ကာကွယ်ရေးဝန်ကြီးဌာနသည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ
နှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမီဒီယာများနှင့် သံရုံးအချို့၏ ထုတ်ပြန်ချက်များကို ငြင်းဆန်လိုက်
ပြီး တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို တိကျစွာ လိုက်နာသွားမည်ဖြစ်သလို
ကေအိုင်အို၊ ကေအိုင်အေဘက်မှလည်း နိုင်ငံတော် သမ္မတ၏ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်
သည့် ကမ်းလှမ်းချက်အပေါ် လေးစားလိုက်နာရန်လိုကြောင်း ဇန်နဝါ ရီလ ၂၈ ရက်နေ့က သတင်း
ထုတ်ပြန်ခဲ့သည်။
တပ်မတော်နှင့် ကေအိုင်အေအကြား ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၊ ဇွန်လ
မှစတင်ခါ တစ်ကျော့ ပြန်လည်ဖြစ်ပွားလာခဲ့သော တိုက်ပွဲများကြောင့် နှစ်ဖက်စစ်သားများကျဆုံးခဲ့
ပြီး အရပ်သားများလည်းသေဆုံးခဲ့ရသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ
များ ဖွဲ့စည်းကာ ၂၀၁၁ ခုနှစ်မှစတင်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ်
ရပ်စဲရေး သဘောတူချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ကေအိုင်အိုနှင့်မူ ယနေ့တိုင်
လက်မှတ် ရေးထိုးနိုင်ခြင်းမရှိသေးပေ။
နိုင်ငံတော်သမ္မတသည် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ထားပြီး
ကျင်းပနေဆဲဖြစ်သော လွှတ်တော်နှစ်ရပ်စလုံးကလည်း နှစ်ဖက်တွေ့ဆုံကာ ငြိမ်းချမ်းရေး အမြန်ဆုံး
တည်ဆောက်ရန် တိုက်တွန်းလျက်ရှိသည်။
ကေအိုင်အိုကမူ လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် နှစ်ဖက်တွေ့ဆုံရန် မဖြစ်နိုင်ဘဲ
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့်သာ ဆွေးနွေးလိုကြောင်း အစိုးရထံ
အကြောင်းပြန်ထားသည်။
"UNFC က အခု ၂၇၊ ၂၈ မှာ အစည်းအဝေးလုပ်နေတယ်။ အစည်းအဝေးပြီးရင်တော့ သူတို့ဘက်က
အကြောင်းကြားမယ် ပြောတယ်။ ဖေဖော်ဝါရီ ရ ရက်လောက် တွေ့ဖြစ်မယ်လို့ လောလောဆယ်
ခန့်မှန်းထားတယ်"ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
ထို့ပြင် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ နှင့် ငြိမ်းချမ်းရေးလှုပ်ရှား
သူ အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိ ဖြစ်
ပွားနေသာ ပဋိပက္ခများသည် မကြာမီ ရက်ပိုင်းအတွင်း ပြေလည်သွားမည်ဖြစ်ကြောင်း အတည်ပြု
ပြောကြားခဲ့သည်။
UNFC ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ဦးခွန်ဥက္ကာကမူ ကေအိုင်အိုအရေးကိစ္စ
ရှင်းလင်းရန် ဖော်ဖော်ဝါရီလ ပထမပတ်အတွင်း အစိုးရနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံဖွယ်ရှိ ကြောင်း
ဗီအိုအေသတင်းဌာန၏ မေးမြန်းချက်တွင် ဖြေကြားထားသည်။
"သူတို့ (ကေအိုင်အို)ဘက်ကလည်း ရှင်းရှင်းပြောရင် လက်နက်ကိုင်တိုက်ပွဲ မလုပ်ချင်ပါဘူး။ သူတို့
လည်းပဲ လူထုအတွက်၊ နယ်မြေအတွက် ငြိမ်းချမ်းရေး လိုချင်တယ်။ နားချင်တယ်။ ရပ်ချင်တဲ့
သဘောရှိပါတယ်။ သို့သော် ဂုဏ်သိက္ခာ ရှိရှိ မျက်နှာမနာဘဲနဲ့ ရပ်နိုင်တဲ့နည်းလမ်း မရဘူးဖြစ်နေ
တယ်။ ဒါဆိုရင် ကျွန်တော်တို့ တပ်ပေါင်းစုကပဲ ကြားဝင် ပြီးတော့ အဓိပ္ပာယ်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ
နှစ်ဖက်လျှော့နိုင်အောင်၊ ရပ်နိုင် အောင်၊ တင်းမာမှုတွေ လျော့ပါးနိုင် အောင်လုပ်ဖို့ မူချထားတယ်။
နိုင်ငံရေး စကားပြောတဲ့အခါ စိတ်အေးလက်အေး ပြောနိုင်အောင် စစ်ရေးလျှော့ချမှု၊ စစ်ရေးရပ်စဲဖို့၊
လျှော့ချဖို့ အဲဒါကို UNFC က တစ်ဆင့် ဆွေးနွေးတင်ပြတာ ဖြစ်တယ်လို့ ကျွန်တော်ပြောလိုတယ်"
ဟု ဦးခွန်ဥက္ကာက ပြောသည်။
"UNFC အနေနဲ့ နိုင်ငံရေးဆွေးနွေး နိုင်မှုကို ရအောင်လုပ်နိုင်မယ် မျှော်လင့် ပါတယ်"ဟု ကေအိုင်အို
၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကပြောသည်။















