အင်္ဂလန်နှင့် ဩစတြေးလျက ငါးနှစ်အတွင်း 'ကန်'ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့မည်

အင်္ဂလန်နှင့် ဩစတြေးလျက ငါးနှစ်အတွင်း 'ကန်'ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့မည်

အင်္ဂလန်နှင့် ဩစတြေးလျနိုင်ငံတို့မှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၁ မှ ၂၀၁၅ခုနှစ်
အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ ရက်
နေ့ကပြောသည်။

ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) နှင့် ဩစတြေးလျနိုင်ငံ အပြည်
ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (AusAID) တို့မှ ပူးပေါင်းပြီး ရန်ကုန်မြို့ ဩစတြေးလျ
ကလပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းအေဂျင်စီ၏အကြီးအကဲများက ပြောကြားခဲ့
ခြင်းဖြစ်သည်။

ထိုထောက်ပံ့မှု၏ ခြေလှမ်းတစ်ရပ်အနေဖြင့် အဆင်းရဲဆုံးနှင့် ဝေးလံခေါင်ပါးသော အရပ်ဒေသမှ
ကလေးသူငယ်များ၏ ပညာရေးအတွက် ဒေါ်လာ ၂၂ သန်း ထောက်ပံ့မှုကိုလည်း ထိုနေ့က
ကြေညာခဲ့သည်။

၎င်းပြင် ထိုအကူအညီကိုလည်း ဘုန်းတော်ကြီးသင်ပညာရေး ကဏ္ဍအတွက် အဓိကထားထောက်ပံ့
ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

"ဆင်းရဲတဲ့လူတွေ တော်တော်များများဟာ သူတို့ရဲ့ကလေးတွေကို အစိုးရကျောင်းတွေ၊ ပုဂ္ဂလိက
ကျောင်း တွေထားဖို့ မတတ်နိုင်ကြပါဘူး။ သူတို့ တွေအတွက် ဘုန်းတော်ကြီးကျောင်း ပညာရေးက
အရမ်းကိုပဲ အရေးပါပါတယ်"ဟု AusAID ၏ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Peter Baxter ကပြော
ကြားသည်။

ယခုထောက်ပံ့မှုအား ကလေးငယ် နှစ်သိန်းကျော်၏ မူလတန်းပညာရေးအတွက် သုံးစွဲသွားမည်ဖြစ်
ကာ မြန်မာ့ပညာရေး အကျိုးတူပူးပေါင်းအဖွဲ့ အစည်း (Myanmar Education Consortium) နှင့်
Save the Children တို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ၎င်းကပြောသည်။

DFID ၏အမြဲတမ်း အတွင်းရေးမှူးဖြစ် သော မစ္စတာ Mark Lowcock က "မြန်မာနိုင်ငံအစိုးရဟာ
ရည်မှန်းချက် ကြီးကြီးနဲ့နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် စတင်ခဲ့ပြီးပါပြီ။
စိန်ခေါ်မှုကတော့ ကျွန်တော်တို့ အလည်အပတ်ရောက်ရှိခဲ့တဲ့ ဒေသအတွင်းပြည်သူတွေအနေနဲ့
ဒီပြောင်းလဲမှုဖြစ်စဉ်မှာ အကျိုးသက်ရောက်မှုကို ရရှိ ခံစားနိုင်မှုရှိတယ်ဆိုတာ သေချာစေဖို့ပါ ပဲ"ဟု
ပြောသည်။

၎င်းတို့အဖွဲ့သည် နှစ်ပတ်တာကာလ အတွင်း ဧရာဝတီတိုင်းအပါအဝင် မြန်မာ နိုင်ငံ ကျေးလက်
ဒေသများနှင့် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

ကုလသမဂ္ဂက ချမှတ်ထားသော ထောင်စုနှစ်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ရည်ရွယ်ပေး
အပ်သော ထိုဒေါ်လာ သန်း ၅၀၀ တွင် ကလေးသူငယ် နှစ်သန်းကျော်အတွက် အရည်အသွေး
ကောင်းမွန်သော ပညာရေးရရှိ ရေး၊ လယ်သမားများဝင်ငွေ တိုးတက် နိုင်ရေး၊ အမျိုးသမီးများ၏
ကျန်းမာရေးအပြင် တိုင်းရင်းသားလူမျိုးစုဒေသများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလည်း
ပါ၀င်ကြောင်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး