ပုဂ္ဂလိကဘဏ်များကို အများပိုင်ဘဏ်အဖြစ်ပိုမိုပြောင်းလဲလာနိုင်ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင်
ပေါ်ပေါက်ရန် ရည်မှန်းထားသော ငွေအရင်းအနှီးဈေးကွက် အတွက် အလားအလာပိုကောင်းလာနိုင်
ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသားများဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာနိုင်ငံမွေးမြူရေး နှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေး
ဘဏ်နှင့် မြန်မာ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ် တို့သည် အများပိုင်ဘဏ်ဖြစ်များသည်။
"ဒီနိုင်ငံရဲ့အလေ့အကျင့်အရ အများပိုင်ပုံစံမျိုး သိပ်မရှိဘူး။ ဒါပေမဲ့ နောက်ပိုင်းတော့ ပိုများလာမယ့်
အနေအထား ရှိပါတယ်"ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (အေဂျီဒီ) သည် ဗဟိုဘဏ်၏
ခွင့်ပြုချက်ဖြင့် အများပိုင်ဘဏ်အဖြစ် ပြောင်းလဲတော့မည်ဖြစ်ကြောင်း ဘဏ်၏ဒါရိုက်တာအဖွဲ့က
ဆုံးဖြတ်ခဲ့ပြီး ယင်းအတွက် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိပြီး ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ သတ်မှတ်သော လုပ်ထုံးနှင့် အညီ တင်ပြပြီးဖြစ်ကာ သက်ဆိုင်
ရာဌာန မှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အေဂျီဒီလက်ထောက် ဦးဆောင်ညွှန် ကြားရေးမှူး
ဦးသက်လွင်ရွှေက ပြောသည်။
"ပုဂ္ဂလိကဘဏ်နဲ့ ပိုင်ဆိုင်မှုပုံစံပဲ ကွာခြားသွားမှာပါ။ ၀န်ထမ်းတွေကို ရှယ်ယာတွေ ပေးပြီးနောက်ပိုင်း
အများပြည်သူကို ထုတ်ရောင်းဖြစ်မယ်" ဟု အေဂျီဒီ၏ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး
ဦးသက်လွင်ရွှေက ပြောသည်။
အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲ ခြင်းနှင့် အစုရှယ်ယာထုတ်ရောင်းခြင်း အဆင့်သုံးဆင့်အတွက်
သက်ဆိုင်ရာဌာနများမှ တရားဝင်ခွင့်ပြုချက်ရယူပြီး၊ ကုမ္ပဏီမှတ်ပုံတင်ကို အများပိုင်အဖြစ် ပြန်လည်
မှတ်ပုံထားရမည်ဖြစ်သည်။
ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ၊ အမြတ်အစွန်းများ၊ အနာဂတ်စီမံချက်များ ပေါ်မူတည်ပြီး
လွတ်လပ်သော ကျွမ်းကျင် အဖွဲ့အစည်းမှ တန်ဖိုးအသစ်သတ်မှတ် ခြင်းနှင့် ယင်းတန်ဖိုးသတ်မှတ်
ချက်ကို ခိုင်လုံသော စာရင်းဇယား၊ သက်သေ အထောက်အထားနှင့်တကွ ထုတ်ပြန် ကြေညာပြီး
ရှယ်ယာတန်ဖိုးသတ်မှတ်ကာ စတော့ဈေးကွက်တွင် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း
ပြု နိုင်ရန်လိုအပ်ကြောင်း အေဂျီဒီဘဏ်၏ အွန်လိုင်းစာမျက်နှာပေါ်တွင် ရေးသားထားသည်။
"ပုဂ္ဂလိကနဲ့ အများပိုင်ကွာခြားသွားတာက အများပိုင်က ပိုပြီးလုံခြံုမှုရှိတယ်။ ထူးကပိုင်မယ့်အစား
အများကအစုရှယ်ယာဝင်ပြီး ဆုံးဖြတ်ချက်ချတဲ့ အခါမှာလည်း ရှယ်ယာအချိုးကျထည့်ဝင်ထားတဲ့
ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ဆိုတော့ ပိုပြီးတော့ မှန်ကန်စိတ်ချရတယ်။
"ရင်းနှီးမြုှပ်နှံမှုတွေ ပမာဏပိုတိုးလာမှာဖြစ်သလို လုပ်ကိုင်ဆောင်ရွက်တဲ့ လုပ်ငန်းဧရိယာလည်း
ပိုကျယ်ပြန့်လာမယ်"ဟု ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ပါ၀င်
သောအသင်းများ ဖြစ်သည့် ဆန်၊ ရွှေ၊ သစ်နှင့် ကျောက်မျက် ရတနာစသော အသင်းများကို
အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး ငွေအရင်း အနှီးဈေးကွက်အတွက်ပြင်ဆင်ထား ကြောင်း
သိရသည်။
















