ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများကို ရည်ညွှန်း၍ မြန်မာလူငယ် ၁၀
ဦးအမာခံသော အဖွဲ့သည် ရန်ကုန်မြို့မြို့တော်ခန်းမရှေ့မှ ကချင်ပြည်နယ် လိုင်ဇာမြို့ထိ တစ်လခွဲ
ခန့်ကြာမြင့်မည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ခြေလျင်ခရီးစဉ်ကို ယခုလ ၂၁ ရက်တွင် စတင်
ထွက်ခွာလာပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင် ကိုရန်နိုင်ထွန်းက မြန်မာတိုင်း(မ်) ကို
ပြောသည်။
"ကျွန်တော်တို့ ငြိမ်းချမ်းရေးကို လိုလားတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးထွန်း ကားစေချင်လို့
အခုလို ခြေလျင်ခရီးစဉ်ကို စီစဉ်ခဲ့တာပါ။ အချိန်တစ်လခွဲလောက်ကြာမယ်လို့ မှန်းပေမယ့်
လက်တွေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောနိုင်သေးဘူး" ဟု ၎င်းက ပြောသည်။
ကိုရန်နိုင်ထွန်းသည် အင်န်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်သော်လည်း ခရီးစဉ် သည် ပါတီအနေ
ဖြင့် ပြုလုပ်ခြင်းမဟုတ် ကြောင်း၊ အမာခံလူငယ် ၁၀ ဦးမှာလည်း မည်သည့် နိုင်ငံရေးအဖွဲ့
အစည်းကိုမှ ကိုယ်စားမပြုကြောင်း ပြောသည်။
" ဒါက ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ လမ်းလျှောက်ခရီးစဉ် သက်သက်ပါ။ ကြွေးကြော်သံ
တို့၊ အလံထောင်တာတို့လုပ်မှာ မဟုတ်ပါဘူး ။ စုစုပေါင်းတော့ အယောက် ၃၀ နီးပါးလောက်
ပါမှာပါ။ အမာခံကတော့ လူငယ် ၁၀ ယောက်ပါ ပဲ" ဟု ပြောသည်။
ထိုခရီးစဉ်အတွက် သမ္မတရုံး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ တရားဥပဒေ
စိုးမိုးရေးနှင့် ပြည်နယ် ငြိမ်းချမ်းရေးကော်မတီ၊ လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီနှင့်
ရဲ ဌာနချုပ်နှင့် ပြည်ထဲရေးတို့ကို စာတင် ထားပြီးဖြစ်ကြောင်း ကိုရန်နိုင်ထွန်းက ပြောသည်။
"တစ်နေ့ကို နားချိန်အပါအဝင် ၁၄ နာရီလောက် လမ်းလျှောက်သွားမယ်။ ဘယ်မှာနားမလဲ
ဆိုတာက ကျွန်တော် တို့အတွက် အဓိကအခက်အခဲပါပဲ။ ဖြတ်သန်းသွားလာရာ အရပ်မှာ
တော့ ပြည်သူက စားဖို့၊ နားဖို့ စီစဉ်ပေးထားတာမျိုးတော့ ရှိပါတယ်။ သေချာတာကတော့
ဖြစ်သလိုပဲ နေသွားမှာပါ" ဟု ၎င်းကပြောသည်။
အဆိုပါအဖွဲ့သည် ယခုလ ၂၁ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ရင်ပြင်တွင် အောင်မြေနင်းပြီး
ဆုတောင်းအဓိဋ္ဌာန်ပြုကာ တောင်ဘက်စောင်းတန်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်တွင်
ဒဂုန်တာရာ၏ ကဗျာကိုရွတ်ဖတ်က ယခုလ ၂၂ ရက် နံနက် ရ နာရီခွဲခန့်မှ စတင်ထွက်ခွာ
ခဲ့ခြင်းဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရဲ
တပ်ဖွဲ့များက စုံစမ်းမေးမြန်းမှုများရှိခဲ့ပြီး ပဲခူးမြို့အဝင်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ က
အလံများကိုင်၍မလျှောက်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မှ လိုင်ဇာသို့ စုစုပေါင်း မိုင် ၈၀၀ ကျော်ခန့် ကွာဝေးပြီး အဆိုပါ ခရီးစဉ်တွင် ဘုန်းတော်
ကြီးအချို့နှင့် နိုင်ငံရေး အကျဉ်သားဟောင်းအချို့လည်း ပါ၀င်မည်ဖြစ်သည်။ ကချင်ပြည်နယ်၊
လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးအလံ စိုက်ထူရန်သွားရောက်မည့်သူများကို ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့စခန်းများမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ
ဥပဒေအရ ဇန်နဝါရီလ ၂၁ ရက်နေ့က အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ စီတန်းလှည့်လည်ခြင်းမှာ ဥပဒေနှင့်မညီကြောင်း ပြောဆို
တားဆီးသော်လည်း အဆိုပါ အဖွဲ့မှ ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးသဝဏ်လွှာကို ဖတ်ကြား
ခြင်း၊ ငြိမ်းချမ်းရေးလိုလားသူများ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာတွင် လိုက်နာရမည့်
အချက်များကို ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ကျောက်တံတားမြို့နယ် ရဲစခန်းက (ပ) ၂၈/၁၁ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း
ဆိုင်ရာဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူထားသည်။















