နေပြည်တော်မှာ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်၏ ဘဝရဲ့ စိန်ခေါ်မှု တွေက အတော်များ
ပါတယ်။ တစ်နှစ်မှာ ရှစ်လလောက် ကော်မတီအစည်းအဝေး တွေ ထိုင်ရတာ၊ စားလောက်ရုံရှိတဲ့
လစာ ကျပ် ၃၀၀,၀၀၀ ရတာ၊ တခြားနိုင်ငံတွေမှာ ရမြဲထုံးစံဖြစ်တဲ့ ကိုယ်ပိုင်ရုံးခန်း၊ အကူ ၀န်ထမ်းနဲ့
အင်တာနက်ဆက်သွယ်မှု တွေဆိုလို့ ဘာတစ်ခုမှမရပါဘူး။
မြို့တော်နဲ့အတော်ကလေး အလှမ်း ကွာမှုဟာ အနည်းငယ်တစ်မူထူးတဲ့ ပြဿနာကို ဖြစ်ပေါ်စေ
တယ်။ ပြဿနာ က မဲဆန္ဒရှင်တွေနဲ့ ဘယ်လိုဆက်သွယ်မလဲ၊ အထူးသဖြင့် ချင်းပြည်နယ်၊ ဒါမှ
မဟုတ် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သူ့မဲဆန္ဒ ရှင်တွေနဲ့ ဆက်သွယ်
ဖို့ခက်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဂျေယောဝုက ဒီအခက်အခဲတွေကို ကောင်းကောင်းသိပါ
တယ်။ ပထဝီဝင်အနေအထားအရ ၎င်းရဲ့ မဲဆန္ဒနယ်ဟာ နိုင်ငံမှာအကျယ်ဝန်းဆုံးဖြစ်ပြီး ဆွမ်ပရာ
ဘွမ်၊ ပူတာအို၊ မချမ်းဘော၊ နက်မန်းစ်နဲ့ ကောဂလန်ပုမြို့နယ် တွေပါ၀င်တဲ့ လူနေကျဲကျဲမြောက်ပိုင်း
ကချင်ပြည်နယ်ဟာ ၎င်းရဲ့မဲဆန္ဒနယ် ဖြစ်တယ်။
"ဒီမဲဆန္ဒနယ်ဟာ ကချင်ပြည်နယ် တစ်ခုလုံးရဲ့ သုံးပုံတစ်ပုံခန့် ရှိတယ်။ နေရာတော်တော်များများမှာ
ဒီဒေသ အကျယ်အဝန်းလောက်အတွက် ကိုယ်စားလှယ်နှစ်ဦး၊ သုံးဦးထက်မနည်း ရှိမယ်"လို့
နေပြည်တော်မှာ မကြာမီက လူတွေ့မေးမြန်းတဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ
လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
"ရွေးကောက်ပွဲအတွက် စည်းရုံးရေး ဆင်းတဲ့အခါမှာ ဒီမြို့နယ်အားလုံးကို ရောက်ခဲ့တယ်။ ဒါပေမဲ့
ဒီနောက်မှာ မြို့နယ်နှစ်ခုကိုတောင် ပြန်မသွားနိုင်ခဲ့ ဘူး"ဟု ၎င်းကပြောတယ်။ ကေအိုင်အေနဲ့
တပ်မတော်တို့ မကြာ ခဏတိုက်ခိုက်မှုကြောင့် ဆွမ်ပရာဘွမ် မှ ခရီးသွားဖို့ ခက်ခဲပါတယ်။
"ကောဂလန်ပုမှာ မြို့နယ်အဖျားကို ရောက်ဖို့တောင် ရက် ၂၀ လောက် လမ်း လျှောက်ရတယ်။
ရွာသားတွေဆီ လှည့်လည်သွားလာပြီး ပြန်လာဖို့နှစ်လထက် မနည်းကြာလို့ ကျွန်တော် ပြန်မသွား
နိုင်သေးဘူး" လို့ ၎င်းကပြောတယ်။
"အဲဒီမှာ မည်မည်ရရ လမ်းဆိုတာမရှိဘူး။ တောလမ်းတွေသာဖြစ်ပြီး၊ မျှော့နဲ့တောရိုင်းတိရစ္ဆာန်တွေ
ရှိတယ်။ ဘယ်သူမှမသွားချင်ကြဘူး။ ကျွန်တော် နဲ့လိုက်မယ့်လူဆိုလို့ ကျွန်တော့်ဆွေမျိုး တွေပဲရှိ
တယ်" လို့ ၎င်းကပြောတယ်။
ကချင်ပဋိပက္ခကြောင့် ၎င်းရဲ့မဲဆန္ဒ နယ်မှာ သွားရောက်ဖို့အလွယ်ဆုံးဖြစ်တဲ့ ပူတာအိုကိုတောင်
လေယာဉ်နဲ့သွားမှ ရောက်နိုင်တော့တယ်။ ကေအိုင်အေ ဟာ မြစ်ကြီးနား-ပူတာအိုလမ်း တစ်
လျှောက် တံတားတွေကို ဖျက်ဆီးထားကြလို့ပါ။ ဂျေယောဝုက သူ့ရဲ့ မဲဆန္ဒနယ်ကလူတွေကို
မြန်မာနိုင်ငံရဲ့ အမေ့ခံပြည်သူတွေလို့ခေါ်တယ်။
"ဗဟိုအစိုးရက ကျွန်တော်တို့လူတွေဆီ မရောက်ပေါက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တတ်နိုင်သ
လောက် လုပ်ပေးခဲ့တယ်။ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်လို့ နေပြည်တော်၊
မြစ်ကြီးနားနဲ့ မန္တလေးမြို့တွေမှာ သူတို့ အတွက် လုပ်ပေးပါတယ်" လို့ ၎င်းက ပြောတယ်။
လွှတ်တော်ထဲမရောက်မီ ဂျေယောဝု ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပညာသင်ခဲ့ပြီး၊ ကက်သလစ်ခရစ်ယာန်
ဘုန်းကြီးအဖြစ် ခုနစ်နှစ် တာဝန်ထမ်းခဲ့တယ်။ ၂၀၁၀ ပြည့်က ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်တုန်း
က လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအနေနဲ့ ဘယ်ဘဝရောက် မယ်ဆိုတာ မတွေးမိခဲ့ကြောင်း
၎င်းက ၀န်ခံခဲ့တယ်။ ဒါပေမဲ့ လေးစားလောက် တဲ့ အောင်မြင်မှုတွေတော့ ရခဲ့တယ်။ ဆန်ပြတ်လပ်မှု
သက်သာစေဖို့ ပူတာအို ကို ထောက်ပံ့ရေးလေယာဉ်တွေ စီစဉ်ရာမှာ ကူညီခဲ့တယ်။
ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ အမှုတွေဖော်ထုတ်ခဲ့ပြီး အရပ်သား တွေ သေဆုံးမှုမှာ တာဝန်ရှိတဲ့
စစ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ်သုံးဦးအား ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့ပုံကို ၎င်းက
ဂုဏ်ယူစွာပြောခဲ့တယ်။
"တကယ်ဝမ်းမြောက်စရာကောင်းတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး။ ဒီလွှတ်
တော်ဟာ လည်း ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီလက်ထဲမှာရှိတာပဲ။ လွှတ် တော်
ဘာလုပ်လုပ် လိုက်လုပ်ပေးရုံပဲ လို့ထင်ခဲ့တာ၊ ဒါပေမဲ့ လွှတ်တော်မှာ ကျွန်တော်တို့ ဖော်ထုတ်တင်
ပြနိုင်တဲ့ ကိစ္စတွေ အတော်များများကြီးရှိပါတယ်" လို့ ၎င်းက ပြောတယ်။
မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ဆိုင်းငံ့ဖို့ ၎င်းရဲ့အဆိုပြုချက်ကို အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့် က ကနဦးမှာ လျစ်လျူရှုခဲ့ပေမယ့် ဂျေယောဝုဟာ မြစ်ဆုံဆည်ကို ဆန့်ကျင် ဖို့
ပြင်းပြင်းထန်ထန် စည်းရုံးခဲ့တယ်။
"ဒါပေမဲ့ ကံကောင်းလို့ ကျွန်တော်တို့ ဥက္ကဋ္ဌက လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန မှ မြစ်ဆုံဆည်အလုပ်ရုံ
ဆွေးနွေးပွဲကို တက်ရောက်ဖို့ ကျွန်တော့်ကို ပြောခဲ့ တယ်။ အဲဒီမှာ ကျွန်တော်က ဒီ တည်ဆောက်
ခြင်းကို ပွင့်လင်းစွာ ကန့်ကွက်ခဲ့ တယ်"လို့ ၎င်းက ပြောတယ်။
စာမျက်နှာ ၂၆ မျက်နှာပါ အစီရင်ခံ စာကိုရေးပြီး ဥက္ကဋ္ဌထံတင်ပြလို့ ၎င်းက ချက်ချင်း သမ္မတကြီးထံ
လွှဲပြောင်း ပေးခဲ့တယ်။ ဒီညနေမှပဲ ဦးသိန်းစိန်က မြစ်ဆုံဆည်နဲ့ပတ်သက်တဲ့ စာတမ်း ကောင်းတစ်ခု
ရေးသားမှုအတွက် ကျွန်တော့်ကို ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောခဲ့တယ်။
ဒါပေမဲ့ ၁၀ ရက် ငြိမ်ငြိမ်လေးနေပြီး ပွင့်ပွင့်လင်းလင်း ထုတ်မပြောဖို့ ပြောခဲ့တယ်။ နောက် ခြောက်
ရက်အကြာမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ဆိုင်းငံ့ဖို့ သမ္မတ ကြီးက ဆုံးဖြတ်ခဲ့တယ်။
ဆည်တည်ဆောက်မှု ရပ်ထားဖို့ ၎င်းရဲ့ ကြိုးပမ်းမှုဟာ ပြည်သူ့လွှတ်တော် ရှိ စစ်တပ်မှ လွှတ်တော်
ကိုယ်စားလှယ် တချို့နဲ့ ပဋိပက္ခ ဖြစ်စေခဲ့တယ်။
စစ်တပ်ကလူတွေက "ဒီဟာကို တည်ဆောက်ရမယ်၊ ဒါဟာနိုင်ငံံ့အကျိုး အလို့ငှာဖြစ်တယ်" လို့
ပြောကြတယ်။ တကယ်လို့ တရုတ်နဲ့မြန်မာ စစ်ဖြစ်ရင် ခင်ဗျားကြောင့်ပဲလို့ သူတို့က စွပ်စွဲ ကြတယ်။
ဂျေယောဝုကလည်း "မပူကြ ပါနဲ့၊ ခင်ဗျားတို့ နောက်တန်းမှာနေပါ။ ကျွန်တော်ရှေ့တန်းက တက်
တိုက်မယ်၊ သေနတ်ဘယ်လို ပစ်ရမယ်ဆိုတာသာ သင်ပေးပါ။ ကျွန်တော်တို့ချည်း တိုက်စရာမလို
ပါဘူး၊ ကုလသမဂ္ဂ၊ ဒါမှမဟုတ် အိန္ဒိယနိုင်ငံကို ကျွန်တော်တို့ တောင်းဆိုနိုင်ပါတယ်။ အိန္ဒိယနဲ့
တရုတ် ဟာ ရန်သူဟောင်းတွေ မဟုတ်ဘူးလား လို့ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေ
ကို ပြောလိုက်တယ်"လို့ ရယ်ပြီး ပြောတယ်။
"စစ်တပ်ကလူတွေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဖြစ်တဲ့ ကျွန်တော်တို့ကို စစ်တပ်
အကြောင်း သိပ်မပြောလို့ ကြိုက်ကြပါတယ်။ ကျွန်တော့်အဖေနဲ့ အဘိုးတို့လည်း စစ်တပ်ကဖြစ်
တော့ သူတို့က ကျွန်တော့် အပေါ်ကောင်းကြပါတယ်" လို့ ဂျေယောဝုက ပြောတယ်။
၎င်းရဲ့ မဲဆန္ဒနယ်မှမဟုတ်တဲ့ မဲဆန္ဒရှင် ခရစ်ယာန်ဘာသာဝင်တွေနဲ့ မြန်မာနိုင်ငံအနှံ့ရှိ လီဆူးနဲ့
လူမျိုးစုတစ်စု နဲ့ဆိုင်တဲ့ လူနည်းစုများအားလုံးရဲ့ အကျိုး အတွက် ဂျေယောဝုက လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကြိုးပမ်းအားထုတ်တယ်။ ၎င်းရဲ့ မျိုးနွယ်စုအုပ်စုအတွက် လူဝင်မှုကြီး
ကြပ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းက ကချင်ပြည်နယ်ပြင်ပမှာ နေထိုင်တဲ့ လီဆူးတွေကို ခွဲခြားဆက်ဆံ
ပြီး ခြိမ်းခြောက် ငွေညှစ်ခြင်း မလုပ်စေရန် ၎င်းက စည်းရုံးနေတယ်။ ကေအိုင်အေနဲ့ တပ်မတော်ကြား
ပဋိပက္ခဟာ ကချင်ပြည်နယ်မှ နိုင်ငံရေး သမားအများစုကဲ့သို့ပင် ဂျေယောဝု အတွက် အဓိကအရေး
ကြီးတဲ့ပြဿနာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး အလားအလာအတွက် သိပ်အကောင်း မမြင်
သေးကြောင်း ၎င်းကပြောခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ
အပြုသဘော ပါ၀င်ဆောင်ရွက်ဖို့ အခက်အခဲတွေ့ နေကြတယ်လို့ ၎င်းကပြောတယ်။
"တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့နေရာဟာ ၎င်းရဲ့မဲဆန္ဒနယ်နဲ့ဝေးပေမယ့် သက် ရောက်မှုရှိနေဆဲဖြစ်
တယ်။ မြစ်ကြီးနားနဲ့ ပူတာအိုကားလမ်းကို ကေအိုင်အေက ဗုံးခွဲခြင်းကြောင့် အလွန်ဆိုးရွားတဲ့
အစားအစာပြတ်လပ်မှုတွေကို ဖြစ်စေတယ်။ ဆွမ်ပရာဘွမ်မှာ ကေအိုင်အေတပ်တွေဟာ ရဝမ်
နယ်ခြားစောင့်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ် နေတယ်။ ပဋိပက္ခတွေ ဆက်လက်ဖြစ်
နေတာနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ကေအိုင်အေနှစ်ဖက်စလုံးကို သူက ဝေဖန်ခဲ့တယ်။ မြစ်ကြီးနား
၊ ဖားကန့်နဲ့ ဗန်းမော်က လူတွေဟာလည်း သွယ်ဝိုက် ပြီး တိုက်ပွဲရဲ့သားကောင်တွေ ဖြစ်နေကြ ရ
တယ်"ဟု ဂျေယောဝုက ပြောတယ်။
"စစ်တပ်နဲ့ကေအိုင်အေအကြား ပဋိပက္ခ ဖြေရှင်းဖို့ သိပ်ခက်ပါတယ်။ ကေအိုင် အေနဲ့ကျွန်တော်တို့
လည်း မဆက်သွယ် နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူပုန်တွေ နဲ့ဆက်သွယ်ရင် ကျွန်တော်တို့မှာ
အပြစ် ရှိတယ်လို့ သူတို့ပြောလိမ့်မယ်။ လမ်းတွေ၊ တံတားတွေကို မဖျက်ဆီးဖို့ သူတို့ကို ပြောချင်
တာပဲဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့နဲ့စစ်တပ်နဲ့ ဆိုင်တယ်။ ဒါကြောင့် ကျန်တဲ့ကျွန်တော်
တို့ကို ထားခဲ့ပါ။ တကယ်လို့ သူတို့ရပ်ချင် တယ်ဆိုရင် 'အပစ်အခတ် ရပ်စဲရေး'သို့ ရောက်ရှိသွားပါ
လိမ့်မယ်။ ဒါပေမဲ့ ယခုအထိ 'အပစ်အခတ်ရပ်စဲမှု' လုပ်ဖို့ သူတို့မှာ ဆန္ဒရှိဟန်မတူဘူး"လို့
ဂျေယောဝုက ပြောတယ်။
သောမတ်စ်ကင်းန်
















