ကေအိုင်အေအား ငြိမ်းချမ်းရေးအတွက် သမ္မတ ထပ်မံကမ်းလှမ်း

ကေအိုင်အေအား ငြိမ်းချမ်းရေးအတွက် သမ္မတ ထပ်မံကမ်းလှမ်း

၁၇ နှစ် ကြာ ငြိမ်းချမ်းရေးယူပြီးနောက် ၂၀၁၁ ခုနှစ်၊ ဇွန်လမှစ၍ မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲ
များပြန်လည် ဖြစ်ပွားနေသည့် အေအိုင်အေအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က ယခုလ ၁၉ ရက်မှစတင်ခါ နေပြည်တော်၌ နှစ်ရက်တာ ကျင်းပခဲ့သည့် ပထမ
အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ပထမနေ့ဖွင့်ပွဲ အခမ်းအနား
တွင် ပြောကြားလိုက်သည်။

"ကေအိုင်အိုကိုလည်း  ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်းထားပြီး အခုလည်း
ဒီနေရာကနေ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်" ဟု သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြား
ခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့်မိမိ ကိုယ်မိမိ ခုခံကာကွယ်
ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန်ဆိုသည့် အချက်ကို တိကျစွာလိုက်နာသွားမည်
ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြုပြောကြား သည်ဟု ယခုလ
၁၈ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်
တွင် ဖော်ပြထားသည်။

ကေအိုင်အို၊ ကေအိုင်အေနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်မည် ဖြစ်ပြီး နောင်တွေ့ဆုံ
ဆွေးနွေးမှုများတွင် ကေအိုင်အို၊ ကေအိုင်အေအဖွဲ့မှ တပ်ပိုင်းဆိုင်ရာများကို အဆုံးအဖြတ်ပေးနိုင်
သည့် ပုဂ္ဂိုလ်များက တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရန် လိုအပ်သည်ဟု ဆက်လက်
ဖော်ပြထားသည်။

တပ်မတော်က အကန့်အသတ်ဖြင့် ဆောင်ရွက်နေသည့် စစ်ရေးကိစ္စ ဆောင်ရွက်မှုများ ရပ်ဆိုင်း
ရန် အမိန့်ပေးထားပြီးဖြစ်ပြီး တစ်ဖက်မှလည်း အလားတူရပ်ဆိုင်းပေးသွားရန် လိုအပ်ကြောင်း
သမ္မတဦးသိန်းစိန်က တိုက် တွန်းခဲ့သည်။ "မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့
ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အတွက် လူမျိုးစုလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်း
ရေးတည် ဆောက်ရေးလုပ်ငန်းသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး ၎င်း၏
အစိုးရလက်ထက်တွင် တိုင်းပြည်တည် ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရန်၊ သာမန်မခိုင်မြဲသည့် ငြိမ်းချမ်းရေးအဆင့်မှ ရေရှည်တည်တံ့ခိုင်မြဲ
သည့် ထာဝရငြိမ်းချမ်းရေးရရန် ကြိုးစားရမည်ဟု ကတိပြုခဲ့သည်။

"ရွှေ့ပြောင်းနေထိုင်ခဲ့ရသူတွေ၊ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့တွေရဲ့ လူမှု - စီးပွား အခြေအနေများ
တိုးတက်ကောင်းမွန် စေရေး၊ အဆိုပါဒေသများမှာ စီးပွားရေးအခွင့်အလမ်းနဲ့ အလုပ်အကိုင်
ဖန်တီးရေး တို့အတွက် အလွန်အရေးပါလျက်ရှိပါ တယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးဖွံ့ဖြိုးမှု ဗဟိုဌာန ထူထောင်ပြီးဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်း
များမှာ ပါ၀င် လှူဒါန်းထားသည့် အလှူရှင်နိုင်ငံများ ကိုလည်း ကျေးဇူးအထူးတင်ရှိသည်ဟု
သမ္မတက ပြောသည်။

"အလျဉ်းသင့်လို့ အေအိုင်အိုအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စ ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး
ရရှိသည်အထိ ကျွန်တော့်အနေနဲ့ ဆက်လက်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အေအိုင်အိုက
လွဲပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး  နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စရပ်
တွေကို ယခု ၂၀၁၃ နှစ်ဦးပိုင်းမှာ စပြီးဆောင်ရွက်ဖို့ ပြင်ဆင်ပြီးဖြစ်ပါတယ်" ဟု ၎င်းက
ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့၊ မန်ဝိန်းကြီးရှိ စစ်ရှောင်ဒုက္ခသည်စခန်း၌ ယခုလ ၂၀ ရက်နေ့က
ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုတွင် ဒေါ်အောင်ဆန်း စုကြည်က ကချင်ရှိ ဒုက္ခသည်
အမျိုးသမီး များနှင့် ကလေးများထံ ပထမဦးဆုံး အားပေးစကားကို ပေးပို့ခဲ့သည်။

အသံသွင်းပေးပို့သည့် အဆိုပါ အမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးများကို
စိတ်အားမငယ်ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲတွင် အမျိုးသမီးများ ပိုမိုပါ၀င်လာရန် အားပေးစကား
ပြောကြားခဲ့သည်။

"စစ်ပွဲများရဲ့ အနိဋ္ဌာရုံကို အဓိကခံစား ရတာကတော့ အမျိုးသမီးများနဲ့ ကလေး တွေဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဆိုလို့ရှိရင် အမျိုးသမီး များပိုမို ပါ၀င်လာဖို့လိုပါတယ်"
၎င်းက ပြောကြားသည်။

"တကယ်လက်တွေ့ကျကျ ကြည့်မယ် ဆိုလို့ရှိရင် ကျွန်မတို့မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ
မှာ အမျိုးသမီးတွေ ပါ၀င်မှုက အင်မတန်မှနည်းပါတယ်။ ဒီလိုပါ၀င်နိုင်မယ့် အခွင့်အရေးတွေ
ကလည်း နည်းပါတယ်။ အဲဒီလိုအခွင့်အရေးနည်းတာကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတာ အားလုံး
၀ုိင်းပြီးစဉ်းစားရပါမယ်။ အမျိုးသမီးများ အနေနဲ့ စုစည်းမှုဟာ အင်အားဖြစ်တယ် ဆိုတာ သိဖို့
လိုပါတယ်။

"အမျိုးသမီးအချင်းချင်း ညှိနှိုင်းပြီးတော့၊ တိုင်ပင်ပြီးတော့၊ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးလမ်း
ပေါ် ဘယ်လိုလျှောက် နိုင်မလဲ။ ငြိမ်းချမ်းရေးဘက်ကို ဘယ်လို ဦးတည်နိုင်မလဲဆိုတာကို
အဖြေရှာကြ ရမှာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် နောင်ကြီးလာမည့် ကလေးများ ငြိမ်းချမ်းရေးကို တန်ဖိုးထားချစ်မြတ်နိုးတတ်အောင်
သင်ကြားပေးရန်မှာ မိခင်များ၏တာဝန်ပင်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

"ချက်ချင်းလက်ငင်းမှာတော့ အမျိုးသမီးများ စုစည်းပြီးတော့ ကိုယ်တတ်နိုင်သမျှ ခံနိုင်ရည်ရှိ
အောင် ဒီပြဿနာတွေကို အတူတူ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကျော်လွှားနိုင်အောင်လို့ ကြိုးစားကြပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုဆွေးနွေးပွဲကို ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် အမျိုးသမီး၅၀၀ ကျော် တက်ရောက်ကြပြီး
၎င်းတို့၏ ရင်တွင်းခံစားချက်များကို စာဖြင့် ပြောကြားခဲ့ကြသည်။ ဒုက္ခသည်အမျိုးသမီးများ
ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးအတွက် ကူညီပေးရန် တောင်းဆိုခဲ့ကြသည်။

ဒုက္ခသည် အမျိုးသမီး ဒေါ်ဒါရှီကိုင်က " ကျွန်မတို့တောင်ပေါ်သားတွေ အရမ်းခက်ခဲနေပါပြီ။
အခုလိုမျိုး ကလေးနဲ့ မိအိုဖအိုတွေနဲ့ တအားခက်ခဲနေရတဲ့အကြောင်းတွေကြောင့်
ဒေါ်အောင်ဆန်းစုကြည် က နှစ်ဖက်စလုံးကို ရပ်ခိုင်းပြီး ကျွန်မတို့အိမ်ကို အမြန်ဆုံးပြန်ချင်ပါ
တယ်"ဟု ပြောပါသည်။

ဒုက္ခသည် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်နန်တောင်ကလည်း "ဒုက္ခသည်အမျိုးသမီးတွေ
ငြိမ်းချမ်ရေးမှာ အမျိုးသမီးတွေ ပါ၀င်ရမယ်လို့ ဆိုတဲ့ အားပေးစကားကြားလို့ ၀မ်းသာတယ်။
ကျွန်မတို့ ကချင်လူမျိုးတွေကို ပစ်ထားဘဲနဲ့ ငြိမ်းချမ်းရေးအတွက် ကူညီပေးပါလို့ အကူအညီ
တောင်းချင်ပါတယ်" ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး