ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ ဖြေရှင်းရန် တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၃၆ ဦး ပါ၀င်သော ယာဉ်
ထိန်းတပ်ဖွဲ့ပေါင်း ၃၈ ဖွဲ့ဖြင့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်
အဖွဲ့က ယခုလ ၂၂ ရက်နေ့မှ စ တင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း
ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက ပြောသည်။
"ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာ ဧရိယာဖြစ်တာက ၃၁ မြို့နယ်၊ စည်ပင်သာယာ
အပြင် ၁၄ မြို့ နယ်တွေမှာ တပ်ဖွဲ့စုအလိုက် ဖွဲ့စည်း ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ ပေါ်မှာ
တော့ တစ်မြို့နယ်ကို တပ်ဖွဲ့ တစ်စုနှုန်းနဲ့ ၃၁ ဖွဲ့၊ မြို့ဧရိယာအပြင်မှာ ဆိုရင်တော့ နှစ်မြို့နယ်ကို
တပ်ဖွဲ့တစ်စု နှုန်းနဲ့ ခုနစ်ဖွဲ့၊ အားလုံးပေါင်းတပ်ဖွဲ့ ၃၈ စုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
တပ်ဖွဲ့တစ်စုမှာ ဒုရဲမှူးတစ်ယောက်၊ ရဲအုပ်လေးယောက်၊ ဒုရဲအုပ် သုံးယောက်၊ အရာရှိရှစ်
ယောက်နဲ့ တခြား အဖွဲ့ဝင်၂၈ ယောက် အားလုံးပေါင်း တစ်စုမှာ ၃၆ ယောက် ပါ၀င်ပါတယ်"
ဟု ၎င်းက ပြောသည်။
ပညာပေးကာလအဖြစ် တစ်ပတ်တိတိ ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်း ထိန်းသိမ်း
ရေးဆောင်ရွက်ရာတွင် အများပြည်သူ ပူးပေါင်းပါ၀င်လာရေးအတွက် ၀ိုင်းဝန်းကူညီဆောင်
ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် အများပြည်သူသယ်ယူ ပို့ဆောင်ရေး
အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
"ဒီနေ့ ရန်ကုန်မြို့တော် အများပြည်သူ သွားလာရေးနှင့်ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်
သွားမဲ့ အစီအစဉ်တွေကို ဒီနေ့စတင်ဆောင်ရွက်နေပြီဆိုတာနဲ့ ဒီလိုလုပ်ဆောင်ရာမှာ အများ
ပြည်သူကလည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း
မလိုက်နာမှုတွေနဲ့ ပတ်သက်လို့လည်း လမ်းဆုံတွေမှာ ယာဉ်ကြော ပြောင်းပြန်မောင်းနှင်မှုတွေနဲ
့ လူအများ သွားလာနေတဲ့လမ်းမှာ မဆင်မခြင် ၀င်ရောက််မှုကြောင့် လမ်းပိတ်ဆို့ခြင်းတွေ ဖြစ်
ပေါ်နေပါတယ်။ ပညာပေး ကာလအဖြစ် တစ်ပတ်ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီနေ့မနက်ကနေစပြီး
တကယ့် ယာဉ်ကြောကျပ်တဲ့ နေရာတွေမှာ အင်အားတိုးချပြီး ဆောင်ရွက်နေပါ တယ်" ဟု
၎င်းက ပြောသည်။
"ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့က ဆိုရင် အရာရှိ ၂၈၃ ယောက်၊ အဖွဲ့ဝင် ၁,၁၁၄ ယောက်နဲ့
လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့လက်ရှိမှာတော့ ယာဉ် ကြောပိတ်ဆို့မှု အများဆုံးဖြစ်တဲ့
နေရာခုနစ်နေရာမှာ စတင်လုပ်ဆောင် နေပြီဖြစ်ပါတယ်။ စမ်းချောင်းမြို့နယ် မှာဆိုရင်တော့
မြေနီကုန်း၊ ကမာရွတ် မြို့နယ်မှာဆိုရင်တော့ လှည်းတန်းနဲ့ ဟံသာဝတီ၊ မရမ်းကုန်းမြို့နယ်
ချော်တွင်းကုန်းနဲ့ ဘုရင့်နောင်၊ ဗဟန်းမြို့နယ်မှာ ဆိုရင်တော့ ရွှေဂုံတိုင်နဲ့ ဦးထောင်ဗိုလ်
လမ်းစတဲ့ နေရာတွေမှာ ပြုလုပ်နေပါတယ်"ဟုရဲမှူးသာဌေးက ပြောသည်။















