စာရွက်စာတမ်း ပါမစ်အတုဖြင့် ငွေကျပ် သိန်းပေါင်း ၉၀,၀၀၀ ခန့်ကို လိမ်လည်ရယူခဲ့သည်ဆိုကာ
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၀/၄၆၈ အရ ဖမ်းဆီးတရားစွဲဆိုထားခြင်းခံရသော လမ်းမတော်မြို့နယ်၊
လမ်းမတော်လမ်း အမှတ် (၇၃) နေ ဒေါ်အေးအေးခိုင်၏ အာမခံလျှောက်ထားမှုကို ရန်ကုန်
အနောက်ပိုင်းခရိုင် တရားရုံးခရိုင်တရားသူကြီး ဦးစိုးလွင်၏ ရုံးက ကြားနာစစ်ဆေးပြီး ကျပ်သိန်း
၁,၀၀၀ တန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်က အချုပ်လွတ်ထုချေခွင့်ပြုရန် ဇန်နဝါရီ ၁၁ ရက်နေ့က
အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အမှုဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်
ကွက်၊ ရွှေတောင်ကြားလမ်း၊ အမှတ် (၅၇-ဘီ) နေ ဒေါ်ကေခိုင်ထွန်း (၃၆ နှစ်) နေအိမ်၌ ရှိနေစဉ်
ခင်မင်ရင်းနှီးသူ လမ်းမတော်မြို့နယ်နေ ဒေါ်အေးအေးခိုင် ရောက်ရှိလာပြီး မြဝတီထရေးဒင်းလီမိ
တက်မှ ထုတ်လုပ်သော Red Ruby စီးကရက် သေတ္တာအလုံး ၄၀,၀၀၀ ကို ထုတ်ယူ ရောင်းချခွင့်
ရရှိပါက အကျိုးအမြတ် ၃၅ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ကြောင်း၊ စီးကရက်သေတ္တာလေးသောင်း
အတွက် ငွေကျပ်သိန်းပေါင်း ၉၀,၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဒေါ်ကေခိုင်ထွန်း
က ဒေါ်အေးအေးခိုင် ထံမှ ယခင်ရရန်ရှိသော ငွေကျပ် သိန်းပေါင်း ၅၀,၀၀၀ ကို ခုနှိမ်၍ ငွေကျပ်
သိန်းပေါင်း ၃၈,၆၀၀ ကို ထုတ်ပေးခဲ့ရာ ဒေါ်အေးအေးခိုင်က အမြတ်ငွေများကို ဖေဖော်ဝါရီ ၂၇ ရက်
နောက်ဆုံးထားပေးရန် ကတိပြုခဲ့သည်ဟုဆိုသည်။
ထိုသို့ ကတိပြုခဲ့ပြီးနောက် ဒေါ်အေးအေးခိုင်က ဒေါ်ကေခိုင်ထွန်းအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့
တွင် ငွေကျပ် သိန်းပေါင်း ၄,၂၀၀ တန်ဖိုးရှိ စက်သုံးဆီ ပါမစ်တစ်စောင်၊ ငွေကျပ် သိန်းပေါင်း ၄,၃၀၀
တန်ဖိုးရှိ Red Ruby စီးကရက် ပါမစ်နှစ်စောင်ကို ပေးအပ်ခဲ့သောကြောင့် ဒေါ်ကေခိုင်ထွန်းက စုံစမ်း
ရာ ၎င်းပါမစ်စာရွက်များမှာ အတုများဖြစ်ကြောင်း သိရသဖြင့် စာရွက်စာတမ်း အတုဖြင့် ငွေကျပ်
သိန်းပေါင်း ၉,၀၀၀ ခန့် ကို လိမ်လည်ရယူသွားသူ ဒေါ်အေးအေးခိုင်အား အရေးယူပေးရန် တိုင်ကြား
သဖြင့် ဗဟန်းရဲစခန်းက အမှုဖွင့် အရေးယူခဲ့သည်။
ဗဟန်းမြို့နယ်တရားရုံးသို့ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၂၀/၄၆၈ အရ တရားစွဲဆိုတင်ပို့၍
ဒေါ်အေးအေးခိုင် က အာမခံလျှောက်ထားရာ ၃၁-၁၁-၂၀၁၂ နေ့တွင် ပလပ်ခဲ့သည်။
ထိုသို့ ပလပ်ခဲ့ခြင်းကို မကျေနပ်၍ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး
ဥပဒေပုဒ်မ ၄၉၈ အရ ကျန်းမာရေးအကြောင်းပြချက်ဖြင့် အာမခံ ဆက်လက်လျှောက်ထားခဲ့ခြင်း
ဖြစ်သည်။
အနောက်ပိုင်းခရိုင်တရားရုံး၏ အမိန့်တွင် အချင်းဖြစ်အမှု၌ တိုင်ချက်ဖွင့်ပြီး နောက်နေ့မှာပင် တရားခံ
ကို ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းအမှုတွင် ပါ၀င်သော တရားခံပြေး မင်းလွင်ကြည် နှင့်တော်စပ်ရုံဖြင့် ယခုတရားခံ
လည်း ထွက်ပြေးမည်ဟု တစ်ထစ်ချဆိုနိုင်မည် မဟုတ်ချေ။
လျှောက်ထားသူ ဒေါ်အေးအေးခိုင်အနေဖြင့် အခြားရုံး၌ အမှုများရှိမည်ဖြစ်သော်လည်း တရားရုံးက
အပြစ် မပေးသေးလျှင် အပြစ်ရှိသူဟု မယူဆနိုင်သဖြင့် အသက်မွေးမှုမကောင်းသူဟု ဆိုနိုင်မည်
မဟုတ်ချေဟု ပါရှိသည်။
အကျဉ်းဦးစီးဌာန ဆေးမှူးချုပ် ဒေါက်တာထွန်းလွင်၏ ဆေးစာ၌ "နာတာရှည်ရောဂါဖြစ်၍ အသက်
အန္တရာယ် ထိခိုက်နိုင်ပါသည်။ ပြင်ပတွင် အထူးကုဆရာဝန်များနှင့် စနစ်တကျ ဆက်လက်ကုသရန်
လိုအပ်ပါသည်" ဟူ၍ မှတ်ချက်ပြုထားသည်။
ဒေါက်တာ နန်းမြနုကလည်း "နှလုံးအထူးကုသမားတော်၊ အသည်းအထူးကုသမားတော်၊ ဦးနှောက်
နှင့် အာရုံကြော အထူးကုသမားတော်များနှင့် ဆက်လက်ကုသရန် လိုအပ်ပါသည်"ဟူ၍ မှတ်ချက်
ပြုထားသည်။
ပြင်ပတွင်ရှိသည့် အထူးကုများနှင့် ကုသရန် လိုအပ်သည်ဟု သဘောရသည်။
မူလရုံးက တရားလို၏ နစ်နာဆုံးရှုံးငွေများပြားသည်ဟု အဆိုရှိသော်လည်း ထိုအကြောင်းကြောင့်
လျှောက်ထားသူ ဘယ်လိုအခြေအနေရှိရှိ မဖြစ်မနေ ချုပ်ထားမည်ဆိုလျှင် သင့်တော်မည် မဟုတ်
ချေ။ ခိုင်လုံသောခံဝန်တင်နိုင်ရန် အထူးလိုအပ်သည်ဆိုခြင်းကိုမူ သဘောတူသည်။
သို့သော်လည်း စွပ်စွဲသည့် ငွေပမာဏအတိုင်း အတိအကျ ခံဝန် တောင်းခြင်းမှာလည်း ကြိုတင်၍
အပြစ်ရှိကြောင်း ဆိုလိုရာ ရောက်နိုင်သဖြင့် ရှောင်ရှားရန်ဖြစ်ပေသည်။
ထို့ကြောင့် မူလရုံးက လျှောက်ထားသူ ဒေါ်အေးအေးခိုင်အပေါ် အချုပ်လွတ် ထုချေခွင့် မပြုသည့်
အမိန့်ကို ပယ်ဖျက်လိုက်သည်။
လျှောက်ထားသူသည် ကျပ် သိန်း ၁,၀၀၀ တန် အာမခံသူနှစ်ဦးဖြင့် ခံဝန်ချုပ်က အချုပ်လွတ်ထုချေ
ခွင့်ပြုလိုက်သည်ဟု ခရိုင်တရားရုံး၏အမိန့် တွင် ဖော်ပြထားသည်။















