သာကေတမြို့နယ်ရှိ စည်သွတ်စက်ရုံ နေရာအား လေလံအောင်နိုင်ထားသော် လည်း အချိန်
ကာလ နှစ်နှစ်ကျော်ကြာ သည်အထိ လက်ဝယ်မရရှိခြင်းနှင့် သက် ဆိုင်ရာ အစိုးရဌာနများမှ
ထိရောက်သော တာဝန်ယူဖြေရှင်းမှု မရှိခြင်းတို့ကို နိုင်ငံတကာသို့ အသိပေးရန် စီစဉ်နေကြောင်း
မီဂါမရင်း (Mega Marine) ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ယခုလ ၂၂ ရက်၌ မြန်မာတိုင်း(မ်)
ကို ပြောသည်။
"အချိန်သာ ကြာလာတယ်။ ထိရောက်တဲ့ ဖြေရှင်းမှုမျိုးမရှိသေးပါဘူး။ ဌာနဆိုင်ရာတွေက
ဟိုပြောလိုက်၊ ဒီပြောလိုက်နဲ့။ ကျွန်တော်တို့လည်း ဖြေရှင်းပေးမှာကို စောင့်ရင်းနဲ့ နှစ်နှစ်ကျော်
ကြာသွားပါပြီ။ အဲဒီအတွက် ပြည်ပမီဒီယာတွေက တစ်ဆင့် နိုင်ငံတကာကို အသိပေးဖို့ စီစဉ်
ရတာပါ" ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရန်မျိုးအောင်က ပြောသည်။
ကုမ္ပဏီမှ ဒေါ်မေအေးမွန်သည် စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်း လုပ်ရန်အတွက်
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက သာကေတမြို့ နယ်၊ မြမာလာ လမ်းရှိ စည်သွတ်စက်ရုံ
နေရာကို ကျပ် ငွေသိန်း ပေါင်း ၃၃,၀၀၀ ကျော်ဖြင့် လေလံရရှိခဲ့သော်လည်း အဆိုပါနေရာတွင်
လက်ရှိ လုပ်ကိုင်နေသူ Myanmar Macro Industry မှ နေရာဖယ်မပေး သည့်အတွက်
စာရင်းအရ မြေကွက်ရထားပါသော်လည်း လက်ဝယ်မရရှိသေးသည့်အတွက် ၂၀၁၂ ခုနှစ်၊
ဒီဇင်ဘာလ အစောပိုင်းက သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။
အဆိုပါ မြေကွက်ကို နိုင်ငံပိုင်ပစ္စည်း များအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က လေလံ
တင်ခဲ့ခြင်းဖြစ်ပြီး မြေကွက်၏ မူလပိုင်ရှင်ဖြစ်သူ မွေးမြူရေး နှင့် ရေလုပ်ငန်းဦးစီးဌာနက မြန်မာ
နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှတစ်ဆင့် Myanmar Macro Industry ကို လုပ်ငန်း သဘော
တူစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားခဲ့ခြင်း ဖြစ်သည်။
Myanmar Macro Industry ၏ စာချုပ်သက်တမ်းကလည်း ၂၀၁၇ ခုနှစ်တွင်မှ ပြည့်မည်
ဖြစ်သည့်အတွက် စာချုပ်ပြည့်မှ ဖယ်ပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာ
ဦးစိုးမိုးကျော်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မြန်မာတိုင်းမ်မှ ဆက်သွယ်မေးမြန်းစဉ်
ပြောကြားခဲ့သည်။
"အခုက ကော်မရှင်ကရော၊ မွေး/ရေ ကရော နှစ်ဘက်လုံးက တာဝန် မယူနိုင် ဘူး။ တစ်ဖက်
နဲ့တစ်ဖက် လွှဲချနေကြတယ်။ ဒီလိုပုံစံနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ဘယ်လိုလုပ်
မလဲ။ ကျွန်တော်တို့က ပြည်တွင်းလုပ်ငန်းအနေနဲ့ သိန်းပေါင်း သောင်းနဲ့ချီ ရင်းနှီးထားရတယ်
ဆိုပေမယ့် နိုင်ငံတကာလုပ်ငန်းတွေနဲ့ ယှဉ်ရင်နည်းသေးတယ် ပြောရမယ်။
ဒီ့ထက်မက ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားက လုပ်ငန်းကြီးတွေလာရင် ဒီလိုတာဝန် မယူနိုင်မှုမျိုး
နဲ့ ဘယ်လိုရင်ဆိုင်မှာလဲ။ ဒါနိုင်ငံတော် အစိုးရအဖွဲ့အနေနဲ့ အင်မတန်မှ သိက္ခာကျပါတယ်။
ဌာနဆိုင်ရာတွေရဲ့ လွဲမှားမှုကြောင့် နစ်နာသွားရပြီး တာဝန်ယူမှုမရှိတာမျိုးတွေကို လုပ်ငန်းရှင်
တွေအနေနဲ့ သိထားသင့်တယ်ထင်လို့ပါ" ဟု ဦးရန်မျိုးအောင်က ပြောသည်။
"အခုကိစ္စမှာ ကျွန်တော်တို့နဲ့ Myanmar Macro နဲ့ ထိပ်တိုက်တွေ့စရာမရှိတဲ့အတွက် ဒီကြား
ထဲမှာ ဘယ်လို ညှိနှိုင်းမှုမျိုးမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့က ထိရောက်တဲ့ ဖြေရှင်းမှုမျိုးကိုပဲ
လိုချင်တာပါ" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ မြန်မာတိုင်း(မ်)က
ဆက်သွယ်မေးမြန်းရာတွင် ကော်မရှင်အနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာန၊
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်တို့နှင့် ပူးပေါင်းကာ တရားမျှတစွာ ဖြေရှင်ပေး သွားမည်ဖြစ်
ကြောင်း ညွှန်ကြားရေးမှုး ဦးသိန်းစိန်ကြိုင်က ဖြေကြားခဲ့သည်။















