ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှ စစ်တပ်မှ စပစ်ဖိုင်းယားတိုက်လေယာဉ် ရှာဖွေရေးအဖွဲ့က
ထိုလေယာဉ်များ မရှိနိုင်ဟူသော သတင်းများထွက်ပေါ် လာနေသော်လည်း ရန်ကုန်မင်္ဂလာဒုံ
လေဆိပ်အနီးတွင် ရှာဖွေမှုများအတွက် စူးစမ်းစစ်ဆေးမှုများ ဆက်လက်လုပ် ဆောင်ဦးမည်
ဖြစ်ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးထွန်းကျော်က မြန်မာတိုင်း(မ်)
ကို ဇန်နဝါရီလ ၂၂ ရက်နေ့ကပြောသည်။
ကချင်ပြည်နယ်၊ မိတ္ထီလာနှင့် ရန်ကုန် မင်္ဂလာဒုံလေဆိပ်အနီး မြေကြီးအတွင်း စပစ်ဖိုင်းယား
တိုက်လေယာဉ် အစင်း ၆၀ ခန့်ကို မြှုပ်နှံထားခဲ့သည်ဟူသော သတင်းအချက်အလက်
အချို့ကို အခြေခံကာ စပစ်ဖိုင်းယား တိုက်လေယာဉ်တူးဖော်မှုကို ကချင်ပြည်နယ် မြစ်ကြီးနား၌
ပြီးခဲ့သည့်ဒီဇင်ဘာလ အတွင်းကလည်းကောင်း၊ ရန်ကုန်တွင် ယခုလပထမပတ် အတွင်းက
လည်း ကောင်း စတင်ဆောင်ရွက်ခဲ့သည်။
ရွှေတောင်ပေါ်ကုမ္ပဏီနှင့် ဗြိတိန်နိုင်ငံမှ ဒေးဗစ်ကန်ဒယ်လ် ဦးဆောင်သည့် အဖွဲ့သည် လွန်ခဲ့
သည့် ဒီဇင်ဘာလ အတွင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့အနီးတွင် စပစ်ဖိုင်းယားဟု
မစ္စတာကန်ဒယ်လ်က ယူဆသည့်အရာတစ်ခုကို ပေ ၃၀ နက်သည့်နေရာ၌ တွေ့ရှိပြီးနောက်
တူးဖော်ခဲ့ရာတွင် ရေများထွက်ရှိလာသဖြင့် လုပ်ငန်းကို ရပ်နားထားပြီး ဆက်လက် တူးဖော်
ခြင်းမရှိဘဲ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်အနီးတွင် ဆက်လက်တူးဖော်
ရန် စူးစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်နေစဉ်ကာလတွင်ပင် အဆိုပါစီမံကိန်းအတွက် ငွေကြေး ထောက်ပ့ံမှုများ ပြုလုပ်
နေသော ဘီလာရုစ်နိုင်ငံအခြေစိုက် ကမ္ဘာစစ် အခြေခံဂိမ်းများ ထုတ်လုပ်နေသော အဖွဲ့ဖြစ်သည့်
၀ါးလ်ဂိမ်းမင်းက တူးဖော်မှုတွင် မည်သည့် စပစ်ဖိုင်းယားမှ တွေ့ရှိ ခဲ့ခြင်းမရှိကြောင်း ဘီဘီစီ
သတင်းဌာနအား ပြောဆိုခဲ့မှုကိုအခြေခံပြီး ထိုနေရာတွင် စပစ်ဖိုင်းယားများမရှိဟု သတင်း
များထွက်ပေါ်လာခဲ့သည်။
"အမှန်က သူတို့သတင်းထုတ်ပြန်တာ စောလွန်းပါတယ်။ တစ်နေရာတည်းကို တူးဖော်တာနဲ့
မတွေ့တာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကန့်သတ်ချက်တွေ ရှိနေသေးလို့ ဖြစ်ပါတယ်။ မစ္စတာ
ကန်ဒယ်လ်ကလည်း အခုချိန်ထိ စပစ် ဖိုင်းယားရှိနေတယ်ဆိုတာကို ယုံကြည် နေပါသေး
တယ်"ဟု ဦးထွန်းကျော်က ပြောသည်။
မင်္ဂလာဒုံလေဆိပ်အနီးတွင် စူးစမ်း စစ်ဆေးမှုပြုလုပ်ရန် မြေတူးဖော်ရာ၌ ရေပိုက်များ၊ လျှပ်စစ်
ကြိုးများ၊ မြေအောက်တယ်လီဖုန်းကြိုးများ အများ အပြားရှိနေကြောင်း၊ ထိုနေရာများကို
ရှောင်ကွင်းရသည့်အပြင် လေယာဉ် အတက်အဆင်း ပြုလုပ်သည့်အချိန်ကို လည်း ငဲ့ရကြောင်း၊
မြေနေရာ အခက်အခဲနှင့် လုံခြံုရေးအခက်အခဲတို့ရှိနေ ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။
"သိက္ခာရှိရှိပြောရမယ်ဆိုရင် ၀ါးလ်ဂိမ်းမင်းအဖွဲ့က သတင်းထုတ်တာ စောလွန်းပါတယ်။ သူတို့
အကြောင်းနဲ့ သူတို့ ရှိပါလိမ့်မယ်။ မြန်မာဘက်က ပညာရှင်တွေအဆိုအရလည်း စပစ် ဖိုင်းယား
တွေရှိတယ်ဆိုတာ ဖြစ်နိုင်ခြေ ရှိနေပါတယ်"ဟု ၎င်းက ပြောသည်။
ဒုတိယကမ္ဘာစစ်အတွင်းက နာမည် ကျော်ခဲ့သည့် စပစ်ဖိုင်းယားတိုက် လေယာဉ်များကို ဗြိတိသျှ
လေတပ်က ၁၉၄၅-၄၆ ခုနှစ်ဝန်းကျင်တွင် မြှုပ်နှံထားခဲ့သည်ဟု အဆိုပါတူးဖော်သည့် အဖွဲ့က
ဆိုခဲ့ရာ ယင်းအချိန်ကာလသည် မြန်မာနိုင်ငံကို ဗြိတိသျှတို့ ပြန်လည် အုပ်စိုးနေသည့်ကာလ
ဖြစ်နေသဖြင့် ထိုကာလတွင် မည်သည့်အတွက် ကြောင့် လေယာဉ်စင်းရေပမာဏ တော်တော်
များများကို မြေကြီးအတွင်း မြှုပ်နှံထားခဲ့ပါသနည်းဟူသည့် အချက်သည် တွေးတောစရာဖြစ်
လာခဲ့ပြီးနောက် ၀ါးလ်ဂိမ်းမင်းအဖွဲ့က မည်သည့်အရာမျှ မတွေ့ရဟု သတင်းထုတ်ပြန်ခဲ့ခြင်း
ဖြစ်သည်။
အဆိုပါ စပစ်ဖိုင်းယားလေယာဉ်များ မြန်မာနိုင်ငံအတွင်း အမှန်တကယ် မြှုပ်နှံထားခဲ့ပါက ဗြိတိန်
ကာကွယ်ရေးဝန်ကြီးဌာနတွင် အဆိုပါ ၁၉၄၅ နှင့် ၄၆ ခုနှစ်ကာလအတွင်းက စစ်မှတ်တမ်းများ
ရှိနိုင် မည်ဖြစ်သောကြောင့် မြန်မာတိုင်း(မ်)က လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ဗြိတိန်
ကာကွယ်ရေးဝန်ကြီးဌာနသို့ ဖုန်းဖြင့် မေးမြန်းဆက်သွယ်ခဲ့ရာတွင် ဌာနမှ ပြောရေးဆိုခွင့်ရှိသူ
မစ္စတာဘေလ်ကင်ဆန်က ထိုမှတ်တမ်းများမရှိကြောင်း ပြောဆိုခဲ့သည်။
"အဲဒီကာလ (၁၉၄၅-၄၆) ၀န်းကျင်က မြန်မာနိုင်ငံမှာ စပစ်ဖိုင်းယားတွေ မြှုပ်ခဲ့တယ်ဆိုတဲ့
မှတ်တမ်း ကျွန်တော် တို့မှာ မရှိပါဘူး။ အဲဒီတူးဖော်တာကို အလွတ်တန်းအဖွဲ့တစ်ဖွဲ့က
လုပ်နေတာဖြစ်တယ်"ဟု၊၎င်းက ပြောသည်။
ရွှေတောင်ပေါ်ကုမ္ပဏီကမူ စူးစမ်း စစ်ဆေးဆဲကာလသာဖြစ်ကြောင်း၊ ယခုချိန်အထိ စပစ်ဖိုင်း
ယားများ အမှန်တကယ်ရှိနေကြောင်း အကောင်းမြင် နေဆဲဖြစ်ကြောင်း ဦးထွန်းကျော်က
ပြောသည်။
















