ကချင်စစ်ပွဲများအရေး 'ကန်'သံရုံး ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရ ပြင်းထန်စွာကန့်ကွက်

ကချင်စစ်ပွဲများအရေး 'ကန်'သံရုံး ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရ ပြင်းထန်စွာကန့်ကွက်

ကချင်ပြည်နယ်၌ ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲများနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က
အမေရိကန်သံရုံး၏ မြန်မာ့တပ်မတော်မှသာတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဆိုသောအရေးအသား
ပါ၀င်သည့် ထုတ်ပြန်ချက်ကို အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၆ ရက်နေ့က
ကန့်ကွက်ခဲ့သည်။

ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်၏ သတင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ်၌
ဆက်လက်ဖြစ်ပွားနေ သော တိုက်ပွဲများနှင့် ပတ်သက်ပြီး အလွန် စိုးရိမ်မှုရှိနေကြောင်း၊ ဇန်နဝါရီလ
၁၉ ရက်နေ့က မြန်မာအစိုးရက ကေအိုင်အေ နှင့် အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန် သော်လည်း
လိုင်ဇာအနီးရှိ ကေအိုင်အေ စစ်ဌာနချုပ်ဝန်းကျင်၌ စစ်ရေးအရ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသည်
ဟု မီဒီယာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ကိုးကားကာ ထုတ်ပြန်ချက်တွင် ဖော်ပြ
ထားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အတွင်း အရပ်သားများ သေကြေစေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို
အားယုတ်စေသော ထိခိုက်မှုများ ဆက်လက်ဖြစ်ပွား နေခြင်းကို ပြင်းထန်စွာ ကန့်ကွက် ကြောင်း
ရေးသားထားသည်။

ထိခိုက်မှုများဖြစ်ပွားနေသည့် ကချင် ဒေသအတွင်းသို့ ကုလသမဂ္ဂအပါအဝင် လူသားချင်း စာနာ
ထောက်ထားသော အကူအညီပေးရေးအဖွဲ့များကိုလည်း အတားအဆီးမရှိ အစိုးရက ၀င်ရောက်ခွင့်
ပေးရေးကို တိုက်တွန်းထားသည်။

ထို့ပြင် ကချင်ပြည်နယ်၌ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန်အတွက် တွေ့ဆုံ
ဆွေးနွေးရေး ဖြစ်ပေါ်စေနိုင်ရန် နှစ်ဖက်စလုံးက ဖန်တီးကြရန် တိုက်တွန်းထားသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ယင်းနေ့တွင်ပင် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်
ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော
တိုက်ပွဲများနှင့်ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု၏ စိုးရိမ်မှုကို နားလည် သော်လည်း သံရုံး၏
ထုတ်ပြန်ချက်တွင် လိုင်ဇာဒေသတစ်ခုတည်းကိုသာ ဖော်ပြထားပြီး ကျန်ကချင်ပြည်နယ်နှင့် ရှမ်း
ပြည်နယ် မြောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲ့သော ကေအိုင်အေက တပ်မတော်စခန်းများနှင့် အရပ်
ဘက်ပစ်မှတ်များကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုနှင့် လဂျားယန်ဒေသရှိ တပ်မတော်စခန်းများ
ကို လာရောက်ပစ်ခတ်မှုများကို ဖော်ပြမထားသည်ကို အံ့ဩပါကြောင်း ရေးသားထားခဲ့သည်။

အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်ထွက်ရှိအပြီး နှစ်ရက်အကြာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန
က အဆိုပါထုတ်ပြန်ချက်မှ ရေးသားချက်အချို့ အပေါ် ပြင်းထန်စွာ ကန့်ကွက်သည့် ထုတ်ပြန်ချက်
ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သံရုံးက ဖော်ပြထားရှိသော ကေအိုင်အေဌာနချုပ်အနီးတစ်ဝိုက်တွင် စစ်ဆင်တိုက်ခိုက်မှုများ
ရှိနေသည်ဆိုသည့် အသုံးအနှုန်းအပြင် ကေအိုင် အေဘက်မှ အကြမ်းဖက်တိုက်ခိုက်မှုများ နှင့်
အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီးခေါ်ဆောင်သွားမှုကို ဖော်ပြခြင်းမရှိဘဲ
အစိုးရနှင့် မြန်မာတပ်မတော်ကသာ ထိခိုက်မှုများ ပြုလုပ် နေသည်ဟု ဖော်ပြထားသည်ကို တွေ့ရ
သည့်အတွက် နိုင်ငံတကာ၏ အထင်မြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် အဆိုပါရေးသားဖော်ပြမှု
ကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချသည်ဟု တုံ့ပြန် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်သံရုံး၏ ကြေညာချက်တွင် Burma ဟု ရေးသားဖော်ပြ ချက်သည်လည်း နိုင်ငံ
တကာ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်နှင့် မညီသဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထပ်မံ
ရေးသားထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး