နိုင်ငံရေးစားပွဲဝိုင်း၊ဆွေးနွေးပွဲအတွက်၊ပူးပေါင်း ဆောင်ရွက်ရန် KNU တာဝန်ရှိသူ တိုက်တွန်း

နိုင်ငံရေးစားပွဲဝိုင်း၊ဆွေးနွေးပွဲအတွက်၊ပူးပေါင်း ဆောင်ရွက်ရန် KNU တာဝန်ရှိသူ တိုက်တွန်း

နိုင်ငံတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်ရန်နှင့် နိုင်ငံရေးစားပွဲဝိုင်း များ စတင်နိုင်ရန်
အစိုးရ၊ ပါတီများသာမက အဖွဲ့အစည်းပေါင်းစုံမှ ၀ုိင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ကြရန် ကရင်
အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)မှ တာဝန်ရှိသူတစ်ဦးက ပဲခူးတိုင်းဒေသ ကြီး၊
ကျောက်ကြီးမြို့ရှိ ကေအင်န်ယူဆက်ဆံရေးရုံး၌ ယခုလ ၂၀ ရက်က ပြောကြားသည်။

"ငြိမ်းချမ်းရေးဆိုတာ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်း ပေါ်မှာ ဖြေရှင်းဖို့
ဆိုတာ လက်ရှိ အုပ်ချုပ်နေတဲ့ နိုင်ငံတော်အစိုးရကော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကော
တက်ညီ လက်ညီဆောင်ရွက်မှ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးအသီး အပွင့်
တွေကို ခံစားရမယ်" ဟု ကေအင်န်ယူတပ်မဟာ(၃)မှ တပ်မဟာမှူး၊ ဗိုလ်မှူးချုပ် စောအယ်
ကလူသိန်းက ပြည်တွင်း မီဒီယာအချို့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း စစ်မှန်သည့်ငြိမ်းချမ်းရေးရသည် အထိ ဆောင်ရွက်
သွားမည်ဖြစ်ပြီး နိုင်ငံ ရေးဆွေးနွေးပွဲများကို ယခုနှစ်ဆန်းပိုင်း တွင် စတင်ဆောင်ရွက်ရန်
ပြင်ဆင်ထား ပြီးဖြစ်သည်ဟု ယခုလ ၁၉ ရက်က နေပြည်တော်၌ နှစ်ရက်တာကျင်းပခဲ့သည့်
ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင် ရွက်ရေးဖိုရမ် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ကျွန်တော်ကတော့ တံခါး(ငြိမ်းချမ်းရေး)ဖွင့်ထားတယ်။ တစ်ဖွဲ့ချင်းနဲ့လည်း ဆွေးနွေးမယ်။
အကုန်လုံးနဲ့လည်း ဆွေးနွေးမယ်။ ယူအင်န်အက်ဖ်စီနဲ့လည်း လုပ်မယ်လို့ ကြေညာထားပါတယ်"
ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊
သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပါအခမ်းအနား ဖွင့်ပွဲအပြီး
မြန်မာတိုင်း(မ်)၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ကချင်ပြည်နယ်၌ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့များကြား ဖြစ်ပွားနေသည့်တိုက်ပွဲများ
သည် ငြိမ်း ချမ်းရေးယူထားသည့် ၎င်းတို့ကေအင်န်ယူ ကဲ့သို့သော အဖွဲ့အစည်းများအတွက်
သက်ရောက်မှုအတိုင်းအတာတစ်ခုရှိ သော်လည်း ၀ုိင်းဝန်းညှိနှိုင်းဖြေရှင်းကြရန်လည်း ၎င်းက
တိုက်တွန်းခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ တို့ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲ ခဲ့သော်လည်း
ယခုကဲ့သို့ နှစ်နှစ်နီးပါးကြာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းသည် နှစ်ဖက်တာဝန်ရှိသူများတွင်
တာဝန်ရှိ သည်ဟု ၎င်းက ပြောကြားလိုက်သည်။

"ကချင်ကိစ္စကလည်း ညှိနှိုင်းပြီး လုပ်ရမယ်။ နိုင်ငံတော်အစိုးရကတော့ အုပ်ချုပ်သူဖြစ်တဲ့အတွက်
ကျွန်တော်တို့ထက် ပိုလုပ်နိုင်မယ်ထင်ပါတယ်"ဟု ၎င်းက ပြောသည်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့ သည့်တိုက်ပွဲများအတွင်း မြန်မာ့တပ် မတော်နှင့် ကေအင်န်ယူ
တို့သည် တစ်ဖက်နှင့် တစ်ဖက် အနိုင်မတိုက်နိုင်ကြဘဲ စစ်ပွဲများကြောင့် တိုင်းပြည်သာ နစ်နာ
ခဲ့ရသည်ဟု ၎င်းကပြောသည်။

"ဒီလောက်တိုက်ပွဲတွေ တိုက်လာခဲ့တာ၊ သေလာခဲ့တာ၊ ဒါဆို အဖြေတစ်ခုရှာရတော့မယ်။
အဖြေက ဘာလဲဆိုတော့ ပူးပေါင်းဆောင်ရွက်ညှိနှိုင်းခြင်းပါ"ဟု ၎င်းက ပြောသည်။

တိုင်းပြည် ပြုပြင်ပြောင်းလဲရေးနှင့် သားစဉ်မြေးဆက်တည်တ့ံမည့် စစ်မှန်သည့် ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်ဖြစ်ရန်မှာ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေတစ်ရပ် ရှိရန်လည်း လိုအပ်သည်ဟု ၎င်းက ထောက်ပြခဲ့ သည်။

တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိ
ပါက ၎င်းတို့ အနေဖြင့် လက်နက်ကိုင်စရာမလိုဘဲ တိုင်းပြည်တိုးတက်ရေးကိုသာ လုပ်ကြ
မည်ဖြစ်ပြီး ကေအင်န်ယူအနေဖြင့် နိုင်ငံရေးပါတီတစ်ခုအဖြစ်သာ ဆက်လက်ရှင်သန်ရမည်ဟု
၎င်းက ပြောသည်။

"တစ်တိုင်းတစ်ပြည်လုံးက ရွေးချယ်ရမဲ့ အခြေခံဥပဒေကို အဖွဲ့အစည်း တစ်ခုတည်းက ရေးဆွဲလို
့ ပြည့်စုံမှာ မဟုတ်ပါဘူး"ဟု စောအယ်ကလူသိန်းက ပြောသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုသည်မှာ ဖက်ဒရယ်စနစ်နှင့် အနှစ်သာရတူညီသော်
လည်း နိုင်ငံ အတွက် မရှိမဖြစ်ဖြစ်သည့် တပ်မတော် သည် ပြည်ထောင်စုတပ်မတော်ဖြစ်ရန်
လိုအပ်သည်ဟု ၎င်းက ပြောသည်။

"ပြည်ထောင်စုတပ်မတော်မဖြစ်ရင်  ပြည်ထောင်စုသမ္မတနိုင်ငံရဲ့  အနှစ်သာရ ပေါ်လွင်မှာ
မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး