မြန်မာနိုင်ငံ၏ ၂၀၁၂ ခုနှစ် တစ်နှစ် လုံးစာ နိုင်ငံခြားခရီးသွားဧည့်သည် အဝင်မှာ ခရီးသွား
လုပ်ငန်း သမိုင်းတစ်လျှောက် အများဆုံးဖြစ်ပြီး စုစုပေါင်းခရီးသည် တစ်သန်းကျော်အထိ ၀င်
ရောက်ခဲ့ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သော
နိုင်ငံတကာခရီးသွားဧည့်သည် အဝင် စာရင်းအရ သိရှိရသည်။
လက်ရှိမြန်မာနိုင်ငံ၌ ဟိုတယ် အခန်းဈေးနှုန်းမြင့်တက်နေခြင်း၊ အခန်း လုံလောက်မှုမရှိခြင်းနှင့်
ကျွမ်းကျင် လုပ်သားလုံလောက်မှုမရှိခြင်း စသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး လိုအပ်
ချက်များစွာရှိနေသေးသည့်တိုင်အောင် ယခု ၂၀၁၃ ခုနှစ်တွင် ခရီးသည်အဝင်မှာ ၃၀ ရာခိုင်နှုန်း
ကျော်အထိ တိုးတက် များပြားလာနိုင်ကြောင်းနှင့် ၂၀၁၂ ခုနှစ် မြန်မာ့ခရီးသွားလုပ်ငန်းသည်
ထိတ်လန့် ဖွယ်ကောင်းသည့် အောင်မြင်မှုဖြစ် ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀၁၂ ခုနှစ်တွင် မြန်မာ
နိုင်ငံသည် ခရီးသွား ဒေသအဖြစ်သာမက စီးပွားရေးရင်းနှီး မြှုပ်နှံရန်အတွက်ပါ အထူးစိတ်ဝင်
စား ခြင်းခံခဲ့ရသည်။
၀န်ကြီးဌာန စာရင်းအရ နိုင်ငံခြားခရီး သွားဧည့်သည်အများစုသည် အဓိက ၀င်ပေါက်ဖြစ်
သော နိုင်ငံတကာလေကြောင်းလိုင်းအများဆုံး အဓိကပျံသန်းပြေးဆွဲသည့် ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်။ ထို့ပြင် မန္တလေး၊
ညောင်ဦး၊ နေပြည်တော်နှင့် နယ်စပ် ဂိတ်များမှလည်း ခရီးသည်အနည်းစု ၀င်ရောက်ကြသည်။
စာရင်းအရ ၂၀၁၂ တစ်နှစ်လုံးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် နိုင်ငံခြား
ခရီးသွားဧည့်သည် စုစုပေါင်း ၅၅၄,၅၃၁ ဦးဝင်ရောက်ခဲ့ရာ လွန်ခဲ့သော ၂၀၁၁ တစ်နှစ်လုံးစာ
နှင့် နှိုင်းယှဉ်ပါက ၅၄ ဒသမ ၃၁ ရာခိုင်နှုန်း ကျော် မြင့်တက်သွားသည်။
ရန်ကုန်အဝင်စာရင်းများအနက် အာရှတိုက်မှခရီးသည် စုစုပေါင်း ၃၄၇,၂၄၁ ဦးဝင်ရောက်ခဲ့ရာ
စုစုပေါင်း ၏ ၆၂ ရာခိုင်နှုန်းဖြစ်သည်။ အာရှတိုက် ခရီးသည်များအနက် အများစုမှာ ထိုင်း
၉၁,၈၁၇ ဦး၊ ဂျပန် ၄၇,၅၀၁ ဦးနှင့် တရုတ် ၄၁,၅၄၂ ဦးတို့ဖြစ်သည်။ ထို့ပြင် အမေရိကန်
ခရီးသွားဧည့်သည် ၃၆,၅၀၀ ဦး ၀င်ရောက်ခဲ့သည်။
ဥရောပတိုက်မှ ၀င်ရောက်လာသော ခရီးသည် စုစုပေါင်း ၁၃၅,၆၉၂ ဦးရှိရာ စုစုပေါင်းအဝင်၏
၂၄ ဒသမ ၄၅ ရာခိုင်နှုန်းရှိသည်။ ဧည့်သည်အများစုမှာ ပြင်သစ်က ဦးဆောင်ပြီး ၂၉,၆၈၄ ဦး၊
ဗြိတိန် ၂၃,၂၉၁ ဦးနှင့် ဂျာမနီမှ ၂၁,၈၅၆ ဦးတို့ဖြစ်သည်။
ထို့ပြင် တစ်ကိုယ်ရည် ခရီးသွား ဧည့်သည်အဝင်မှာလည်း သိသိသာသာ တိုးတက်များပြား
လာရာ ၂၃၂,၇၁၅ ဦး ၀င်ရောက်ခဲ့သည်။ အုပ်စုဖွဲ့ခရီးသည် အဝင်မှာ ၁၂၆,၀၆၃ ဦး၊ စီးပွားရေး
ခရီးသည်အဝင် ၁၁၄,၄၅၆ ဦးနှင့် လူမှုရေးဗီဇာဖြင့် ၃၇,၇၇၈ ဦး ဖြစ်သည်။
အလားတူ မန္တလေး၊ ညောင်ဦးနှင့် နေပြည်တော်လေဆိပ်တို့မှ ခရီးသည် ၃၃,၇၇၁ ဦးဝင်ရောက်
ခဲ့သည့်အပြင် ထိုင်း၊ အိန္ဒိယနှင့် တရုတ်နယ်စပ်ဂိတ် တို့မှတစ်ဆင့် ခရီးသည် ၄၆၅,၆၁၄ ဦး
၀င်ရောက်ခဲ့သည်။
သို့ဖြစ်၍ ရန်ကုန်လေဆိပ်အဝင် ခရီး သည်ဦးရေ၊ မန္တလေး၊ ညောင်ဦးနှင့် နေပြည်တော်လေဆိပ်
အဝင်ဦးရေနှင့် နယ်စပ်ဂိတ်မှ ၀င်ရောက်လာသော ခရီး သည် ဦးရေ အားလုံးပေါင်းပါက ၂၀၁၂
တစ်နှစ်လုံးအတွက် နိုင်ငံခြားခရီးသွား ဧည့်သည်အဝင်မှာ တစ်သန်းကျော်သွား ပြီဖြစ်သည်။
ခရီးသွားလုပ်ငန်းမှ ကျွမ်းကျင်သူများ က ၂၀၁၃ ခုနှစ် ခရီးသည်အဝင်မှာ ၂၀၁၂ ခုနှစ်ကကဲ့သို့
ပင် ဧည့်သည်အဝင် ၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းကြသည်။
မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ၂၀၁၃ ခုနှစ်သည်
ပြည်တွင်းခရီးစဉ်များ ၀န်ဆောင်မှုပေးနေသည့် ခရီးသွား လုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုနှစ်
ဖြစ်ကြောင်း ပြောသည်။
"တောင်းဆိုချက်ထက် အခြေခံ လိုအပ်ချက်က အဆမတန် ကွာခြားနေတဲ့အတွက် ၂၀၁၃ ဟာ
ခရီးသွားလုပ်ငန်း ရှင်တွေအတွက် တကယ့်စိန်ခေါ်မှုပဲ ဖြစ်ပါတယ်"ဟု ဦးဖြိုးဝေရာဇာက
ပြောသည်။
ထို့ပြင် Seven Star အမေ ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ဖြူဖြူမာက
လည်း ၂၀၁၃ ခုနှစ်သည် ခရီးသွားလုပ်ငန်းရှင်များအတွက် ထိတ်လန့်ဖွယ်ကောင်းမည့်
ခရီးသွားနှစ်ဖြစ်ကြောင်း ပြောသည်။
"၂၀၁၂ ခုနှစ်မှာ အဆမတန် တက်သွားတဲ့ ဟိုတယ်ဈေးနှုန်းနဲ့အတူ ခရီးသည်တစ်သန်း
၀င်ရောက်ခဲ့တဲ့ အတွက် ကျွန်မတို့ ခရီးသွားလုပ်ငန်းရှင် တွေအတွက်တော့ တကယ့်ကို
ရုန်းကန် လှုပ်ရှားခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ လည်း မနှစ်ကထက် ၃၀ ရာခိုင်နှုန်းကျော်
မြင့်တက်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ခရီးသွားလုပ်ငန်းအတွက် အဓိက
လိုအပ်နေတာက ကောင်းမွန်တဲ့ ဟိုတယ်တွေနဲ့ ကျွမ်းကျင်တဲ့ လုပ်သား တွေပဲ ဖြစ်ပါတယ်"ဟု
ဒေါ်ဖြူဖြူမာက ပြောသည်။















