ငြိမ်းချမ်းရေးမရှိခြင်း၏ အကျိုးဆက် အဖြစ် တိုက်ပွဲများအတွင်း မြှုပ်နှံထားခဲ့ကြသည့် မြေမြုပ်
မိုင်းများကြောင့် မသန်စွမ်းဖြစ်နေကြသူများအား ကူညီ မည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်
ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်
က ယခုလ ၂၀ ရက်က ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်စဉ် ကတိပြုလိုက်သည်။
"အားလုံးပူးပေါင်းပြီး ကူညီဖို့လိုပါတယ်။ ဘယ်လိုကူညီနိုင်မလဲဆိုတာ လာလေ့လာတာပါ"
ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မုန်းမြို့နယ်
၌ ကျင်းပသည့် အခမ်းအနားတွင် ပြောသည်။
အဆိုပါအခမ်းအနားသို့ မသန်စွမ်းသူ ၂၃၅ ဦး၊ ဖိတ်ကြားထားသူ ပြည်သူ ၁၆၁ ဦး၊
အင်န်အယ်လ်ဒီပါတီဝင် ၂၃၀ နှင့် ဌာနဆိုင်ရာများမှ ၁၄ ဦး တက်ရောက်ပြီး မသန်စွမ်းသူများ၏
၉၀ ရာခိုင်နှုန်းခန့်မှာ မိုင်းကြောင့်ဖြစ်ခဲ့သူများဖြစ်သည်ဟု မုန်းအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။
မသန်စွမ်းသူများအား လိုအပ်သည့် ခြေတု၊ လက်တု၊ ချိုင်းထောက် စသည့် တို့သာမက ဒေသ
နှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးကိုပါ လုပ်ဆောင်ပေး
သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
"အဲဒီလိုလုပ်ရင် မသန်စွမ်းသူတွေ ကိုယ်တိုင်လည်း ပါ၀င်ဖို့လိုပါတယ်" ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်က တိုက်ပွဲတစ်ခုတွင် မြေမြှုပ်မိုင်းကြောင့် ပေါင်ရင်းဖြတ်ခဲ့ရသူ အငြိမ်းစား
တပ်မတော်သားတစ်ဦးက "တပ်မတော်ကထုတ်ပေးတဲ့ ခြေတု တော့ ရှိတယ်။ အဆင်မပြေ
တော့ ချိုင်းထောက်နဲ့ပဲ သွားနေရတယ်။ မြေပြန့်ဆိုရင် စက်ဘီးနဲ့သွားတယ်။ အမေစုက
ကူညီမယ်ဆိုလို့ အတိုင်းမသိ၀မ်းသာပါ တယ်။ အမေစုကို မြင်ရတာနဲ့တင် အတိုင်းမသိ
၀မ်းသာနေပါပြီ"ဟု ပြောသည်။
ဒေသနှင့်ကိုက်ညီသည့် လက်သမားပညာ၊ တစ်နိုင်တစ်ပိုင် ရင်းနှီးနိုင်သည့် စက်မှုလက်မှု
ပညာများကို သင်ကြားပေးရန်လည်း လိုလားသည်ဟု ၎င်းက ပြောသည်။
အဆိုပါလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရန်ပုံငွေများရရှိရေးအတွက် အာမခံ ဆောင်ရွက်ပေး
သွားမည်ဖြစ်ပြီး ရရှိ သည့်ငွေများကိုလည်း မှန်မှန်ကန်ကန် အကျိုးရှိရှိ အသုံးချရန်လည်း
ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ပြည်သူများအနေဖြင့်လည်း မသန် စွမ်းသူများအား အလုပ်ပိုအဖြစ်မမြင်ကြဘဲ ကူညီခြင်းဖြင့်
မိမိတို့၏ကိုယ်ရည် ကိုယ်သွေးများ၊ အရည်အချင်းများ မြင့်တက်အောင် ကြိုးစားစေလိုသည်ဟု
လည်း တိုက်တွန်းခဲ့သည်။
"အားနည်းတဲ့သူကို ကူညီတာ နိုင်ငံအတွက် တန်ဖိုးပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးယူ ခဲ့သည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သည့်
ကေအင်န်ယူ၏ တပ်မဟာ(၃) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအယ်ကလူသိန်းက "ကျွန်တော့်
တပ်မဟာ(၃)ဒေသမှာတော့ မိုင်းဆိုတာ မရှိသလောက် နည်းသွားပါပြီ။ တချို့နေရာတွေမှာ
ကျန်နေပါသေးတယ်"ဟု ပြောသည်။















