နေ့စဉ်သတင်းစာထုတ်ရန် ဆက်လက်ဆောင်ရွက်မည်ဟု မြန်မာတိုင်း(မ်)ကို စတင် တည်ထောင်သူက ပြောကြား

နေ့စဉ်သတင်းစာထုတ်ရန် ဆက်လက်ဆောင်ရွက်မည်ဟု မြန်မာတိုင်း(မ်)ကို စတင် တည်ထောင်သူက ပြောကြား

ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက မြန်မာတိုင်း(မ်) ဂျာနယ်ထုတ်ဝေသော မြန်မာကွန်ဆိုလီ
ဒိတ်တက်မီဒီယာလီမိတက် (MCM) ရုံးချုပ်၌ ဖြစ်ပွားခဲ့သော ရှယ်ယာပိုင်ရှင် နှစ်ဦးအကြား ဖြစ်ရပ်
နှင့် ပတ်သက်၍ အပြန်အလှန်အမှုဖွင့်သည့်အထိ ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း နေ့စဉ်သတင်းစာ
ထုတ်ဝေမည့်အရေး ထိခိုက်မှုမရှိနိုင်ဟု ၎င်းကုမ္ပဏီ၏တည်ထောင်သူလည်းဖြစ်၊ ကုမ္ပဏီ ဒါရိုက်တာ
အဖွဲ့၏ ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ မစ္စတာရော့စ် ဒန်ကလီက ပြောကြားသည်။

၎င်းနေ့က ဗိုလ်အောင်ကျော်လမ်း မြန်မာတိုင်း(မ်)ရုံးချုပ်၌ ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်
ဆိုင်သော ဒေါက်တာတင်ထွန်းဦး၏ ဇနီးဖြစ်သူ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးသည် ကုမ္ပဏီနှင့်
မသက်ဆိုင်သော အခြားလူ ငါးဦးအား ခေါ်ဆောင်၍ ၀င်ရောက်လာပြီး ကုမ္ပဏီတည်ထောင်သူနှင့်
ရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်သူ မစ္စတာရော့စ် ဒန်ကလီနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်အချင်းများ
မှုများ ဖြစ်ပွားခဲ့သည်။

ထိုနေ့နံနက်ပိုင်းက မစ္စတာဒန်ကလီမှ ဒေါ်ခင်မိုးမိုးထံသို့ ရုံးစာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရသည်။

၎င်းစာတွင် မစ္စတာဒန်ကလီက ၎င်းထံ ကြိုတင်အသိပေး အကြောင်း ကြားခြင်းမရှိဘဲ မြန်မာ
တိုင်း(မ်)၏ စီမံခန့်ခွဲ အုပ်ချုပ်မှုကိစ္စများအား ၀င်ရောက်လုပ်ဆောင်ရန်အတွက် လာရောက်မည့်
ကိစ္စအား သဘောမတူကြောင်း၊ ၎င်း၏ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာခဲ့ပါက ၎င်း၏လုပ်ပိုင်ခွင့်
အရ တားဆီးမည်ဖြစ် ကြောင်း ကြိုတင်အကြောင်းကြားစာ ပို့ခဲ့သည်ဟု သိရသည်။

ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာ ဒေါ်ခင်မိုးမိုးတို့မှာ ရှယ်ယာ ၅၁ ရာခိုင် နှုန်းပိုင်ဆိုင်သူများဖြစ်
ကြပြီး ဒေါက်တာတင်ထွန်းဦးသည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော်လည်း ကုမ္ပဏီ၏
နေ့စဉ် စီမံခန့်ခွဲ အုပ်ချုပ်မှုလုပ်ငန်းများတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုပါဟု သဘောတူညီမှု
ပြုလုပ်ထားကြောင်း ၎င်းက ပြောသည်။

၎င်းသဘောတူညီမှုတွင်ပါ၀င်သော အချက်အလက်အချို့အရ MCM ကုမ္ပဏီမှထုတ်ဝေသော
စာစောင်များ နှင့် ပတ်သက်၍ ခွင့်ပြုချက်ရယူခြင်း အပါအဝင် လုပ်ဆောင်ရမည့်တာဝန်များကို
မြန်မာရင်းနှီးမြှုပ်နှံသူများက ဆောင်ရွက်ပေးရမည်ဟု သိရှိရသည်။

"စာချုပ်ပေါ်မှာ သူတို့လက်မှတ်ထိုးသလို ကျွန်တော်လည်း ထိုးထားတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်း
ကမ်းတွေကို သူတို့ လေးစားလိုက်နာမှုမရှိခဲ့ဘူး"

"ကျွန်တော်ဟာ အုပ်ချုပ်မှုဒါရိုက်တာ တစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ နေ့စဉ် စီမံခန့်ခွဲမှုကိစ္စရပ်တွေ
အားလုံးကို ကိုင်တွယ်နေသူပါ။ ဒေါ်ခင်မိုးမိုးအနေနဲ့ သူရဲ့အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်ဟာ ဘာလဲဆို
တာနဲ့ သူဟာ ဒီကုမ္ပဏီရဲ့ တစ်ဦးတည်း သောပိုင်ရှင်မဟုတ်ဘူးဆိုတာ နားလည် သဘော ပေါက်
သင့်တယ်"ဟု ၎င်းကပြောသည်။

ထိုနေ့ဖြစ်ရပ်တွင် ဒေါက်တာဒေါ်ခင်မိုးမိုး သည် အခြားသူငါးဦးနှင့်အတူ အုပ်စုလိုက် မြန်မာတိုင်း(မ်)
ရုံးခန်းအတွင်း ၀င်ရောက်ရှိလာခဲ့သည်။

၎င်းနှင့်လိုက်ပါလာခဲ့သောသူများမှာ မြန်မာတိုင်း(မ်)၏ မိခင်ကုမ္ပဏီ MCM နှင့် မသက်ဆိုင်သောသူ
များဖြစ်ပြီး လိုက်ပါလာသူများထဲမှ တစ်ဦးသည် ကင်မရာတစ်လုံးနှင့် ၎င်းအချင်းများမှုအဖြစ်အပျက်
အား ဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရှိရကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်မှ ၀န်ထမ်းတစ်ဦးက
ပြောသည်။

လိုက်ပါလာသူများမှာ ဒေါက်တာဒေါ်ခင်မိုးမိုး၏ သားမက်ဖြစ်သူ ဒေါက်တာလူမွန်၊ ပြည်မြန်မာ
ဂျာနယ်မှ ဓာတ်ပုံဆရာ၊ ဒေါက်တာခင်မိုးမိုး၏ အတွင်းရေးမှူး အပါအဝင် စုစုပေါင်း လူငါးဦးဖြစ်သည်။

ဒေါက်တာဒေါ်ခင်မိုးမိုးနှင့် လိုက်ပါလာသည့် ၎င်းလူအုပ်စုများ မြန်မာတိုင်း(မ်)ဂျာနယ်ရုံး အတွင်းသို့
၀င်ရောက်လာရာ၌ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ခဲ့သည်ဟုသိရပြီး သက်ဆိုင်ရာလုံခြံု ရေးနှင့် တာဝန်
ရှိသူများက MCM ကုမ္ပဏီနှင့် မသက်ဆိုင်သူများဖြစ်သဖြင့် တားဆီးခဲ့သည်ကို လျစ်လျူရှုပြီး
ကုမ္ပဏီရုံးခန်းအတွင်းရှိ ၀န်ထမ်းများ အလုပ်လုပ်နေသည့်နေရာတွင် ဓာတ်ပုံရိုက်ခြင်းစသည့် အပြု
အမှုများကို ပြုလုပ်ခဲ့သည် ဟု မစ္စတာရော့စ်ဒန်ကလီက ပြောသည်။

ထိုကိစ္စအတွက် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာတိုင်း(မ်)ရုံးခန်း၌ ပြုလုပ်ခဲ့ သော
သတင်းစာရှင်းလင်းပွဲတွင် မစ္စတာရော့စ်ဒန်ကလီက "သူတို့ရဲ့အပြုအမူတွေကြောင့် နေ့စဉ်သတင်း
စာထုတ်ဝေမည့်ကိစ္စရပ်တန့် သွားမှာ မဟုတ်ပါဘူး။ နေ့စဉ်သတင်းစာ ထုတ် ဝေရေးဟာ အမြဲတမ်း
အမြင့်ဆုံးထားခဲ့တဲ့ ဦးစား ပေးကိစ္စတစ်ခုဖြစ်သလို အဲဒီအတွက်လည်း ဆက်ဆောင်ရွက်သွားမှာပါ"
ဟု ပြောသည်။

သတင်းစာထုတ်ဝေရာတွင် သတင်းတည်း ဖြတ်မှုနှင့်ပတ်သက်၍ မိမိအနေဖြင့် ၀င်ရောက်စွက်ဖက်
ခြင်းမရှိဘဲ လွတ်လပ်စွာဆောင်ရွက်နိုင်ရန် မိမိ၏ ဂျာနယ်မှ အယ်ဒီတာများအား လုပ်ပိုင်ခွင့်ပေးထား
သည်ဟုလည်း မစ္စတာရော့စ်ဒန်ကလီက ပြောကြားသည်။

နိုင်ငံတော်အစိုးရက နေ့စဉ်သတင်းစာထုတ်ရန် လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ
စတင်လက်ခံမည်ဖြစ်ပြီး စတင်ထုတ်ဝေခွင့်ကို ဧပြီလ ၁ ရက်နေ့ဟု ကြေညာထားသည်။

အစိုးရခွင့်ပြုသည့်နေ့ ဧပြီလ ၁ ရက်နေ့တွင် ထုတ်ဝေနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

ဒေါ်ခင်မိုးမိုးက ၎င်း၏ခင်ပွန်း ဒေါက်တာတင်ထွန်းဦး ခရီးသွားနေစဉ်တွင် အမှုဆောင် အရာရှိချုပ်
ရာထူးနှင့် တာဝန်အား၎င်းအား တရားဝင်လွဲအပ်သွားကြောင်းနှင့် ၎င်းမှာ MCM ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်
ကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ကာ မစ္စတာရောစ့်ဒန်ကလီမှာ ၎င်း၏ အလုပ်သမားဖြစ်ကြောင်း
နှင့် အလုပ်ရှင်အား စော်ကားသည့်အတွက် အလုပ်ထုတ်မည်ဖြစ်ကြောင်းလည်း ၎င်း၏ စွယ်စုံ
မီဒီယာဂရု(ပ်) ရုံးခန်း၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

"ဒါအလုပ်သမားက အလုပ်ရှင်ကို စော်ကားတာပါ"ဟု ၎င်းက ပြောသည်။

၎င်းနေ့ဖြစ်ရပ်နှင့် ပတ်သက်၍ မစ္စတာရော့စ်ဒန်ကလီက ၎င်းကို ကိုယ်ထိလက်ရောက် စော်ကားမှု
ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၅၄ နှင့် ၃၂၃ တို့ဖြင့် အမှုဖွင့်ထား
ကြောင်း ဒေါ်ခင်မိုးမိုးက ပြောသည်။

"ကျွန်တော်တို့ဘက်ကလည်း တရားဥပဒေ နှင့်ဖြေရှင်းဖို့ အသင့်ပါပဲ"ဟု မစ္စတာဒန်ကလီ က ၎င်း၏
သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မစ္စတာ ရော့စ်ဒန်ကလီကလည်း ၎င်းကျောက်တံတားမြို့နယ် ရဲစခန်း၌ပင် ယခုလ ၂၉ ရက်နေ့ က
ဒေါက်တာဒေါ်ခင်မိုးမိုးနှင့် အပေါင်းအပါ ငါးဦးအား အမှုဖွင့်ထားခဲ့ရာ သက်ဆိုင်ရာ ရဲစခန်း မှ ရာဇ
သတ်ကြီး ပုဒ်မ ၁၁၄၊ ၂၉၄ နှင့် ၅၀၆ တို့ဖြင့် လက်ခံအမှုဖွင့်ခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့၌ ဒေါက်တာဒေါ်ခင်မိုးမိုးက မြန်မာတိုင်း(မ်)မှ မန်နေဂျာ အဆင့်ရှိ ၀န်ထမ်း
များအား ဇန်နဝါရီလ ၂၉ ရက် နေ့ မွန်းလွဲ ၂ နာရီတွင် ၎င်းနှင့် တွေ့ဆုံအစည်း အဝေးတက်ရောက်
ရန် ပြောဆိုခဲ့ပြီး မတက် ရောက်နိုင်ပါက မည့်သည့်ကိစ္စကြောင့် မတက် ရောက်နိုင်ကြောင်းကို
ရေးသားလက်မှတ်ထိုး၍ ပေးပို့ရန် ပြောဆိုထားသော်လည်း တစ်ဦး တစ်ယောက်မှလာရောက်
အကြောင်းပြန်ကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

မြန်မာတိုင်း(မ်)၊ အင်္ဂလိပ်ဘာသာဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး မြန်မာ
ဘာသာနှင့်စာစောင်ကို ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။

စတင်ထုတ်ဝေစဉ်ကာလ၌ မြန်မာတိုင်း(မ်)၏ အစုရှယ်ယာရှင်များမှာ မစ္စတာရော့စ်ဒန်ကလီနှင့်
ဦးဆန်နီဆွေတို့ဖြစ်ကြသည်။

၂၀၀၅ ခုနှစ်နှောင်းပိုင်းတွင် ထိုစဉ်က အခြေအနေ အကြောင်းကြောင်းကြောင့် ဦးဆန်နီဆွေ၊ ၎င်း၏
ဇနီး ဒေါ်ယမင်းထင်အောင် တို့၏ ရှယ်ယာများအား စွယ်စုံမီဒီယာဂရု(ပ်)မှ ဒေါက်တာတင်ထွန်းဦးနှင့်
ဒေါက်တာဒေါ်ခင်မိုးမိုးတို့အား လွှဲပြောင်းရောင်းချခဲ့ရသည်။

၎င်းရှယ်ရာရောင်းချမှု အလွှဲအပြောင်းများတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုပြုလုပ်ခဲ့ကြပြီး ၎င်း
သဘောတူညီချက်များအရ MCM ကုမ္ပဏီ၏ စီမံခန့်ခွဲမှု အပိုင်းများတွင် မစ္စတာ ရော့စ်ဒန်ကလီက
အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာတိုင်း(မ်)ဂျာနယ်၏ စီမံခန့်ခွဲမှုအပိုင်း၌ အပြောင်းအလဲများဖြစ်
ပေါ်ခဲ့ပြီး ဒေါက်တာတင်ထွန်းဦးသည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ရာထူးကို ရယူခဲ့သည်။

၎င်းအပြောင်းအလွှဲရှိခဲ့သည့် နောက်ပိုင်းတွင် MCM ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအပိုင်းကို အုပ်ချုပ်မှု
ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့် မစ္စတာရော့စ်ဒန်ကလီက ကုမ္ပဏီ၏ နေ့စဉ်စီမံ ခန့်ခွဲမှုလုပ်ငန်း
များအား တာဝန်ယူဆောင်ရွက်ရသူအဖြစ် သဘောတူညီမှုကို မြန်မာရင်းနှီး မြှုပ်နှံသူများနှင့်
နိုင်ငံခြားရင်နှီး မြှုပ်နှံသူများအကြား ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာတိုင်း(မ်)ဂျာနယ်ကို ထုတ်ဝေသည့် MCM ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ FECM ကုမ္ပဏီက ၄၉
ရာခိုင်နှုန်းနှင့် မြန်မာရင်းနှီးမြှုပ်နှံသူ စွယ်စုံမီဒီယာဂရု(ပ်)က ၅၁ ရာခိုင်နှုန်းအဖြစ် အသီးသီးပိုင်ဆိုင်
ထားကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး