ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်ရန် ဖွဲ့စည်း
ခဲ့သော ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအား မတ်လအတွင်း နိုင်ငံတော်
သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း ကော်မရှင်၏အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြော
သည်။
တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေ စိုးမိုးရေးကို ပျက်ပြားစေခဲ့သော ရခိုင်ပြည်နယ်တွင်း လူစုလူဝေးဖြင့်
ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ် ခဲ့မှုများအပေါ် အဖြစ်မှန်ပေါ်ပေါက်စေရေးအတွက်
အဖွဲ့ဝင် ၂၇ ဦး ပါ၀င်သော ကော်မရှင်ကို ဩဂုတ်လအတွင်း ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအား နိုင်ငံတော် သမ္မတထံ နို၀င်ဘာလအတွင်း
တင်ပြရမည်ဖြစ်သော်လည်း ကြားဖြတ်အစီရင်ခံ စာသာ တင်သွင်းနိုင်ခဲ့ရာ အပြီးသတ် အစီရင်ခံစာ
အား မူလသတ်မှတ်ချိန်ထက် လေးလနောက်ကျပြီးမှ တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
"နို၀င်ဘာလ ၁၇ ရက်နေ့မှာပဲ ကြားဖြတ်အစီရင်ခံစာ တင်ခဲ့တာပါ။ နို၀င်ဘာလမှာ မတင်နိုင်ခဲ့တဲ့
အတွက် မတ်လအထိ အချိန်တိုးမြှင့်ပေးဖို့ သမ္မတရုံးကို ခွင့်ပြုချက်တောင်းခဲ့တယ်။ အခုလာမယ့်
မတ်လမကုန်ခင်တော့ အပြီးသတ် အစီရင်ခံစာတင်နိုင်အောင် ကြိုးပမ်းနေပါတယ်"ဟု ဒေါက်တာ
ကျော်ရင်လှိုင်က ပြောသည်။
လက်ရှိတွင် ကော်မရှင်အနေဖြင့် ဒေသများပါ၀င်သော သုတေသနအဖွဲ့များ ဖွဲ့စည်းကာ စုံစမ်း
စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ကော်မရှင်အဖွဲ့ ၀င်များအနေဖြင့်လည်း ရခိုင်ပြည်နယ်တွင်
ကိုယ်တိုင်ကွင်းဆင်းလေ့လာလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကော်မရှင်အနေဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော် သမ္မတရုံးအပါအဝင် အဖွဲ့ဝင်
များနှင့် တိုင်ပင်ကာ ဆောင်ရွက်လျက်ရှိသည်။
"ကျွန်တော်တို့ ထင်တိုင်းကြဲပြီး မလုပ်ပါဘူး။ ဆုံးဖြတ်ချက်ချတာကအစ အားလုံးနဲ့တိုင်ပင်ပြီးမှ
လုပ်တာပါ။ ဒါပေမဲ့ အမြင်မတူတာတွေတော့ ရှိမှာပေါ့။ အဲဒီလိုမျိုး တခြားဖြစ်ချင်တာရှိရင်လည်း
ကျွန်တော်တို့ကိုပြောရင်တော့ တိုင်ပင် ညှိနှိုင်းပြီး လုပ်ကြတာပါပဲ"ဟု ဒေါက်တာ ကျော်ရင်လှိုင်က
ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မေ၊ ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အကြမ်း
ဖက် လုပ်ရပ်များကြောင့် လူနှစ်ရာခန့် သေဆုံးခဲ့ပြီး လူနေ အိမ် ၁၆,၀၀၀ ကျော်၊ ဘုန်းကြီးကျောင်း
၁၄ ကျောင်း၊ ဗလီ ၄၅ ခုနှင့် စာသင် ကျောင်းသုံးကျောင်းပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ ခုနစ်သောင်း
ကျော် အိုးအိမ်မဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရကြောင်း သိရသည်။
အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်း
များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း လုံလောက်သော တည်ငြိမ်မှုမရရှိသေး ကြောင်း
သိရသည်။
"ရခိုင်ပြည်နယ်မှာ လက်ရှိဆောင် ရွက်နေတဲ့ အနေအထားအရ ပွင့်ပွင့် လင်းလင်းပြောရမယ်ဆိုရင်
တည်ငြိမ်တယ်လို့ ပြောလို့မရပါဘူး။ ပုဒ်မ (၁၄၄) ကို မရုပ်သိမ်းနိုင်သေးဘူးဆိုကတည်းက စိတ်ချရ
တဲ့အခြေအနေ မရှိသေးလို့ပေါ့။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ကိစ္စတွေကို သေချာ ဖြေရှင်းဖို့လို
တယ်။ ပြည်ပ ဖိအားပေးမှာကို ကြောက်ပြီး လုပ်သင့်တာမလုပ်တာမျိုး မဖြစ်သင့်ဘူး။ ရခိုင် ပြည်
ဟာ မြန်မာပြည်ရဲ့ နယ်စပ်ဒေသ လုံခြံုရေးအတွက် အဓိကကျတဲ့အတွက် အချိန်မရွေး ပေါက်ကွဲနိုင်
တယ်"ဟု ကော်မရှင်၏ အဖွဲ့ဝင်ဖြစ်သူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်
က ပြောသည်။
"လောလောဆယ် တည်ငြိမ်နေလား မေးရင် လုံးဝစိတ်ချရတဲ့ အနေအထား မရှိသေးပါဘူး။ မကျေ
နပ်ချက်တွေ၊ မုန်းတီးမှုတွေက ရှိနေတော့ လုံးဝစိတ်ချရပြီဆိုတာ မပြောနိုင်ဘူး"ဟု ဒေါက်တာ
ကျော်ရင်လှိုင်က ပြောသည်။
"ကော်မရှင်အနေနဲ့ကတော့ လုပ်သင့်တဲ့အလုပ်တိုင်းကို လုပ်နေပါတယ်။ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်
သက်ပြီး အချက်အလက်တွေကို သေချာကောက် ယူနေတယ်။ မတူတဲ့လူမျိုးစုနှစ်ခုကြား က
ပြဿနာဖြစ်တဲ့အတွက် လွယ်တော့ မလွယ်ဘူး။ စိန်ခေါ်မှုတွေရှိပေမယ့် အတိကျဆုံးဖြစ်တဲ့
အစီရင်ခံစာတစ်ခု ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါ တယ်"ဟု ၎င်းက ပြောသည်။
သို့သော် ကော်မရှင်၏ တွေ့ရှိချက်များ ကိုမူ အပြီးသတ်အစီရင်ခံစာ ထွက်ရှိ သော အချိန်တွင်သာ
ပြည်သူလူထုအား တရားဝင်အသိပေးလိုကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်ကတော့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အားရပါတယ်။ ကော်မရှင်ကထွက်လာ
တဲ့ တွေ့ရှိချက် တွေကလည်း ဘက်မလိုက်တဲ့အစီရင်ခံစာဖြစ်မယ်လို့ ထင်ပါတယ်"ဟု ကော်မရှင်
အဖွဲ့ဝင်ဖြစ်သူ မြန်မာ-မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး
ဦးကျော်ခင်က ပြောသည်။















