မုတ္တမပင်လယ်ကွေ့ ရမ်ဆာ သတ်မှတ်ရေးမူကြမ်း ရေးဆွဲပြီး

မုတ္တမပင်လယ်ကွေ့ ရမ်ဆာ သတ်မှတ်ရေးမူကြမ်း ရေးဆွဲပြီး

မုတ္တမပင်လယ်ကွေ့ကို မြန်မာနိုင်ငံ၏ ဒုတိယမြောက်ရေတိမ်ဒေသ (Ramsar Site) အဖြစ်
သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာပညာရှင်အဖွဲ့များနှင့် ပူးပေါင်း အကောင်အထည်ဖော်လျက်
ရှိဆဲ ဖြစ်ကြောင်း သိရသည်။

"နိုင်ငံမှာရှိတဲ့ ထူးခြားတဲ့ ရေတိမ် ဒေသတွေကို ရမ်ဆာဒေသအဖြစ် တိုးမြှင့်သတ်မှတ်နိုင်အောင်
ဆောင်ရွက်ဖို့လိုတယ်။ ဒါမှလည်း ရေတိမ်ဒေသတွေ ကို ရမ်ဆာကွန်ဗင်းရှင်းမှာပါတဲ့ စည်းမျဉ်းတွေ
နဲ့အညီ ထိန်းသိမ်းကာကွယ်တာတွေ၊ စီမံအုပ်ချုပ်တာတွေ လုပ်နိုင်မှာပါ" ဟု ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ဖေဖော်ဝါရီလ
၂ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် ကမ္ဘာ့ရေတိမ်ဒေသများနေ့ အခမ်းအနားတွင် ပြော
သည်။

"မုတ္တမပင်လယ်ကွေ့က ရေတိမ်ဒေသ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ဖြစ်ဖို့လိုအပ်တဲ့အချက်တွေ
က လိုတာထက်တောင် ပိုနေတယ်။ တကယ်လုပ်ဖို့ပဲ လိုတယ်"ဟု ၎င်းကပြောသည်။

ရမ်ဆာဆိုက် သတ်မှတ်နိုင်ရန်အတွက် နယ်နိမိတ်သတ်မှတ်ခြင်းများ၊ နယ်နိမိတ်လားရာ တိုင်းထွာ
ခြင်းများ၊ ရေးဆွဲခြင်း၌ သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သလို ဒေသ
ခံနေထိုင်သူများ၏ ထောက်ခံချက်သည်လည်း လိုအပ်လျက်ရှိသည်။

နယ်နိမိတ်များ သတ်မှတ်ပြီးမှသာလျှင် မုတ္တမပင်လယ်ကွေ့ကို Ramsar Convention သို့ တင်ပြ
သွားမည်ဟု သိရသည်။

ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းကို မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေတိမ်ဒေသအဖြစ်
သတ်မှတ်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့ကို ထပ်မံတွေ့ရှိခဲ့ ကြောင်း BANCA ဥက္ကဋ္ဌ ဒေါက်တာ ထင်လှက
ပြောသည်။

ရမ်ဆာ သတ်မှတ်ချက်များတွင် အကျုံးဝင်နေသည့် အင်းလေးဒေသ၊ အင်းတော်ကြီးအိုင်၊ နန့်သာ
နှင့် မိန်းမလှကျွန်းတို့ကိုလည်း ရမ်ဆာဒေသအဖြစ် သတ်မှတ်နိုင်ရေးအတွက် ပညာရှင်အဖွဲ့ဝင် ၁၂
နိုင်ငံက ငွေကြေးနှင့် ပညာတို့ ပူးပေါင်းလေ့လာလျက်ရှိသည်။

"အရင်လိုလုပ်လို့မရတော့ဘူး။ ဒါကြီးကို ဒီလိုလုပ်မယ်လို့ပြောလို့မရတော့ဘူး။ လယ်ယာမြေဥပဒေ
တွေရော မြေယာအသုံးချရေးတွေလည်း ဥပဒေပေါ်လာပြီဆိုတော့ ဒီဆွေးနွေးပွဲပြီးရင် အဲဒါတွေကို
ဘယ်လိုလုပ်ကြမလဲပေါ့ ဘယ်သူမှလည်း မနစ်နာအောင်လေ။ ကိုယ်တွေသွားမယ့်လမ်းစဉ်က
ဒေသခံတွေ ကိုယ်တိုင်စီမံအုပ်ချုပ်ပြီး တန်ဖိုးရှိတဲ့ ကိုယ့်ဒေသလေးကို ဘယ်လိုထိန်းသိမ်းမလဲဆို
တာ နားလည်အောင်ဆွေးနွေးပွဲ တွေလုပ်မယ်"ဟု ဒေါက်တာထင်လှက ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပသည့် အဆိုပါဆွေးနွေးပွဲအပြီး ဖေဖော် ၀ါရီလ ၅ ရက်နေ့တွင်
မော်လမြိုင်မြို့၌ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသခံအာဏာ ပိုင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်
ရပ်ရွာနေဒေသခံများ ပါ၀င်သည့် ပညာပေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး နယ်နိမိတ်သတ်မှတ်နိုင်
ရေးအတွက် ကွင်းဆင်းမည်ဟု သိရသည်။

"ရမ်ဆာဒေသမှာ အစိုးရပိုင်မြေလည်း ဖြစ်နိုင်တယ်။ ပုဂ္ဂလိကပိုင်မြေ ည်း ဖြစ်နိုင်တယ်။ မြေသိမ်း
တာမဟုတ်ဘူး၊ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာသိအောင် လုပ်သွားရမှာပါ။ နောက်တစ်ခုက ဒေသ
ခံတွေရော သိပ်ဆင်းရဲနေသလား၊ ငှက်တွေထောင်ဖမ်းနေသလား၊ ဒါတွေလည်း သိဖို့လိုတယ်"ဟု
ဒေါက်တာထင်လှက ပြောသည်။

မြန်မာနိုင်ငံ၏ ရေတိမ်ဒေသများသည် ဆောင်းခိုငှက်များ ပျံသန်းရာလမ်း ကြောင်းအတွင်း တည်ရှိ
နေကာ ထိုဒေသများဖြစ်သည့် ရခိုင်ကမ်းရိုးတန်းနှင့် မုတ္တမပင်လယ်ကွေ့ဒေသများတွင် ရုရှား နိုင်ငံ
ကမ်ချက်ကာကျွန်းဆွယ်၌ နေထိုင်ကျက်စားသည့် ရေညှောင့်နှုတ်ဝိုင်းငှက် (ဒီလုံး) မျိုးစိတ် ၅၀
ရာခိုင်နှုန်းက ဆောင်းခိုရန် လာရောက်လေ့ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး