီးပွားရေး
တွေပြောင်းလဲသွား တဲ့အပြင် တိုင်းပြည်မှာရှိတဲ့ လူမှုအဖွဲ့ အစည်းတွေအားလုံးအပေါ်မှာထားရှိတဲ့
သဘောထားတွေလည်း တော်တော်လေး ပြောင်းသွားတယ်။ အထူးသဖြင့် နိုင်ငံရေးပြောင်းလဲ
သွားတဲ့အတွက် နိုင်ငံတကာကလည်း ပွင့်ပွင့်လင်းလင်း ဆက်ဆံလာတယ်။ ဒီလိုရင်းနှီးပွင့်လင်း
စွာဆက်ဆံလာတဲ့အတွက် တိုင်းပြည်မှာ ပထမဆုံးအကျိုးရှိလာတာက ခရီးသွား လုပ်ငန်းပဲ။
ဒါကြောင့် ခရီးသွားလုပ်ငန်း တက်လာတာပါ။

*    ဒီလို တစ်ဖက်က ခရီးသွားလုပ်ငန်း တက်လာတာနဲ့အမျှ တိုင်းပြည်မှာ ဒီလုပ်ငန်း
ကို ပံ့ပိုး
ပေးဖို့ လိုအပ်ချက် တွေ အများကြီးရှိနေတာကို တွေ့ရ ပါတယ်။ အဲဒီ
လိုအပ်ချက်တွေကို
ဘယ်လိုဖြည့်တင်းသွားမလဲ။ ဘယ် အခန်းကဏ္ဍကို ဦးစားပေး
လုပ် ဆောင်သွားပါမလဲ။

ခရီးသွားလုပ်ငန်းလို့ပြောတဲ့အတွက် ကဏ္ဍတစ်ခုတည်းလုပ်လို့မရဘူး။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး
လာတာနဲ့အမျှ၊ အဲဒီလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အကုန်လုံး ဖွ့ံဖြိုးလာဖို့ အဓိက
လိုအပ်တယ်။ တခြားနိုင်ငံတွေ ခရီးသည် အများကြီးလက်ခံရရှိနေတယ်ဆိုတာ သူတို့ကို
လက်ခံနိုင်တဲ့ အခြေအနေ တစ်ခုကို အဲဒီနိုင်ငံက ဖန်တီးထားနိုင် လို့ပါ။ ခရီးသည်တွေရဲ့
နေထိုင်စား သောက်ရေး၊ သွားလာရေးကို အဆင့်မီမီနဲ့ ၀န်ဆောင်မှုပေးနိုင်နေတဲ့အခြေအနေ
ရှိတဲ့အတွက် ခရီးသည်တွေပိုလာ ကြတယ်။

ကိုယ်တွေ ခရီးသည်များများ လိုချင်ရင် ဒီလိုမျိုး အခြေအနေဖြစ် အောင် ဖန်တီးသွားရဦးမယ်။
အခုလတ်တလောပဲ ကျွန်တော်တို့ ဟိုတယ်အခန်း ၅၀,၀၀၀ လောက်ရှိတဲ့ မြို့ကြီးမှာ အခန်းခ
ဈေးနှုန်းပြဿနာတွေ ခံစားနေရတယ်။  မျှော်လင့်ထား တဲ့ဝင်ရောက်မှုနှုန်းနဲ့ ရှိနေ တဲ့ဈေးကွက်
မမျှတဲ့အတွက်ဖြစ်တာပါ။ ထင်တာကို ကိုယ်လိုချင်တာ တစ်မျိုးတည်းပဲ ဖိပြီးသွားရင်၊
လောဘကြီးရင် ခက်သွား လိမ့်မယ်။ ဒါကြောင့် ခရီးသည်တွေ ၀င်လာနိုင်တဲ့လမ်းကြောင်းတွေ
အဆင် ပြေချောမွေ့ဖို့၊ နေထိုင်စားသောက်ရေး အဆင့်မြင့်ဖို့ ဆိုတာတွေကို တစ်ပြိုင်နက်တည်း
လုပ်မှရမယ်။

*    အဲ့ဒီလို ပြင်ဆင်တဲ့နေရာမှာ ၁၉၉၀ ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ခရီးသွား
ဥပဒေကို ပြန်လည်ပြင်ဆင်
ရေးဆွဲပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့
ရှိသလား။

၁၉၉၀ မှာ ချမှတ်လိုက်တဲ့ ခရီးသွား ဥပဒေကို ၁၉၉၃ မှာ ထပ်မံပြင်ဆင် ခဲ့တယ်။ အဲဒီကတည်း
က ချမှတ်ထား တဲ့ ဥပဒေဆိုတော့ အတော်ဟောင်းနေ ပါပြီ။ ဒီဘက်ခေတ်နဲ့လည်း မလျော်ညီ
တော့တဲ့အတွက် ဥပဒေကို ပြန်လည်ပြင် ဆင်နေပါတယ်။ အခုဆို တာဝန်သိခရီး သွားလုပ်ငန်း
ပေါ်လစီကို ချမှတ်ပြီးတဲ့အပြင် အဲဒီနောက်ဆက်တွဲအနေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ နိုင်ငံတွင်း
လှည့်လည်တဲ့နေရာမှာ အခက်အခဲမရှိ အောင် သတိထားသင့်တာတွေအတွက် Dos and
Dont's အသိပညာပေး စာစောင်ကို နိုင်ငံတကာက ပညာရှင် တွေနဲ့ ထုတ်ဝေခဲ့ပါတယ်။
နောက်ပြီး ခရီးသွားလုပ်ငန်းအပြင် တစ်နိုင်ငံလုံးကို အထောက်အပံ့ပေးမယ့် ပင်မစီမံကိန်း
Tourism Master Plan ကို ရေးဆွဲနေတယ်။ ဒီအလေ့အကျင့်လေးတွေရလာတဲ့အခါမှာ လက်ရှိ
ရှိနေတဲ့ ဟိုတယ်နဲ့ ခရီးသွားဥပဒေကို ဒီထက်ပိုပြီး ကျယ် ကျယ်ပြန့်ပြန့်သွားချင်တယ်။

* အဲ့ဒီဥပဒေမှာ ဘယ်လိုအချက်တွေ အဓိကထား ထည့်သွင်းပြင်ဆင် ရေးဆွဲသွား
မလဲ။ ပြင်ဆင်ရေးဆွဲ ချိန် ဘယ်လောက်ကြာမလဲ။

အရင်ဥပဒေမှာ လုပ်ငန်းလုပ်ဖို့ အတွက်ပဲပါတယ်။ အခုကျတော့ ခရီး သွားလုပ်ငန်းရဲ့ ဘေးထွက်
ဆိုးကျိုး တွေကိုလည်း လေ့လာပြီး ဘယ်လို ကြိုတင်ကာကွယ်သင့်သလဲ စတဲ့ အချက်တွေကို
ထည့်သွင်းရေးဆွဲသွား မယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေး မှုတွေကို မထိခိုက်စေအောင်
ဘယ်လို ဂရုစိုက်ရမလဲစတာတွေပေါ့။ ယဉ်ကျေး မှုထိန်းသိမ်းဖို့အတွက် သူ့မှာ ဥပဒေသီးခြားရှိ
တယ်။ ဒါကို အခြေခံပြီး ဒီ ဥပဒေနဲ့ဆက်စပ်ပြီး လိုအပ်တာတွေ ထည့်သွင်းရမယ်။

တချို့အချက်တွေက လုံးဝကို ပြင်ဆင်သွားရမှာတွေရှိတယ်။ ဥပမာ ရှိပြီးသားပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဥပဒေမှာ ခရီးသွား လုပ် ငန်းနဲ့ ဆက်စပ်တဲ့ အချက်အလက် တွေကို ဒီဟိုတယ်
ခရီးသွားဥပဒေမှာ ထည့်သွင်းသွားရမယ်။ နောက်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာရှိနေတဲ့ ဥပဒေ
ကိုလည်း သုံးသပ်ပြီးဒီမှာ ဘာလိုလဲ.. ကိုက်ညီနိုင်မယ့်ဟာတွေ ထည့်သွင်း ရဦးမယ်။ အဲဒါ
အပြင် ဥပဒေနဲ့တွဲပြီး နည်းဥပဒေကိုလည်း ပေါ်လာအောင် လုပ်ရမယ်။ ဒါတွေကို တစ်နှစ်
အတွင်း လောက် အပြီးလုပ်နိုင်အောင်ကြိုးစား လုပ်သွားမယ်။

*    အခုဆို ခရီးသည်ဝင်ရောက်မှုနှုန်းက ဘယ်လောက်လဲဆိုတာသိပေမယ့် ဒီဘက်
ကထွက်သွားတဲ့ ခရီးသည် စာရင်းတွေမရှိဘူး။ အဲဒါကို ကောက်
ခံသွားဖို့ရှိလား။
နောက်ပြီး အဲဒီ
outbound ခရီးစဉ်တွေကို ခရီးသွား လုပ်ငန်းတွေအတွက် တရားဝင်
လုပ်ကိုင်ခွင့်ပြုသွားမလား။
အရင်တုန်းက အဲဒီ outbound ခရီး သွားလုပ်ငန်းကို နည်းနည်းစဉ်းစားနေရတယ်။ ဘာကြောင့်
လဲဆိုတော့ နိုင်ငံခြားငွေမှာ deficit တွရှိတယ်။ ခရီးသွားလုပ်ငန်းမှာလည်း deficit ရှိတာပဲ။
Balance of trade တို့ ပြောသလို Balance of tourism ဆိုတာလည်း ရှိတာပဲ။ deficit တွေ
များနေသလား၊ surplus တွေ များနေသလား ဆိုတာတွေကို တိုင်းတာရတယ်။ တကယ်ဆို
တခြားနိုင်ငံတွေမှာ  ခရီးသည် အဝင်အထွက်စာရင်းကို အမြဲတိုင်းတာကြည့်နေတယ်။ အဲဒီလို
လုပ်ကြည့်လိုက်ရင် tourism deficit ဆိုတာပေါ်လာတယ်။

အဲဒါတွေအပြင် တိုင်းပြည်ရဲ့ စီးပွားရေးကောင်းလာတာ နဲ့အမျှ ပြည်တွင်းခရီးသွား (domestic
tourism) တွေရဲ့ အရေအတွက်က လည်း အရမ်းများလာမယ်။ အခုလည်း ကျွန်တော်တို့
တိုင်းပြည်က outbound ခရီးသွားတွေ တကယ်လည်းသွားနေကြ တယ်။ ဒီလုပ်ငန်းကို
ကျွန်တော်တို့ ခိုင်ခိုင်မာမာလေးဖြစ်လာအောင် လုပ်သွားမယ်။ ဒီအတွက် ကျွန်တော်တို့မှာ
ဈေးကွက် သုတေသနပြုဖို့လိုပါတယ်။

ဒါမှ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရဲ့  deficit ကို သိလာမှာပါ။ ကျွန်တော်တို့ အခုလည်း ဗုဒ္ဓ
ဂယာဘုရားဖူးအတွက် တောင်းဆိုထားပါတယ်။ လုပ်ဖြစ်မယ်ဆို ရင် ကျွန်တော်တို့ဘက်က
legislation (ဥပဒေ)တွေပြင်ဆင်ရပါဦးမယ်။

*    အဲဒီလို ပြင်ဆင်တဲ့နေရာမှာ ခရီး သွားလုပ်ငန်းတွေက ခရီးသည် တွေအတွက်
အသက်အာမခံကြေး လည်း ထည့်သွင်းစဉ်းစားဖို့လိုအပ် တယ်ထင်တယ်။ အဲဒီ
အတွက် ဘယ်လိုစဉ်းစားထားပါလဲ။

အာမခံလုပ်ငန်းနဲ့လည်းဆိုင်ပါတယ်။ နောက်ပြီး အဲဒီခရီးသည်တွေကို အပြည့် အဝတာဝန်ယူ
ပေးနိုင်မယ့် ခရီးသွားလုပ် ငန်းမျိုးကို ရွေးချယ်ပြီး ချပေးဖို့လုပ်ရမယ်။ ဒါကို သပ်သပ်ရပ်ရပ်နဲ့
ပိုင်ပိုင်နိုင် နိုင်လုပ်သွားနိုင်မယ့် လုပ်ငန်းတွေပေါ် လာရင် အာမခံကိစ္စက အဆင်ပြေသွား မှာပါ။

*    အရင်ဝန်ကြီးတုန်းက ချမှတ်ခဲ့တဲ့  ဟိုတယ်အခန်းခအခြေခံ ဒေါ်လာ ၁၅၀
စည်းမျဉ်းက အခုအချိန်အထိ အကျုံးဝင်သေးသလား။ အဲဒီ စည်းကမ်း မလိုက်နာတဲ့
ဟိုတယ် တွေလည်းရှိတဲ့အတွက် ဘယ်လို ကိုင်တွယ်သွားမလဲ။

ရောင်းလိုအားက ၀ယ်လိုအားကို မမီတဲ့အခါမှာ ဈေးနှုန်းမြင့်တက်သွား တယ်။ အဲဒီအချိန်မှာ
အရည်အသွေး တွေ၊ ၀န်ဆောင်မှုတွေကို ဦးစားမပေးပဲ  ရချင်တာကို လုပ်နေကြတယ်။ ဟိုတယ်
အခန်းခတွေ ဈေးကြီးတယ်ဆိုတဲ့ ပြဿနာက ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ် လုပ်ငန်းအချင်းချင်း
စဖြစ်ကြတယ်။ နိုင်ငံခြားပိုင်ဟိုတယ်ရဲ့ အရင်တုန်းက ဟိုတယ်ဈေးနှုန်းတွေက ပြည်တွင်းဟိုတယ်
ဈေးနှုန်းတွေနဲ့ မတိမ်းမယိမ်းတွေ။

အခုတော့ဈေးကွက်အရ ဈေးနှုန်းတင်လာကြတယ်။ သူ့ရဲ့ပြောင်းလဲမှုကလည်း ရုတ်ခြည်းတက်
သွားတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ အခက်တွေ့တယ်။ စာချုပ်တွေမပေးတော့ဘူး။ စတာ
တွေဖြစ်လာတယ်။ ဒါကို ဘယ်သူမှမထိန်းနိုင်ကြဘူး။ ဒါကြောင့် နောက်ဆုံး ၀န်ကြီးဌာနက
၀င်ပြီး အမျိုးမျိုးညှိနှိုင်း ပေးရတော့တာပါ။

အခုလည်း နိုင်ငံခြား ဟိုတယ်တွေကို အမျိုးမျိုးခေါ်ပြော ဆွေးနွေးနေရတုန်းပဲ။ ဒီကနေ့ဖြစ်နေတဲ့
အဓိကဟာက ပြည်တွင်းဟိုတယ်တွေက ထင်သလောက် လိုက်မလာတာပဲ။ ဒါပေမဲ့အခု
နောက်ဖွင့်မယ့် ပြည်တွင်း ပိုင်ဟိုတယ်တွေက အဆင့်မြင့်မြင့်ဖြစ် လာပြီ။ ဒါလေးတွေကိုတော့
အချိန်ယူ စောင့်ရတာပေါ့။

ဒီပြောင်းလဲမှုတွေက လည်း ဖြစ်တတ်တဲ့အရာတွေပဲ။ တစ်နှစ် နှစ်နှစ်လောက်တော့ ခံစားကြ
ရမှာပဲ။ ဒါ ကို ၀န်ကြီးဌာနကလည်း ထိန်းပေးရင်း တစ်ဖက်ကလည်း ဖွံ့ဖြိုးအောင်လုပ်ရင်း
သွားရမှာပါပဲ။ တစ်ခုတော့ရှိတယ်၊ ဟိုတယ်မှာရှိသင့်တဲ့ majority ကိုတော့ ဒေါ်လာ ၁၅၀
အဖြစ် သတ်မှတ်ထား တယ်။ ပြောချင်တာတစ်ခုပဲ 'ရွှေဥ ဥတဲ့ ငန်းကို လောဘကြောင့် မသတ်
မိဖို့ပဲ'။

*    လာမယ့် နှစ်တွေရဲ့ ခရီးသွားလုပ်ငန်းအတွက် ဘာတွေပြင်ဆင်လုပ်ဆောင်သွား
မလဲ။ ဘယ်လိုသုံးသပ်လဲ။

ကိုယ်က တကယ့်ကို proper management ရှိဖို့နဲ့ သင့်တင့်တဲ့ ပေါ်လစီရှိနေဖို့ ဆက်လုပ်
သွားရမယ်။ ခိုင်မာတဲ့မူဝါဒတွေနဲ့ တိကျတဲ့ သုတေသန စီမံခန့်ခွဲမှုတွေ လုပ်မယ်ဆိုရင်
ဒီဒေသက သန်းပေါင်းမြောက်မြားစွာ ခရီးသည်တွေ လက်ခံနိုင်မှာပါ။ ဒီထက်ခရီးသည်တွေ
များလာရင် တခြားနေရာတွေကို ဖြန့်ကြက်ဖို့လုပ်ရဦးမယ်။

အဲဒါတွေအတွက် ဦးဆောင်ကော်မတီ လိုအပ်ပါတယ်။ ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးဖို့၊
လျင်လျင်မြန်မြန်ဖြစ်ဖို့အတွက် ၀န်ကြီးဌာနတွေ အကုန်စုထားတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေ
ကပါ ပါ၀င်တဲ့ ကော်မတီတစ်ခုလိုတယ်။ ဒီလူတွေတွေ့ပြီး မူဝါဒတွေ ချပေးမယ်၊ လမ်းညွှန်မှု
တွေ၊ တိုးတက်မှုတွေကို အမြဲ လေ့လာသုံးသပ်နေမယ်ဆိုရင် တိုင်းပြည်အနေနဲ့ ပိုတိုးတက်ပြီး
ခရီးသွားလုပ်ငန်းအတွက် ပိုကောင်းလာမယ်။ ဒါကို ကျွန်တော်တို့ စဉ်းစား လုပ်ဆောင်
သွားသင့်တယ်။

*    အဲဒီလိုအဖွဲ့မျိုး အရင်တုန်းက ဖွဲ့ဖူးတယ်လို့ သိထားပါတယ်။ အခု ၀န်ကြီး
လက်ထက်မှာ ပြန်လည် ဖွဲ့စည်းသွားမှာပေါ့။

ဟုတ်ပါတယ်။ အရင်က၊ ၁၉၉၆ ခုနှစ် မတိုင်ခင်က ဖွဲ့စည်းဖူးသေးတယ်။ အဲဒီတုန်းကတော့
၀န်ကြီးဌာနတွေနဲ့ မြို့တော်ဝန်တွေပါတယ်။ အဲဒါလေးသာ အခုအချိန်အထိ ပီပီပြင်ပြင်လုပ်
သွားရင်  အရမ်းကောင်းတဲ့ စီမံမှုတွေဖြစ်လာမှာ။ အခုလတ်တလောမှာ နိုင်ငံခြားသား သွား
လာမှု လွယ်ကူချောမွေ့ရေးကော်မတီဆိုပြီး ၀န်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်း ကိုယ်စားလှယ်
တွေ ပူးပေါင်းဖွဲ့ထားတာရှိတယ်။ ဒါဒီအဖွဲ့ကို ဒီထက် ပိုပီပြင်လာအောင် higher level တွေ
ကပါ ပါ၀င်လာရင် ပိုကောင်းမယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး