ကျောက်မဲမြို့နယ်၌ ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့်
ဒေသခံပြည်သူများအကြား ညှဉ်းပန်းမှုများ၊ အကြောက်တရားများ ကင်းရှင်းမှသာ တိုင်းရင်းသား
အချင်းချင်း ချစ်ခင်စည်းလုံးရေး၊ နယ်မြေ ငြိမ်းချမ်းမှုများ ထွန်းကားနိုင်စေရေးအတွက် ရှမ်းပြည်
နယ််လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းကျော်က ယခုလ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်)
ကိုပြောကြားခဲ့သည်။
"ဒေသခံ ကျိန်ကိုင်ရွာသားတွေကို နယ်မြေခံစစ်တပ်က ရိုက်နှက်ညှဉ်းပန်း ပြီး ဖမ်းဆီးခေါ်ဆောင်
သွားတာတွေ ပြီးခဲ့တဲ့အပတ်မှာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ် တစ်ဦးနဲ့ သက်ဆိုင်ရာဌာနတွေအားလုံး ကို ဖုန်းဆက်ပြီး ပြန်လွှတ်ပေးဖို့ တောင်း
ဆိုပါတယ်။ ရွာသူကြီးနဲ့ အတွင်းရေးမှူး အပါအဝင် ရွာသားရှစ်ယောက်ကို ဖမ်း ခေါ်သွားပြီး
နောက်တစ်နေ့မှာ ပြန်လွှတ်ပေးတယ်။ ဒဏ်ရာပြင်းတဲ့ ရွာသားတွေကို အရေးယူဖို့ ကျောက်မဲ
မြို့မရဲစခန်းမှာ ပုဒ်မ ၃၂၅ နဲ့ အမှုဖွင့်ထားပါတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ဖြေကြား
ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့နယ်၊ ဟူးဆွန် ကျေးရွာအုပ်စု၊ ကျိန်ကိုင်ရွာ၌ ဖြစ်ပွား ခဲ့သော သေနတ်ပစ်ခတ်မှု
ကြောင့် တပ်မတော်သားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် အခြားမလိုလားအပ်သော နောက်
ဆက်တွဲ ဆိုးကျိုးများကို ရည်ညွှန်းလျက် ၎င်းက ပြောဆိုခြင်းဖြစ်သည်။
"ကျိန်ကိုင်ရွာသား ဦးဝိယျက ညနေ ၆ နာရီခွဲမှာ တောင်ယာကနေ ရွာကို ပြန်လာတယ်။
မိုင်းငေါ်နယ်မြေခံ တပ်ရင်းကို ပြန်မဲ့စစ်ကြောင်းက ရွာထဲကနေ ထွက်လာတယ်။ အဲဒီမှာ
ဦးဝိယျက အမှောင်ထဲမှာ မည်း မည်းတွေပဲတွေ့တော့ ရွာစပ်က လယ်ခင်းထဲကို အရင်လို
ပဲ နွားတွေဝင်လာသလားထင်ပြီး လက်နှိပ်မီးနဲ့ လှမ်းထိုးကြည့်တယ်။စစ်ကြောင်းက သူ့ကို
လှမ်းပစ်တယ်။ အင်္ကျီမှာနှစ်ချက်၊ ဘောင်းဘီမှာတစ်ချက် ကျည်ဆန်ဖောက်သွားတယ်၊ လူကို
တော့ မမှန်ဘူ။ သူလည်းကြောက်လန့်ပြီး ထွက်ပြေးသွားတယ်၊ စစ်ကြောင်းက ဆက်ပစ်တော့
၊အချင်းချင်းပစ်မိပြီး တပ်သားတစ်ဦး သေနတ်မှန်တယ်။ အဲဒီတပ်သားကို ရွာထဲပြန်ခေါ်သွားပြီး
၁၅ မိနစ်လောက်မှာပဲ ဆုံးသွားတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ သေဆုံးခဲ့သော တပ်သားအတွက် ရွာသားတို့အား အခေါင်းလုပ် ခိုင်းကြောင်း၊
ဘုန်းကြီးပင့်ခိုင်းကြောင်း၊ နောက်တစ်နေ့တွင် ရွာသူကြီးနှင့် အတွင်းရေးမှူးတို့ကို ရိုက်နှက်ပြီး
ခေါ်သွားကြောင်း၊ ကျန်ကိုင်ရွာသား ခြောက်ဦးတို့က စိတ်ပူကြသဖြင့် နောက်မှ ဆိုင်ကယ်ဖြင့်
အဆိုပါစစ်ကြောင်းတပ်စွဲရာ မိုင်းငေါ်မြို့နယ်ခွဲတပ်စခန်းသို့ လိုက်သွားခဲ့ရာ စစ်ကြောင်းမရောက်
ခင် အရင်ရောက်နှင့်ကြကြောင်း၊ တပ်စခန်းက ရွာသားတို့လာရင်းကိစ္စကို မေးသဖြင့်အဖြစ်မှန်
ကို (တပ်အချင်းချင်းပစ်၍ ရွာသားတစ်ဦး သေဆုံးခြင်းကို) ပြောပြရာ ရွာသားတို့အား
ထိုးကြိတ်ရိုက်နှက်ပြီး တစ်ညလုံးစစ်ဆေးကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်း
ဖြစ်၊ မိုင်းငေါ်မြို့နယ် ြှီဏ ပါတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးစိုင်းခမ်းကျော်က ဇန်နဝါရီလ ၁၆ ရက်
နေ့တွင် သိရှိပြီး သက်ဆိုင်ရာ ဌာနများသို့ ဆက်သွယ် တောင်းဆိုသည့်အတွက် ၎င်းနေ့ညနေ
၅ နာရီခွဲတွင် ဖမ်းဆီးခံရွာသားတို့ ကျန်ကိုင်ရွာသို့ ပြန်ရောက်ခဲ့သည်။
"စဖြစ်တဲ့ညနေမှာ သေနတ်ပစ်ခံရလို့ ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့ ဦးဝိယျက တိမ်ရှောင်
နေတယ်။ ကျွန်တော်တို့ SNDP မြို့နယ်ရုံးခွဲကို မိုင်းငေါ်မြို့နယ်မှာ ၂၁ ရက်နေ့က မဖွင့်တော့
ညနေပိုင်းမှာ ကျိန်ကိုင်ရွာကို ကျွန်တော်သွားပြီး ဦးဝိယျကို တွေ့တယ်။ သူအရမ်းကြောက်နေ
တယ်။ အခုတော့ ဆေးရုံတင်ထားရတယ်။ ဒဏ်ရာကတော့ခြေထောက်ကို ကျည်ရှပ်သွားတဲ့
ခြစ်ရာ ပွန်းရာပဲရှိတယ်။
"ဒါပေမဲ့ သူ့နှလုံးခုန်နှုန်းက အရမ်းမြန်နေလို့ ဆရာဝန်ကဆေးရုံတင်ပို့ပြောလို့ တင်ထားရတာ၊
အမှုကိုတော့ ရွာသူကြီးပဲ ကျောက်မဲမြို့မ ရဲစခန်းမှာ ဖွင့်တာပါ၊ ကျွန်တော်ကတော့လွှတ်တော်
ကိုယ်စားလှယ်တစ်ဦး အနေနဲ့ ဒီကိစ္စကို ကာကွယ်ရေး ဦးစီးချုပ်ဆီကို တိုင်စာပို့ထားပါတယ်။
နိုင်ငံတော် သမ္မတကိုရော၊ ပြည်သူ့လွှတ်တော်ကို ရော၊ နယ်စပ်ရေးရာဝန်ကြီးဆီကိုရော၊
ပြည်နယ်စစ်ဆင်ရေးမှူးဆီကိုရော အားလုံးကို မိတ္တူပို့ထားပါတယ်။ စာတွေ့ပိုတာ ဇန်နဝါရီ ၂၁
ရက်နေ့ကပါ။ ဒီနေ့ ထိတော့ ဘယ်ကမှ၊ ဘယ်သူ့ဆီကမှ အကြောင်းမပြန်သေးပါဘူး"ဟုလည်း
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကျော်က ပြောသည်။















