စလစ်မပါ ၀ယ်ယူခွင့်ရရှိပါက စိတ်ကြိုက်ယာဉ်လိုင်း ရွေးနိုင်

စလစ်မပါ ၀ယ်ယူခွင့်ရရှိပါက စိတ်ကြိုက်ယာဉ်လိုင်း ရွေးနိုင်

ယာဉ်အို၊ ယာဉ်ဟောင်းအပ် စနစ်ဖြင့် ကားအရောင်းစင်တာများတွင် တင်သွင်း ထားသော ခရီး
သည်တင်ယာဉ် စီအင်န်ဂျီ ကားများအား စလစ်မပါ ၀ယ်ယူခွင့်ရရှိပါက မိမိစိတ်ကြိုက် ပြေးဆွဲ
လိုသည့် ယာဉ်လိုင်းကို သက်ဆိုင်ရာ ယာဉ်လိုင်းအဖွဲ့အစည်းတွင် လည်းကောင်း၊ မထသ
(ဗဟို)၌ လည်းကောင်း စာရင်းပေးသွင်း၍ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟို ကော်မတီမှ ဥက္ကဋ္ဌ
ဦးလှအောင်က ယခုလ ၂၃ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောသည်။

"ယာဉ်ဟောင်းအပ်စနစ်နဲ့ ကား အရောင်းစင်တာတွေမှာ တင်သွင်းထား ပြီး ရောင်းမထွက်ဘဲ
ကျန်နေတဲ့ ခရီးသည် တင်ယာဉ်ကားတွေကို စလစ်မလိုဘဲ စီအင်န်ဂျီရအောင်  ပြည်ထောင်စု
အစိုးရက  စီအင်န်ဂျီ ကုဗပေတစ်သန်း အသုံးပြုခွင့်ပေးထားပါတယ်။ စလစ်မလိုဘဲ ဒီခရီး
သည်တင် ယာဉ်တွေကို ၀ယ်ယူနိုင်မယ်ဆိုရင် ကားဈေးနှုန်းက ပိုပြီးသက်သာသွားမှာဖြစ်တဲ့
အတွက် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေအတွက် ခရီးသည်တင်ယာဉ် အရေအတွက်
တိုးလာမှာ ဖြစ်ပါတယ်။

"အရင်ကတော့ ကားအရောင်းစင်တာ တွေက အပ်ကုန်စနစ်နဲ့ ကားတင်သွင်းခွင့်ကို ကုန်သွယ်
ရေးမှာ တောင်းရတယ်။ တင်သွင်းထားတဲ့ ကားတွေကို အရောင်း စင်တာတွေမှာ တင်ပြီးတော့
တစ်နှစ်အတွင်း မရောင်းရရင် ပြန်ပေးရတယ်ဆိုပြီး သဘောတူညီချက်ရှိတယ်။  တင်သွင်းထား
ပြီး ကျန်ရှိနေတဲ့ ခရီးသည်တင်ယာဉ် ကားတွေကို စာရင်းကောက်တယ်။  ယာဉ်ဟောင်းအပ်
စလစ်နဲ့ ရောင်းချဖို့ရာ  တင်သွင်းထားတဲ့ ခရီးသည်တင်ယာဉ် ကားတွေကို စလစ်မလိုဘဲ
ပြောင်းလဲ ရောင်းချပေးဖို့ ကုန်သွယ်ရေး ၀န်ကြီးဥက္ကဋ္ဌပါ၀င်တဲ့ မော်တော်ယာဉ်ကြီးကြပ်ရေး
တင်သွင်းမှုကော်မတီမှာ တင်ပြပြီး ခွင့်ပြုချက် တောင်းခံထားပါတယ်"ဟု ဦးလှအောင်က
ပြောသည်။

ယာဉ်ဟောင်းအပ်စလစ်မပါဘဲ ခရီးသည်တင်ယာဉ်ကားများအား ၀ယ်ယူခွင့်ရရှိပါက စွမ်းအင်
၀န်ကြီးဌာနမှ ချပေး ထားသော စီအင်န်ဂျီ ကုဗပေ တစ်သန်းမှ စီအင်န်ဂျီရရှိမည်ဖြစ်ပြီး အဆိုပါ
ခရီးသည်တင်ယာဉ်များ အနေဖြင့် ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍ
များတွင်သာ အသုံးပြုခွင့်ပြုသွားမည်ဟု သိရသည်။

"လက်ရှိမှာ မော်တော်ယာဉ် ကြီးကြပ် ရေး တင်သွင်းမှု ကော်မတီကို တင်ပြထားပါတယ်။
ကော်မတီကနေ စလစ်မလိုဘဲ ရောင်းချခွင့်ပေးမှသာ ၀ယ်ယူလိုတဲ့ ယာဉ်ပိုင်ရှင်တွေက ယာဉ်ကို
၀ယ်ပြီး၊ ယာဉ်နံပါတ်ထွက်ပြီး အုံနာဘုတ်ရ၊ လိုင်းဆွဲဖို့ပြင်၊ ပြီးတော့မှ စီအင်န်ဂျီရရှိရေးကို
ဆောင်ရွက်မှာပါ။ အဲဒီစနစ်တွေကို သက်ဆိုင်ရာကနေ တစ်ဆင့်ချင်းစီ ဆောင်ရွက်နေတာ
ဖြစ်တဲ့အတွက် ဘယ်တော့လောက် ပြေးဆွဲမယ်ဆိုတာ ပြောလို့မရသေးပါဘူး"ဟု ဦးလှအောင်
က ပြောသည်။

"စလစ်မပါဘဲ စီးတီးဘတ်စ်တွေကို ၀ယ်ယူပြီး စီအင်န်ဂျီရတဲ့အခါ ကြိုက်နှစ်သက်ရာ ယာဉ်လိုင်း
ကို ရွေးချယ်ခွင့် ရှိပေမဲ့ အထူးကားအဖြစ် ပြေးဆွဲခွင့် မပြုပါဘူး။ ရိုးရိုးကားအဖြစ်ပဲ ပြေးဆွဲခွင့်ပြု
သွားမှာပါ"ဟု မထသ(ဗဟို)မှ စည်းကမ်းထိန်းသိမ်းရေးဌာနခွဲမှူး ဦးကာကျော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး