'ဧရာဝတီ အိမ်မက်များ' အမည်ဖြင့် မသန်စွမ်းသူများ၏ဘဝကို ထင်ဟပ်စေသည့် ဓာတ်ပုံပြပွဲနှင့်
ဓာတ်ပုံရောင်းပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့ အထိ ဒဂုံမြို့နယ်ရှိ New Zero အနုပညာ
ပြခန်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဩစတေးလျ ဓာတ်ပုံဆရာနှစ်ဦးဖြစ် သော မစ္စတာ ပီတာဘာခရီးရား Peter Berechree၊ မစ္စတာ
ဒွန်ရိုက် Don Wright နှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာ သက်ဦးမောင်တို့ ပူးပေါင်း၍ အဆိုပါ ဓာတ်ပုံ
ပြပွဲကို ကျင်းပခြင်းဖြစ်ပြီး မသန်စွမ်းသူများ၏ ဓာတ်ပုံ ရ၀ ကျော်ကို ပြသ ရောင်းချသွားမည်ဖြစ်
သည်။
ဓာတ်ပုံပြပွဲမှ ရောင်းချရသော အကျိုးအမြတ်များအားလုံးကို DELTA Disabilities Education
Livelihood and Training မသန်စွမ်းသူများအတွက် ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်း
များအတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သော မစ္စတာ ပီတာဘာခရီးရားက
မြန်မာတိုင်း(မ်)ကို ပြောသည်။
"မသန်စွမ်းသူဟာ မစွမ်းနိုင်သူတွေ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ခြေမသန်ဖြစ်နေမယ်၊ ဉာဏ်
ရည်မမီဖြစ်နေမယ်ဆိုတာနဲ့ သူ့ရည်မှန်းချက်နဲ့ အိပ်မက် တွေဟာ ဒီအားနည်းချက်တွေကြောင်း
မှေးမှိန်မသွားသင့်ဘူး။ သူတို့စွမ်းနိုင်တဲ့ အပိုင်းကို မြှင့်တင်ပေးဖို့လိုတယ်။ ဒီအတွက် အဓိက လိုအပ်
ချက်ကတော့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း တွေပါပဲ။ တစ်ခုခုကြောင့် မသန်စွမ်းဖြစ်
နေပေမယ့် သူတို့တွေဟာ ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရရှိခွင့်ရှိတယ်။ ဒါဟာ မသန်စွမ်းသူမှ
မဟုတ်တဲ့ အားလုံးနဲ့ သက်ဆိုင်တဲ့ အခြေခံလူအခွင့်အရေး တွေပါ။ ပတ်ဝန်းကျင်ကလည်း မသန်
စွမ်းသူတွေအပေါ်ထားရှိတဲ့ ရှေးရိုးစွဲအမြင်၊ အယူအဆတွေကို ပြောင်းလဲဖို့ လိုအပ်တယ်။ ဒါတွေဟာ
ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေတယ်။ အားလုံးပူးပေါင်း ပါ၀င်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ မသန်စွမ်းသူ
တွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဓာတ်ပုံပွဲကို ကျင်းပဖြစ်
တာပါ" ဟု ၎င်းကပြောသည်။















