တောဆင်ရိုင်းများအတွက် စားကျက်နယ်မြေ ပြန်ထူထောင်မည်

တောဆင်ရိုင်းများအတွက် စားကျက်နယ်မြေ ပြန်ထူထောင်မည်

ပဲခူးရိုးမရှိ မြောက်ဇာမဏီကြိုးဝိုင်းအတွင်း တောဆင်ရိုင်းများ ထိန်းသိမ်းမှုအတွက် စားကျက်နယ်မြေ
ထူထောင်မှု လုပ်ငန်းများကို ယခုလအတွင်း စတင်ရန် စီစဉ်လျက်ရှိကြောင်း သစ်တောဦးစီးဌာန၊
သဘာဝဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။

"ပဲခူးရိုးမမှာ မြောက်ဇာမဏီကြိုးဝိုင်း နေရာကို ပတ်ဝန်းကျင်ထိန်းသိန်းရေးနဲ့ သစ်တောရေးရာဝန်ကြီး
ဌာနအနေနဲ့ မြောက်ဇာမဏီ ဆင်ထိန်းသိမ်းရေးနယ် မြေဆိုပြီး ဆင်ဘေးမဲ့တောတစ်ခု တည်ထောင်
ဖို့ အစိုးရအဖွဲ့ကိုလည်း တင်ပြထားပြီးပြီ။ အဲဒါနဲ့ပတ်သက်ပြီး နယ်မြေကွင်းဆင်း တိုင်းတာနေတယ်။
ဧရိယာဧက သုံးသိန်းနီးပါးရှိတယ်။ အဓိက ပဲခူးရိုးမမှာရှိတဲ့ တောဆင်ရိုင်း တွေကို ထိန်းသိမ်းဖို့
အတွက်ပါ"ဟု ၎င်းကပြောသည်။

မြောက်ဇာမဏီကြိုးဝိုင်းသည် ပဲခူးတိုင်းဒေသကြီးရှိ ပဲခူး၊ ကျောက်တံခါး၊ လက်ပံတန်းမြို့နယ်တို့၌
တည်ရှိသည်။

မြောက်ဇာမဏီ ဘေးမဲ့တော သတ်မှတ်ကာကွယ်ခြင်းဖြင့် ဆင် ကျက်စားရာနယ်မြေပျက်စီးမှု ပြန်
လည် ကောင်းမွန်လာမည်ဖြစ်ကာ ဆင်များ နှင့် လူတို့ကြားဖြစ်ပွားသော ပဋိပက္ခများ ကို လျှော့ချ
လာနိုင်မည်ဖြစ်သည်။

"ဆင်တွေကို တတ်နိုင်သမျှ လူတွေနဲ့ ဝေးဝေး တောထဲပြန်ရောက်အောင် လုပ်မယ်။ အဲဒီအတွက်
အစီအစဉ်နှစ်ခု ရှိတယ်။ ဆင်စားကျက်တွေပြန်ကောင်း အောင် ပဲ၊ စပါး၊ ကြံစတာတွေ စိုက် ပေး
မယ်။ ဆင်တွေကြိုက်တတ်တဲ့ ဆားကျင်းလေးတွေလုပ်ပေးမယ်။ ပြီးရင် ဆင်တွေကို ဒီစားကျက်
နယ်မြေထဲကို ပြန်မောင်းသွင်းမယ်။ ပြီးရင် ဆင်တွေ ဒီဘက်ကို ပြန်မထွက်နိုင်အောင် ကျင်း တွေ၊
ချိုင့်တွေ၊ အတားအဆီးတွေ ဖန်တီး ထားမယ်။ ဒီအစီအစဉ်တွေကို ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလ
အထိ သက်ဆိုင်ရာ ဌာနစုံပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်"ဟု ဦးဝင်းနိုင်သော်က ပြောသည်။

၂၀၁၂ ခုနှစ်အတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများရှိခဲ့ကာ ဆင်သေဆုံးမှုခြောက်မှုအနက်
လေးမှုမှာ လူတို့၏ သတ်ဖြတ်ခံရမှုကြောင့်ဖြစ်သည်။

"အရင်က ဆင်ကို အစွယ်လိုချင်လို့ သတ်တယ်။ အခုက အစွယ်တင်မကဘူး။ အသားရော အရေခွံ
ကိုပါ ပြည်ပခိုးပို့ဖို့ သတ်တာ"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ်က ပြဋ္ဌာန်းထား သော တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ
ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ ဆင်သည် လုံးဝကာကွယ်ထား
သော တိရစ္ဆာန်များစာရင်းတွင် ပါ၀င်ကာ ဆင်များအား ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်
ခြင်း၊ အနာတရ ဖြစ်စေခြင်း၊ ၎င်း၏ အစိတ်အပိုင်းများအား ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊
ရောင်းချခြင်း၊ သယ်ဆောင် ခြင်း (သို့မဟုတ်) လွှဲပြောင်းခြင်းသာမက ထောက်ခံချက်မရှိဘဲ ပြည်ပ
သို့ တင်ပို့ ခြင်းတို့ကို ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ခုနစ်နှစ် (သို့မဟုတ်) ငွေဒဏ်
ကျပ်ငါးသောင်းဖြစ်စေ၊ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထား
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး