တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ (ဒီကေဘီအေ) မှ အဖွဲ့ဝင်များ နေထိုင်ရန် ရယူခဲ့
သော မြေများကို ၁၈ နှစ် ကျော်ကြာသည်အထိ မူလနေထိုင်သူများထံ ပြန်လည်လွှဲအပ်ခြင်းမရှိ
သေး သဖြင့် မိမိတို့ပိုင်မြေကို တရားဝင် ပြန်လည်ရလိုကြောင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊
ကမမောင်းမြို့နယ်ခွဲ၊ ကတိုင် တိကျေးရွာမှ ရွာသားများက ယခုလ ၂၈ ရက်နေ့တွင် ပြောသည်။
"လွန်ခဲ့တဲ့ ၁၈ နှစ်ကျော်တုန်းက လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တဲ့ ဒီကေဘီအေအဖွဲ့က အဖွဲ့
၀င်တွေ ခဏ နေထိုင်ဖို့ ကျွန်တော်တို့ အိမ်၊ ခြံ၊ မြေကို အသုံးပြုခဲ့ပါတယ်။ လမ်းမတန်းက အိမ် ၁၅
လုံးကို ယူတယ်။ အိမ်ပိုင်ရှင်တွေကို သုံးရက်အတွင်း ဖယ်ပေးရမယ်ဆိုလို့ ဖယ်ပေးလိုက်ရတယ်။
လေးနှစ်နဲ့ တစ်လပဲ နေမယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ ထွက်သွားပြီးတော့ မူလပိုင်ရှင်တွေလက်
ကို ပြန်မအပ်ဘဲ လူအသစ်တွေကိုလွှဲခဲ့ ပါတယ်။ အဲဒီနေရာတွေမှာ အခုလက်ရှိ နေနေတာက
ဒီကေဘီအေတွေ နားလည်မှုနဲ့ လက်လွှဲပြောင်းပြုလုပ်ခဲ့ တဲ့ ပြင်ပအရပ်သားတွေပါ" ဟု ရွာခံတစ်ဦး
ဖြစ်သူ ဦးအေးဝင်းက ပြောသည်။
ကတိုင်တိရွာမှာ ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သော ဘားအံမြို့မှနေ၍ မိုင် ၁၀၀ ကျော်ခန့်ဝေးကွာ
ပြီး အိမ်ခြေ ၈၀ ခန့် ရှိကာ ရွာသူရွာသားများမှာ အဓိက အားဖြင့် လယ်ယာကိုင်းကျွန်းကို လုပ်ကိုင်
ကြသည်ဟု သိရသည်။
လက်နက် နှင့် ငြိမ်းချမ်းရေးလဲလှယ်ပြီးနောက် တော ထဲတွင် နေထိုင်ကြသော ဒီကေဘီအေ အဖွဲ့
၀င်များသည် ပြည်သူများနေထိုင် သော ကျေးရွာများသို့ ရွှေ့ပြောင်းလာကြသည်ဟု ဦးအေးဝင်းက
ဆိုသည်။
"ကတိုင်တိ-ဖာပွန် လမ်းမကြီးဘေးက ရွာမြေဧက ၂၀ ကျော်ကို သိမ်းသွားခဲ့တာပါ။ အိမ်ဝိုင်း ၁၅
၀ိုင်းပေါ့။ ကျွန်တော်တို့ အားလုံးမှာ ဒီမြေတွေနဲ့ပတ်သက်ပြီး အမည်ပေါက်ပြေစာတွေလည်းရှိတယ်။
ဘိုးဘွားပိုင်မြေအဖြစ်လည်း မြေစာရင်း ဦးစီးဌာနမှာ မှတ်တမ်းတင်ထားတယ်။ နှစ်စဉ် အခွန်ပေး
ဆောင်ထားတဲ့ ဖြတ်ပိုင်းတွေလည်းရှိတယ်။ ဒါပေမဲ့ စာရွက်စာတမ်းတွေသာရှိပြီး ကိုယ်တိုင်ကတော့
အိမ်ငှားနေရတဲ့ အဖြစ်ကို ရောက်နေတယ်" ဟု ၎င်းနေထိုင်ခဲ့သော မြေတစ်ဧကခွဲခန့် ဆုံးရှုံးခဲ့သူ
ဦးအေးဝင်း က ပြောသည်။
၎င်းတို့၏မြေများ ဆုံးရှုံးခဲ့ရခြင်းကို ပြန်လည်စိစစ်၍ မူလမြေပိုင်ရှင်လက်ထဲသို့ တရားဝင်ပြန်လွှဲပေး
ရန် ကရင်ပြည် နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတရုံးထံ စာများပေးပို့ တောင်းဆိုထားသော်လည်း
လအတန်ကြာသည်အထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသေးဟု ရွာသားများက ပြောသည်။
"နှစ်တွေလည်း ဒီလောက်ကြာပြီ။ ကိုယ့်မြေပေါ်မှာ ကိုယ်ပြန်နေချင်ပြီ။ စာတွေလည်းတင်တယ်။
သမ္မတဆီ လည်း တင်တယ်။ ၂၀၁၂၊ ငါးလပိုင်းက တစ်ခါ၊ ကိုးလပိုင်းက တစ်ခါတင်တယ်။ အခုထိ
တော့ ဘာမှ မထူးခြားသေးဘူး။ လယ်ယာမြေနှင့် အခြားမြေများသိမ်း ခံရမှု စုံစမ်းရေးကော်မရှင်ကို
လည်း ဒီကိစ္စစစ်ဆေးပေးဖို့ စာတင်ထားတယ်" ဟု ဒေါ်အေးအေးဝင်းက ပြောသည်။
ဒီကေဘီအေအဖွဲ့ဝင်များထံမှ လက်လွှဲရယူနေထိုင်လျက်ရှိသည်ဟုဆိုသူများက အာဏာပိုင်များ
ထံမှမြေကို ပြန်အပ်ခိုင်းသည့် ညွှန်ကြားချက်တစ်စုံ တရာပေးခဲ့လျှင် ပြန်အပ်၍ရွှေ့ပြောင်း ပေးရန်
၀န်မလေးဟု ပြောကြကြောင်း ၎င်းက ပြောသည်။
"နေတဲ့လူတွေ ကိုယ်တိုင်က ပြော တယ်။ ဒါသူတို့ပိုင်မြေမဟုတ်ဘူး။ သူတို့ သိတယ်တဲ့။ ဒါပေမဲ့
အထက်က ဖယ်လို့ ပြောမှဖယ်ပေးနိုင်မယ်တဲ့။ အဲဒါကြောင့် လူကြီးတွေဆီစာတင်ပြီး ပြန်စစ်ဆေး
ပေးဖို့တောင်းဆိုရတာ" ဟု ဒေါ်အေးအေးဝင်းက ပြောသည်။
လွှတ်တော်မှ ဖွဲ့စည်းထားသော လယ် ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်
မရှင်အဖွဲ့ဝင်၊ ဖာပွန်မြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သူ ဦးစိုင်းသန်းနိုင်က မူလက်ရှိ
အချိန်သည် လွှတ်တော်ကျင်းပ နေဆဲကာလဖြစ်သည့်အတွက် စုံစမ်း ရေးကိစ္စများကို မကိုင်တွယ်
နိုင်သေး ကြောင်း ပြောသည်။
"လောလောဆယ် စာရောက်လာတာ ကိုတောင်မှ ကျွန်တော်တို့ မသိနိုင်သေးပါဘူး။ လွှတ်တော်
ကျင်းပနေဆဲဖြစ်တာ ကြောင့် လွှတ်တော်ကိစ္စတွေနဲ့ မအားလပ်နိုင်သေးတာရယ်၊ ကော်မရှင်ရဲ့
သဘောအရ လွှတ်တော်ခေတ္တရပ်နား ကာနီးမှ ကော်မရှင်ဥက္ကဋ္ဌက အဖွဲ့ဝင် တွေအားလုံးကို
အစည်းအဝေးခေါ်၊ သူ တာဝန်ယူတဲ့ နယ်ပယ်မှာ ဘယ်ကိစ္စ တော့ရှိတယ်၊ စုံစမ်းပါဦးဆိုပြီး ချပေးတဲ့
သဘောရှိတာရယ်ကြောင့် လတ်တလော ဘာမှမသိနိုင်သေးပါဘူး။ တကယ်လို့ တာဝန်ပေးလာရင်
လွှတ်တော်ရပ်နား ထားတဲ့အချိန်မှာ စုံစမ်းပေးသွားမှာပါ" ဟု ဦးစိုင်းသန်းနိုင်က ယခုလ ၂၉ ရက်နေ့
က ပြောသည်။















