မြန်မာနိုင်ငံ၌ သတင်းစာလွတ်လပ်ခွင့် ယခင်ကထက် ပိုမိုပွင့်လင်းလာသည့် အချိန်တွင် ပြည်တွင်း
ပြည်ပသတင်း ထောက်များအနေဖြင့် လက်ရှိဖြစ်ပွားနေ သော အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့
၀င်များ ပဋိပက္ခတိုက်ပွဲများအပေါ် စိတ်ဝင်စားမှု ပိုမိုကြီးထွားလာကာ ကချင်ပြည်နယ်အတွင်းသို့
စွန့်စား သတင်းရယူကြသည့် သတင်းထောက်များစွာ ထွက်ပေါ်လာသည်။
စစ်သတင်းရေးသားရာတွင် အဘက်ဘက်မှ ထွက်ပေါ်နေသော သတင်းအချက်အလက်ပေါင်းစုံကို
ကချင်ပြည်နယ်အထိ သွားရောက် အတည်ပြု ရေးသားလိုသောကြောင့် ကေအိုင်အေ၊ ကေအိုင်အို
လက်နက်ကိုင်အဖွဲ့များ တည်ရှိရာ၊ လိုင်ဇာဒေသအထိ ရောက်ရှိ သတင်းရယူခဲ့သော သတင်း
ထောက်များက ၎င်းတို့အနေဖြင့် အတည်ပြုချက်ရရှိရန် ခက်ခဲသည့် အနေအထားများကို ရင်ဆိုင်ခဲ့
ရကြောင်း ပြောကြားသည်။
အထူးသဖြင့် ရန်ကုန်မြို့၌ အခြေစိုက်ကြသည့် ပြည်တွင်းပြည်ပ သတင်းဌာန များမှ သတင်း
ထောက်များမှာ အဆိုပါ လိုင်ဇာနှင့် အနီးဝန်းကျင်ဒေသများသို့ သတင်းသွားရောက်ရယူရန်မှာ
စွန့်စားရသည့်အနေအထားတွင်လည်းရှိခဲ့သည်။
ကချင်ပြည်နယ်၊ လိုင်ဇာသို့ ဇန်နဝါရီ လဆန်းပိုင်းက ၁၀ ရက် နီးပါးခန့် သွား ရောက်သတင်းရယူခဲ့
သည့် ရန်ကုန် အခြေစိုက် အလွတ်သတင်းထောက် မငြိမ်းငြိမ်းပြည့်က ၎င်းအနေဖြင့် အဆိုပါ
သတင်းရယူမည်ဟု ဆုံးဖြတ်ခဲ့စဉ်က သေမလား၊ ရှင်မလား နှစ်လမ်းသာရှိ သည်ဆိုသည်ကို မိမိ
ကိုယ်မိမိ သတိပေးခဲ့ကြောင်း၊ သို့ရာတွင် သတင်းထောက် တစ်ယောက်ဖြစ်နေခြင်းကြောင့် စွန့်စား
ပြီး သတင်းရယူရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။
"အကြောင်းအရာတွေက တော်တော် ရှုပ်ထွေးတာတွေရှိပါတယ်။ အရင်က ကချင်လူမျိုးနဲ့ မြန်မာ
လူမျိုးကြားမှာ မုန်းတီးမှုတွေ ရှိနေတယ်လို့ အွန်လိုင်း သတင်းစာမျက်နှာတွေကနေ သိခဲ့ရပေမယ့်
ဟိုရောက်တဲ့အခါ သူတို့ ကချင်တွေ က မြန်မာတွေကို မမုန်းတာ တွေ့ရပါတယ်"ဟု အသက် ၂၃
နှစ်အရွယ် သတင်း ထောက် မငြိမ်းငြိမ်းပြည့်ကပြောသည်။
ယခုကဲ့သို့ ကချင်ပြည်နယ်သို့ စစ်သတင်းလိုက်ဖြစ်ခြင်းသည် သူ့သတင်း ထောက်သက်တမ်းမှာ
ပထမဆုံးဟု ၎င်းက ဆိုသည်။
"အဲဒီကို မြန်မာသတင်းထောက် တစ်ယောက်အနေနဲ့ သတင်းသွားယူရတာ အများကြီးအဆင်ပြေ
ပါတယ်။ လုံခြံုမှုလည်းရပါတယ်။ ကိုယ်ပိုင်အမြင်နဲ့ ပြောရမယ်ဆိုရင် ဟိုက စစ်ပြေးဒုက္ခသည် တွေ
ကို သနားလည်း သနားတယ်။ ကိုယ်ချင်းလည်း စာမိတယ်" ဟု ၎င်းက ပြောသည်။
၎င်းနည်းတူ လိုင်ဇာသို့ သတင်းသွား ရောက်ရယူခဲ့သည့် ပြည်တွင်းသတင်း ဂျာနယ်တစ်စောင်ဖြစ်
သည့် မော်ဒန် ဂျာနယ်မှ အမျိုးသမီးသတင်းထောက် တစ်ဦးကလည်း သူ၏ခရီးစဉ်အတွင်း
ကေအိုင်အေ တပ်သားများသာမက ဒေသခံများနှင့်ပါ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး သတင်းထောက်
တစ်ဦးအနေဖြင့် လုံခြုံမှုရှိကြောင်း၊ ဒေသခံများက များစွာ ကူညီကြောင်း ပြောသည်။
"ရောက်ခဲ့တဲ့အချိန်အတွင်း ဗုံးသံတွေ ကတော့ အကျယ်ကြီး ကြားရတယ်။ လူ တွေက လေယာဉ်
ကြီးတွေလာပြီဆိုတာ နဲ့ ထွက်ကြည့်ကြတယ်။ လေယာဉ်က တော့ ရာသီဥတုမကောင်းရင် မလာ
တတ်ဘူး။ ရှေ့တန်းကိုတော့ ကျွန်မတို့ မရောက်ဖြစ်ပါဘူး။ ဒေသခံတွေ ပြောတာကိုပဲ ကြားခဲ့ရတာ
ပါ"ဟု ၎င်းကဆို သည်။
ကချင်စစ်ပွဲများနှင့် ပတ်သက်ပြီး သတင်းရေးသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ နယ်မြေမလုံခြံုမှုနှင့်၊
အခြားသော ရှုပ်ထွေးစရာ သတင်းအချက်အလက်များကြောင့် ပြည်တွင်းအခြေစိုက် သတင်း
ထောက်အများစုမှာ စစ်သတင်း ရေးသားနိုင်ရန် အခွင့်မသာနိုင်ကြဘဲ တယ်လီဖုန်းမှတစ်ဆင့်သာ
ဆက်သွယ် မေးမြန်းကြခြင်းဖြင့်သာ သတင်းများ ရေးသားနိုင်ခဲ့ကြသည်။
သို့ရာတွင် ကချင်ပြည်နယ်၊ မြစ်ကြီး နားတွင် သုံးလခန့်ရောက်ရှိနေပြီး အဆိုပါသတင်းများကို
ရေးသားနေ သော အလွတ်သတင်းထောက် မဂျွန်ဝေ နိုင်ကလည်း ဒေသခံများကို လွတ်လပ်စွာ
သတင်းမေးမြန်းခွင့်ရရှိသဖြင့် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်ကထက် များစွာ ပွင့်လင်းလာသည်ကို တွေ့ရ
သည်ဟု ဆိုသည်။
သတင်းထောက်တစ်ယောက်အဖြစ် ပွင့်ပွင့်လင်းလင်း ပြောဆိုမိတ်ဆက်ပြီး သတင်းရယူခြင်း ဖြစ်
သော်လည်း ၎င်း၏ အလုပ်အပေါ်တွင် မည်သည့်အစိုးရ အဖွဲ့အစည်းကမှ လာရောက်ကန့်သတ်
တားမြစ်ခြင်းများမရှိကြောင်း ဆိုသည်။
"အခက်အခဲတစ်ခုပဲရှိတာက တပ်မတော်ဘက်က အရာရှိကြီးတွေကို မေး မြန်းလို့ မရတာပါပဲ" ဟု
၎င်းက လက်ရှိ ကြံုရသည့် အခက်အခဲကို ပြောသည်။
ပြည်တွင်းပြည်ပ သတင်းထောက်များ အနေဖြင့် လက်ရှိ ကချင်စစ်ပွဲများနှင့် ပတ်သက်သည့်
သတင်းအချက်အလက်များကိုရယူရာတွင် ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့များမှ ထုတ်ပြန်သည့်
သတင်းအချက်အလက်များကို အခြေခံမှုအများဆုံးဖြစ်ကာ ထိုအဖွဲ့များကလည်း သတင်းထောက်
များ၏ မေးမြန်းချက်များကို အချိန်တိုအတွင်း ဖြေဆိုပေး လေ့ရှိနေသည်။
ထိုအရေးနှင့်ပတ်သက်ပြီး မြန်မာတိုင်း(မ်)က သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး
၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ပြီးခဲ့သည့်သီတင်းပတ်က မေးမြန်းခဲ့ရာတွင် တပ်မတော်
အနေဖြင့် သတင်းထောက်များ၏ လုံခြံုရေးအတွက် လတ်တလောတွင် ခွင့်ပြုပေးနိုင်ဦးမည်မဟုတ်
ကြောင်း ဖြေကြားခဲ့သည်။
"အစိုးရရော၊ ကေအိုင်အေပါ သတင်းတိုင်းမှာ သူတို့ဘက်အနေအထားကနေ ထုတ်ဖော်ပြောဆိုမှု
တွေ ရှိနေပါတယ်။ တစ်ခါတလေ ကောလာဟလတွေက ပြည်သူတွေကို ပိုပြီးထိတ်လန့်စေတယ်"
ဟု မဂျွန်ဝေနိုင်က ဆိုသည်။
"သူတို့ ကေအိုင်အေတပ်သားတွေနဲ့ တွေ့ခွင့်ရတော့ သူတို့တွေက စနစ် ကြောင့် တိုက်နေကြတာ
လို့ ပြောတယ်။ တိုင်းရင်းသား အခွင့်အရေးအတွက် ကြောင့် တိုက်တာလို့ပြောတယ်။ တာဝန်ရှိသူ
တွေနဲ့ နိုင်ငံရေးအရဆွေးနွေးချင် တာတွေ ရှိပါတယ်" ဟု မော်ဒန်ဂျာနယ် မှ သတင်းထောက်တစ်ဦး
ကလည်း ပြောကြားသည်။
ကချင်ပြည်နယ်၊ လိုင်ဇာသို့ ရောက်ရှိ သတင်းရယူခဲ့ကြသည့် သတင်းထောက်များအနေဖြင့် စစ်ပွဲ
ကာလအတွင်း အဖြစ်အပျက်များသာမက ဒေသခံများ၏ လတ်တလော ခံစားချက်ဖြစ်ရပ်များကိုပါ
မြင်တွေ့လာကြရသောကြောင့်၊ မျှတသည့် သတင်းပေးပို့မှုများ ဖြစ်ပေါ်စေရန်၊ ကောလာဟလများ
မထွက်စေရန် အစိုးရပိုင်းကလည်း ထိုကဲ့သို့ စစ်ပွဲတွင်း ၀င်ရောက် သတင်းရယူခွင့်ပေးစေလိုကြောင်း
လည်း ပြောဆိုလျက်ရှိသည်။
မငြိမ်းငြိမ်းပြည့်က ကချင်ပြည်နယ်သို့ မရောက်ခင် အွန်လိုင်းသတင်းစာမျက် နှာများတွင် တွေ့ခဲ့ရ
သော အနေအထား နှင့် မျက်မြင်တွင် တချို့ အချက်အလက်များ များစွာကွာခြားနေသည်ကိုမြင်
တွေ့ ခဲ့ရသည်ဟု ဆိုသည်။
"တကယ်တမ်းတော့ ကချင်တွေက မြန်မာတွေကို မမုန်းကြပါဘူး"ဟု ၎င်းက ပြောသည်။
















