ပဋိပက္ခများစွာ ဖြစ်ပွားပြီးနောက် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းလိုက်သော
လက်ပံတောင်း တောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်းဆုံး
မျှော်လင့်ထားပြီး အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း ဒေသခံများနှင့်
လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင်သူများက တညီ တညွတ်တည်း ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား
စတင်ဆောင်ရွက်ခဲ့သည်။ သို့သော် အဆိုပါစီမံကိန်းနှင့်စပ်လျဉ်း၍ မြေယာသိမ်းဆည်းမှုများ၊
မြေလျော်ကြေး ပြဿနာများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ စီးပွားရေးနှင့်လူမှုရေး
ထိခိုက်မှုများကြောင့် ဒေသခံများ၏ မကျေနပ်မှုများ ကြီးထွားလာပြီး စီမံကိန်းရပ်ဆိုင်း ပေးရေး
အတွက် သပိတ်စခန်းများ ဖွင့်လှစ်ကာ ဆန္ဒပြတောင်းဆိုခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ လက်ပံတောင်းတောင် အရေးကိစ္စများသည် ပြည်ထဲရေးဝန်ကြီးဌာနမှ နို၀င်ဘာလ
၂၉ ရက်နေ့တွင် သပိတ်စခန်းများအား ပြင်းထန်စွာဖြိုခွဲပြီးနောက်ပိုင်းတွင် ပိုမိုပြင်းထန်လာကာ
နိုင်ငံတစ်ဝန်း၌ ဆန္ဒပြမှုများ ထပ်မံပေါ်ပေါ်က်လာခဲ့သည်။
သို့ဖြစ်၍ အငြင်းပွားဖွယ် အဆိုပါ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း အား ဆက်လက်
လုပ်ဆောင်ရန်နှင့် သင့်၊ မသင့်ဆုံးဖြတ်ရန် နိုင်ငံတော်သမ္မတ သည် ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ အဖြစ် ပါ၀င်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင်အဖွဲ့ဝင်
၁၆ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။
"အခု ကျွန်မတို့ အမေစုကို လေးစားလို့ သပိတ်မှောက်၊ ဆန္ဒပြတာတွေကို ရပ်ထားတာပါ။
ကော်မရှင်က ထွက်လာ တဲ့အဖြေဟာ ဘယ်လိုပဲဖြစ်ပါစေ၊ ကျွန်မတို့ အမေစုကို မမုန်းပါဘူး။
စာချုပ်ကို အမေစုချုပ်ခဲ့တာ မဟုတ်ဘူးလေ။အမေစုတစ်ယောက်တည်းလည်း စီမံကိန်းကို
ရပ်တန့်ဖို့ အာဏာမရှိဘူးဆိုတာ ကျွန်မတို့နားလည်ပါတယ်။ ကျွန်မတို့ သဘောကတော့
စီမံကိန်းကို လုံးဝရပ်ဖို့ပဲ။ ဆက်လုပ်သင့်၊ မလုပ်သင့်ဆိုတာ လည်း တစ်ကမ္ဘာလုံးက သိနေ
ပြီးသားပဲ။မရပ်ဘူးဆိုရင်တော့ ကျွန်မတို့ဘက်က ဆက်လုပ်စရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့
အခုတော့ ဖွင့်ပြောလို့မရသေး ဘူး"ဟု ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း က မြန်မာတိုင်း(မ်)ကို
ပြောသည်။
ထို့ပြင် အခြားဒေသခံများကလည်း လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ရေးကိုသာ လိုလား
ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းရန်မူ လုံးဝလက်ခံတော့မည် မဟုတ်ကြောင်း
ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း ဦးဆောင်သော ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုအရ ပေါ်ထွက်
လာမည့်အဖြေသည် လူတိုင်းကျေနပ်မည်မဟုတ်သော်လည်း နိုင်ငံနှင့် ပြည်သူလူထုအတွက်
အကောင်းဆုံးအဖြေတစ်ခုကို အမှန်တရားအပေါ်အခြေခံကာ ရဲရဲဝံ့ဝ့ံ တင်ပြသွားမည်ဖြစ်
ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကော်မရှင်၏ ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ကော်မရှင်၏ ဆုံးဖြတ်ချက်သည်
မျှတမှန်ကန်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဆိုပါက လက်ခံမည်ဖြစ်ပြီး
စီမံကိန်း ရပ်ဆိုင်းလိုက်မည်ဆိုပါက အနာဂတ် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို
ထိခိုက်စေမည်ဖြစ်ကြောင်း ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။















