မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် နှစ်ပေါင်း ၆၀ ကျော်ကြာပြည်တွင်းစစ်
အဆုံးသတ်ရေးနှင့် ပတ်သက်၍ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်၊ နှစ်ဦးနှစ်ဖက်ယုံကြည်မှု
ရရှိမည့်ခိုင်မာသော အခြေခံမူများ ချမှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်း
ကြောင်းအဆိုကို အမျိုးသား လွှတ်တော်က ယခုလ ၁၈ ရက်က ဆုံးဖြတ်ခဲ့သည်။
အဆိုကို ကချင်ပြည်နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မှ ဦးခက်ထိန်နန်က တင်သွင်းခဲ့ပြီး အမျိုးသား
လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အဆင့် အမိအဖများ၊
ပြည်ထောင်စုလွှတ်တော်မှ အားကိုး အားထားထိုက်သူများ၊ လူထုမှ တိုင်းရင်းသား
ခေါင်းဆောင်ကြီးများ ပါ၀င်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ သို့မဟုတ် စေ့စပ်ညှိနှိုင်း
ဆောင်ရွက်ပေးရေးအဖွဲ့ကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းဆို
သည့် အရေးကြီးသည့်အချက်၊ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က ပါ၀င်လက်တွဲကူညီ
ဆောင်ရွက်ရန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့်
ကေအိုင်အေ နှစ်ဖက်တပ်များ အပစ်ရပ်ရန်နှင့် လွှတ်တော်က စစ်ရှောင်ဒုက္ခသည်များအား
အတတ်နိုင်ဆုံးကူညီရန် အဆိုရှင်က တိုက်တွန်းခဲ့သည်။
"ကနေ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်မြောက်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော်
ဟာလည်း စိုးရိမ် ထိတ်လန့် အားငယ်ပြီး ဒုက္ခရောက်နေ ကြပါတယ်"ဟု တိုင်းရင်းသားရေးရာ
ကော်မတီ၊ အတွင်းရေးမှူးလည်းဖြစ်သူ ဦးခက်ထိန်နန်က ပြောသည်။
ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်မှုကော်မတီနှင့်
အမျိုးသားလွှတ် တော်ကော်မတီများ ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုသို့ ပ ဉ္စမ
လွှတ်တော်အပြီး ကွင်းဆင်းလေ့လာစဉ် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးဆောင်ရွက်ပေးရန်
နှင့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးရန် ပြည်သူများ က တောင်းဆိုကြသည်ဟု ၎င်းက
ပြောသည်။
"ကျွန်တော်တို့ လွှတ်တော်နားတိုင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို သွားရောက်အားပေး
လေ့ရှိပါတယ်" ဟု ၎င်းက ပြောသည်။ ကချင်ပြည်နယ်ရှိ တိုက်ပွဲများအမြန်ရပ်ပြီး ထာဝရ
ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန် တောင်းဆိုလာပြီဖြစ်သည့်အတွက် ပြည်သူ့အသံ
လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က
ဖော်ဆောင်ရွက်ဆိုသည့် ဆောင်ပုဒ်ကို ကချင်စစ်ပွဲများက စိန်ခေါ်လာနေသည်ဟု ၎င်းက
ပြောသည်။
ကိုယ်စားလှယ်များသည်လည်း ပြည်သူများထဲမှ ပြည်သူများဖြစ်သည့်အတွက် ပြည်သူများ
၏ခံစားချက်နှင့် တစ်သားတည်း ဖြစ်နေပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲများအမြန်ရပ်ရန်နှင့်
ထာဝရငြိမ်းချမ်းရေး ရရှိရန် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆန္ဒရှိမည်ဟု ယုံကြည်
ကြောင်း ၎င်းက ပြောသည်။
၁၉၈၉-၁၉၉၀ တွင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၏ ကြိုးစားမှုကြောင့် ၁၉၉၄ ခုနှစ်
တွင် တပ်မတော်အစိုးရနှင့် ကေအိုင်အေ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သည်။ ၁၇ နှစ်လုံး
တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းရေးသည် ၂၀၁၁ ခုနှစ်၌ပျက်ခဲ့သည်ဟု ၎င်းကပြောသည်။
"၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်မှာ နိုင်ငံတော်အစိုးရက ဒီမိုကရေစီအကူး အပြောင်းများနဲ့ နေ့နေ့
ညည အလုပ်များ လုံးပန်းနေချိန်၊ ကေအိုင်အေ ဘက်ကလည်း ဒီမိုကရေစီအစိုးရပေါ်ပေါက်
လာပြီဖြစ်လို့ နိုင်ငံရေးအရ ဖိတ်ခေါ် မလားစောင့်မျှော်နေချိန်မှာ မရည်ရွယ်ဘဲနဲ့ မိုးမောက်
မြို့နယ်၊ ဆန်ဂန်အနီး တစ်ဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ နှစ်ဖက်တပ်များ အောက်ခြေမှာ
တိုက်ပွဲတွေ စဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ထို့ပြင် ပဋိပက္ခဖြစ်နေကြသည့် အစိုးရနှင့် ကေအိုင်အေကြားတွင် ယုံကြည်စိတ်ချအားကိုးရမည့်
စေ့စပ်ညှိနှိုင်းပေးမည့်သူမရှိဘဲ ထိပ်တိုက်ရင်ဆိုင်နေရသည့် ပဋိပက္ခများကြောင့် ပိုမိုဆိုးရွားလာ
သည်ဟု ၎င်းက ပြောသည်။















