အမေရိကန် ပညာရှင်များ မြေငလျင်ဆိုင်ရာ ဆွေးနွေးပို့ချ

အမေရိကန် ပညာရှင်များ မြေငလျင်ဆိုင်ရာ ဆွေးနွေးပို့ချ

မြန်မာနိုင်ငံ၏မြေငလျင်ဘေးအန္တရာယ် လျော့ပါးရေးအတွက် ရည်ရွယ်သည့်  အမေရိကန်ဘူမိ
တိုင်းတာရေး (US Geological Survey) မှ ပညာရှင်များ၏ ငလျင်ဆိုင်ရာ ဆွေးနွေးပို့ချမှုကို
ရန်ကုန် နှင့် နေပြည်တော်တို့တွင် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ ပို့ချသွားမည်ဖြစ်ကြောင်း မြန်မာ
နိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

"မြန်မာနိုင်ငံမှာ ငလျင်ဘေးအန္တရာယ် လျော့ပါးရေးအတွက်ကို အရင်ကတော့  ရှိတဲ့အဖွဲ့တွေပဲ
တစ်နိုင်တစ်ပိုင်လုပ်နေရ တာမျိုးပေါ့။ အခုလာတဲ့အဖွဲ့တွေဆိုရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး
သိပ္ပံပညာရှင်တွေ လာပြီးပြောတာဆိုတော့ တကယ်အဖိုးတန်တဲ့အခွင့်အလမ်းပါ။ မြေစမ်း
ခရမ်းပျိုးလုပ်နေရတာကနေ ဦးဆောင်မှုကောင်းကောင်းနဲ့ လုပ်နိုင်မဲ့ အခြေအနေပေါ့။ ဒီလိုမျိုး
တွေ များများလုပ်နိုင်လေ ကျွန်တော်တို့တိုင်းပြည်မှာ ပိုအကျိုးရှိလာမှာပါ။ ကိုယ့်ဟာကို
လေ့လာပြီးလုပ်နေရတာထက် ဒီလိုစနစ်တကျ သင်တန်းတွေပေးနိုင်ရင် အချိန်တိုတိုအတွင်း
အသုံးချနိုင်မယ်"ဟု ငလျင်ကော်မတီ၏ အတွင်းရေးမှူး  ဦးစောထွေးဇော်က ဇန်နဝါရီလ ၂၁ ရက်
နေ့တွင် ပြောသည်။

မြန်မာနိုင်ငံမှ အစိုးရဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အင်ဂျင်နီယာများ၊
သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာအဖွဲ့အစည်းများ၊ ဘူမိဗေဒလေ့လာသူများ ပါ၀င်သည့် အဆိုပါ
ဆွေးနွေးပို့ချမှုများကို ရန်ကုန်မြို့၌ ဇန်နဝါရီလ ၂၁ ရက်မှ ၂၅ ရက်ထိ လည်းကောင်း၊
နေပြည်တော်၌ ၂၈ ရက်မှ ၃၁ ရက်ထိလည်းကောင်း အသီးသီးကျင်းပမည် ဖြစ်သည်။

၎င်းဆွေးနွေးပို့ချမှုများအား ့United States Agency for International Development,
USGS, မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့၏
ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး