မြန်မာနိုင်ငံ၌ ဗီဇာကတ်အသုံးပြုပြီး ပထမဆုံးအကြိမ် Point-of-Sale (POS) ငွေပေးချေမှုကို
ကမာရွတ်မြို့နယ်ရှိ Green Elephant စားသောက်ဆိုင်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့ မှ စတင်
လက်ခံနေပြီဖြစ်သည်။
အဆိုပါ၀န်ဆောင်မှုကို ဗီဇာနှင့် မြန်မာ အရှေ့တိုင်းဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် မြန်မာနိုင်ငံ၌
ပထမဆုံး အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်ကို စတင်နိုင်ခဲ့သည်။
"အခုလို ပူးတွဲဆောင်ရွက်လိုက်တဲ့အတွက် ပြည်တွင်းက ကုန်သည်တွေနဲ့ ဘဏ်အနေနဲ့ နိုင်ငံတကာ
အီလက်ထရွန်းနစ် ငွေပေးချေမှု ကွန်ရက်ထဲကို ပါ၀င်ခွင့်ရနေပါပြီ။ နောက် နိုင်ငံတကာက ဗီဇာကတ်
ကိုင်ဆောင်သူတွေ အနေနဲ့ ပထမဆုံးအကြိမ် ပြည်တွင်းမှာ ငွေပေး ချေနိုင်နေပါပြီ"ဟု ဗီဇာကတ်
ဒေသဆိုင်ရာ မန်နေဂျာ မစ္စတာဆွန်ဘွန်းက ပြောသည်။
မြန်မာနိုင်ငံ၌ ဗီဇာကတ် စတင်အသုံးပြုနိုင်ရန်အတွက် လွန်ခဲ့သော နိုဝင်ဘာလ ၃ ရက်နေ့ က ဗီဇာ
သည် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ သမဝါယမလီမိတက်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့နှင့် ဗီဇာ
၏ တရားဝင်လိုင်စင်ရဘဏ် များအဖြစ် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။
ထို့ပြင် မစ္စတာဆွန်ဘွန်းက ယခုတိုးတက်မှုအဆင့်မှာ အလွန်အရေးပါကြောင်းနှင့် မြန်မာ နိုင်ငံ၏
အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ် အခြေခံလိုအပ်ချက် မြှင့်တင်ရေးအတွက်လည်း ကူညီရာဖြစ်
ကြောင်း ပြောသည်။
ဗီဇာဖြင့် ငွေးပေးချေမှုစနစ်သည် လုံခြံုစိတ်ချရသည့်စနစ်ဖြစ်ရန် အာမခံကြောင်းနှင့် အခြားပြည်တွင်း
ဘဏ်များနှင့်လည်း မကြာမီ ကာလအတွင်း ပူးပေါင်းကာ ငွေပေးချေမှုစနစ် ပျံ့နှံ့စွာဆောင်ရွက်သွား
မည်ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ငွေချေမှုအတွက် သုံးစွဲခနှုန်းထားကို နည်းနည်းလေးပဲ ယူထားပါတယ်။ သေချာတာကတော့ တစ်
ဒေါ်လာထက် နည်းပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အခြားစားသောက်ဆိုင်များမှာလည်း Green Elephant စားသောက်ဆိုင်ကဲ့သို့
ဗီဇာကတ်ဖြင့် ငွေပေးချေမှုကို ကနဦးသုံးစွဲသူများအဖြစ် ပါ၀င်ရန်ရှိကြောင်း မစ္စတာဆွန်ဘွန်းက
ပြောသည်။
"မြန်မာနိုင်ငံ စားသောက်ကုန် လုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌက ရန်ကုန်မြို့က စားသောက်
ဆိုင်ပေါင်း ၂၀၀ ကျော်လောက်က အခု ဗီဇာကတ်နဲ့ ငွေပေးချေမှုစနစ်ကို သုံးစွဲဖို့ အဆင်သင့်ပဲလို့
ကျွန်တော်နဲ့တွေ့ဆုံစဉ် ပြောပါတယ်။ နောက်ဆို ဟိုတယ်၊ လက်မှုပစ္စည်း ဆိုင်၊ ရွှေနဲ့ ကျောက်မျက်
ရတနာဆိုင်တွေလည်း အသုံးပြုလာကြမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် မြန်မာအရှေ့တိုင်းဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဒေါ်ကြည်ကြည်သန်းက ယခု ဗီဇာနှင့်
ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ နိုင်ငံ၏ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ တိုးတက်ရေးအတွက်
အရေးကြီးသည့် မှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်း ပြောသည်။
"မြန်မာအရှေ့တိုင်းဘဏ်က ၁၉၉၅ ခုနှစ် ကတည်းက ခရက်တစ်ကတ်ကို ပထမဆုံးထုတ် ဝေခဲ့ဖူးပါ
တယ်။ အခု စီးပွားရေး ပြန်ဖွင့်လိုက်တဲ့အတွက် ပထမဆုံး ဗီဇာကတ်အသုံးပြုခွင့်ရတဲ့ ဘဏ်ဖြစ်တဲ့
အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ နောက် မြန်မာစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာ
အထောက်အကူပြု နိုင်မယ် လို့ ယုံကြည်ပါတယ်"ဟု ဒေါ်ကြည်ကြည်သန်း က ပြောသည်။
ထို့ပြင် မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် အေတီအမ်စက်များကိုလည်း မြို့ကြီးများတွင် တိုးချဲ့တပ်
ဆင်မည်ဟု ဆိုသည်။
"လက်ရှိ အေတီအမ်စက်ငါးလုံးပဲရှိပါတယ်။ လေးလုံးက ရန်ကုန်မှာတပ်ဆင်ထားပြီး နောက်တစ်လုံး
ကတော့ မန္တလေးမှာ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ လာမယ့် မတ်လမကုန်ခင်မှာ အေတီအမ်စက်
၁၈ လုံး ဖြည့်စွက်တပ်ဆင်ဖို့ရှိပါတယ်။ အထူးသဖြင့်တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ ပုဂံမြို့
တွေမှာ တပ်ဆင်မှာဖြစ် ပါတယ်"ဟု ဒေါ်ကြည်ကြည်သန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"နောက် ဗီဇာရဲ့ ငွေပေးချေမှုစနစ်ကိုလည်း လက်ရှိ တစ်ဆိုင်ကနေများပြားလာအောင် လုပ်ဆောင်
သွားပါမယ်။ နှစ်ပတ်အတွင်း အနည်းဆုံး ဆိုင် ၅၀ လောက်အထိ သုံးစွဲနိုင် အောင် ဆောင်ရွက်ဖို့
ရည်ရွယ်ထားပါတယ်"ဟု ၎င်းက ပြောသည်။
Green Elephant စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ချယ်ရီအောင်ခင်ကလည်း "နိုင်ငံတကာမှာ တွင်တွင်
ကျယ်ကျယ် အသုံးပြုနေတဲ့ ဗီဇာကတ်ကို ကျွန်မတို့ဆိုင်က ကြိုဆိုပါတယ်။ ဗီဇာကတ်နဲ့ ပထမဆုံး
ရောင်းခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ နိုင်ငံတကာ ခရီးသည် တွေအတွက်ဆိုလည်း
အဆင့်မြင့် ငွေပေး ချေမှုနဲ့ ၀န်ဆောင်မှုကို ပေးနိုင်နေပါပြီ"ဟု ၎င်းကပြောသည်။
















