ဟဲဟိုးလေဆိပ်အနီး၌ လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်ခံခဲ့ရသည့် မြေပြင်မှ မော်တော်ဆိုင်
ကယ်၏ ဓာတ်ပုံကို ကချင်ပြည်နယ်တွင် ကေအိုင်အေ၏ မိုင်းပေါက်ကွဲမှုသတင်းနှင့်အတူတွဲကာ
အစိုးရသတင်းစာများတွင် ဖော်ပြခဲ့မိသည့်အတွက် စာဖတ်ပရိသတ်များကို တရားဝင် တောင်းပန်
မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌
ရေးသားထားသည်။
ထိုကဲ့သို့ ဖြစ်ပေါ်ခဲ့သည့်အတွက် စာဖတ်ပရိသတ်များကို တောင်းပန်ကြောင်း နှင့် ပြည်ထောင်စုဝန်
ကြီးကလည်း တရားဝင်တောင်းပန်ရန် သတင်းစာများကို ညွှန်ကြားထားသည်ဟု ဦးရဲထွဋ်က
ရေးသားထားသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျမှုမှ ဓာတ်ပုံကို ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေးမုံ၊
မြန်မာ့အလင်းနှင့် New Light of Myanmar သတင်းစာများတွင် ကေအိုင်အေအဖွဲ့၏ မိုင်းခွဲ
တိုက်ခိုက်မှုကြောင့် မြစ်ကြီးနား ပူတာအို လမ်းပေါ်ရှိ ဇနန်ရွာအနီးတွင် အပြစ်မဲ့ အရပ်သား တစ်ဦး
သေဆုံးဟူသည့် သတင်းအတူ ဖော်ပြခဲ့သည်။
မီးလောင်ထားသည့် မော်တော်ဆိုင်ကယ်ဘေးတွင် ၀ိုင်းရံကြည့်ရှု့နေကြသူများ မပါ၀င်စေရန်
ဓာတ်ပုံကို လှီးဖြတ်ထားသည်ကိုလည်း တွေ့ရသည်။
မူလဓာတ်ပုံမှာ လေယာဉ်ပျက်ကျပြီး နောက်မကြာမီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ရိုက်ကူးထားသည့်
ပုံဖြစ်ကာ အဆိုပါ ဆိုင်ကယ်စီးနင်းလာသူ ဦးပြားမှာလည်း သေဆုံးသွားခဲ့သည်။
ထိုကဲ့သို့ ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး ဦးရဲထွဋ်က ထိုကိစ္စကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီ
ခန့်တွင် သိရှိရပြီး နောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက တာဝန်ရှိသူများနှင့် စိစစ်မှုများ ချက်ချင်း
ဆောင်ရွက်ခဲ့သည်ဟု ၎င်း၏ဖေ့စ် ဘုတ်စာမျက်နှာတွင် ရေးထားသည်။
"သတင်း အရင်းအမြစ်ထံကနေ သတင်းအရင်ရပါတယ်။ နောက်ညဘက်ကျမှ ဓာတ်ပုံတွေရောက်
လာလို့ ထည့်သုံးလိုက်ပါတယ်။ အဲဒီပုံကို သတင်းစာသုံးစောင်စလုံးက သုံးလိုက်မိပါတယ်။ အခု
ထောက်ပြချက်ရမှ သတင်းပို့တဲ့တဲ့သူကို ပြန်စစ်တဲ့အခါ ဆိုင်ကယ်ပုံက မှားပို့လိုက်တာပါလို့ ပြောပါ
တယ်" ဟုလည်း ၎င်းကမြန်မာတိုင်း(မ်)၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
"ဒီဖြစ်စဉ်ဟာ အင်မတန်အရေးကြီးတဲ့ ကေအိုင်အေတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မှားယွင်းခဲ့တာ
ဖြစ်တဲ့အတွက် သတင်းစာများအပေါ်ပြည်သူများရဲ့ ယုံကြည်မှုကိုထိခိုက်စေပါတယ်။
"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းအယ်ဒီတာများကို တိုက်ပွဲပုံများ၊ မတော်တဆထိခိက်မှုဖြစ်စဉ်များ၊
သဘာဝဘေးဒဏ်များနဲ့ ပတ်သက်ရင် သတင်းရော၊ ပုံစာပါ သေသေချာချာ စိစစ်ဖို့၊ သတင်းဓာတ်ပုံ
ကို မသေချာရင် လုံးဝမထည့်ဖို့ ဦးဆောင်ညွှန်ကြားရေးမှူးက ထပ်မံညွှန် ကြားပြီးဖြစ်ပါတယ်။
သတင်းပေးပို့သူ ကိုလည်း နောင်ဒါမျိုးဖြစ်ရင် သူ့ကို မသုံးတော့ဘူးလို့ သတိပေးထားပါတယ်"ဟု
၎င်းကပြောသည်။
အဆိုပါဓာတ်ပုံကို အသုံးပြုထားသည့် မိုင်းကွဲသည့် သတင်းကိုဖော်ပြသည့်နေ့ မှာပင် ကာကွယ်ရေး
၀န်ကြီးဌာနက ကချင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပွား နေမှုကို သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် ပြည်တွင်းပြည်ပ အဖွဲ့
အစည်းများနှင့် မီဒီယာများနှင့် သံရုံးတချို့က သတင်းများကို တစ်ဖက်သတ်ဇောင်းပေး၍ ဖော်ပြနေ
ကြောင်း၊ အဆိုပါ ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်မြင်လွဲမှားမှုများကို
ဖြစ်ပေါ် စေသည်ဟုဆိုသည်။
















