၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲတွင် ယခုလက်ရှိ ကျင့်သုံး နေသည့် မဲအများဆုံး
ရရှိသူတစ်ဦးသာ ကိုယ်စားလှယ်ဖြစ်သည့်စနစ် (First-Past-The-Post) အစား မဲအရေအတွက်ကို
အခြေခံပြီး ရွေးချယ်သည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) ကို ကျင့်
သုံးရန် နီးစပ်လာကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ က သုံးသပ်ပြော
ကြားသည်။
"ပီအာရ်စနစ်က အတည်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒီကနေ့ အာဏာရ ပါတီက သူတင်မယ့်အရာ
မဟုတ်ဘူး။ သူ့ လက်ကို မသုံးဘူး။ ပါတီအုပ်စုတစ်စုကို သုံးပြီးတင်လိုက်တယ်"ဟု အမျိုးသား
ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က
ပြောကြားခဲ့သည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်အများဖြင့် နေရာရနေသည့် ပြည်ထောင်စုကြံ့
ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဌေးဦးကမူ ပီအာရ်စနစ်နှင့် ပတ်သက်၍ 'လေ့လာနေဆဲ'သာ ဖြစ်သည်ဟု ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာ
လအတွင်းက မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။
"ပီအာရ်စနစ်ကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒီမိုကရေစီနုနယ်တဲ့နိုင်ငံမှာ ရှုပ်ထွေးစေပါမယ်။
တကယ်တော့ ပီအာရ် ကျင့်သုံးမယ်ဆိုတာကလည်း စိတ်ကူးယဉ်တဲ့အဆင့်ပဲရှိပါသေးတယ်။
လွှတ်တော်က အတည်ပြုမှ ဖြစ်မှာပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မဟာအောင်မြေမြို့
နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
၎င်းဦးဆောင်သည့် ပါတီအနေဖြင့် ပီအာရ်စနစ်ကို မူအရ ကန့်ကွက်သွား မည်ဖြစ်သော်လည်း
ယင်းစနစ်အတည် ဖြစ်သွားပါကလည်း ရွေးကောက်ပွဲကို ပါ၀င်ယှဉ်ပြိုင်မည်ဟု ဦးသိန်းညွန့်က
ပြောသည်။
"ပညာတတ်နည်းတယ်။ ဒီစနစ်ကို သွားရင် ညွန့်ပေါင်းအစိုးရဖွဲ့တာကို လက်ခံရမယ်။ ကမ္ဘာမှာ
လည်း ပီအာရ် စနစ်ကို လက်တွေ့ကျင့်သုံးနေတယ်" ဟု ၎င်းက ပြောသည်။
"ပီအာရ်စနစ်ကို ကောင်းကောင်းကြီး ရင်ဆိုင်ရမှာပါ။ ပီအာရ်စနစ်ဆိုတာ ပါတီ ခေါင်းဆောင်ပေါ်မှာ
မူတည်ပြီး ပြည်သူက မဲပေးတာ။ ကျွန်တော်တို့ကို (ပါတီ)အကျိုးမယုတ်စေပါဘူး"ဟုလည်း ၎င်း က
ဖြည့်စွက်ပြောသည်။
ပီအာရ်စနစ်သည် ပါတီတစ်ပါတီ အား အပြတ်အသတ်အနိုင်ရစေရန် ထိန်းနိုင်သည့်စနစ်ဟု
ဆိုသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀င် ရောက်ယှဉ်ပြိုင်သည့် ပါတီကြီးများအား
အသာရစေနိုင်သော်လည်း လူမျိုးစုပါတီ ငယ်များလည်း လွှတ်တော်တွင်း၌ နေရာ ပိုမိုရလာနိုင်
သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
"တစည (တိုင်းရင်းသားစည်းလုံး ညီ ညွတ်ရေးပါတီ)ဆို ၂၀၁၀ ရွေးကောက်ပွဲတုန်းက တစ်ပြည်လုံး
မှာ မဲရရှိမှုက ဒုတိယလိုက်တယ်။ ပြည်ထောင်စုလွှတ် တော်မှာတော့ ကျွန်တော်တို့ ကျားဖြူ
နောက်မှာပဲရှိတယ်။ တကယ်လို့သာ ပီအာရ်စနစ်ကျင့်သုံးခဲ့ရင် သူတို့က ဒုတိယလိုက်မှာပါ။ အဲဒီလို
ပါတီကြီးတွေ က စိတ်ဝင်စားကြတယ်" ဟု ရှမ်းတိုင်းရင်း သား ဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ရှုံးနိမ်ခဲ့သည့် တိုင်းရင်းသား
စည်းလုံး ညီညွတ်ရေးပါတီကဲ့သို့ ကြံုတွေ့ရန် အလားအလာရှိသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီကလည်း ပီအာရ်စနစ်ကို စိတ်ဝင်စားဖွယ်ရှိသည် ဟုလည်း ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သည့် ပါတီညီလာခံ၌ ချမှတ်ခဲ့သည့် အချက်ခြောက်ချက်တွင်
ပီအာရ်စနစ်ကို ၂၀၁၅ ခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲ တွင် မကျင့်သုံးသေးဟု ထုတ်ပြန်ခဲ့သော်
လည်း ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ကိုမူ မဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
"ပီအာရ်စနစ်ကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးရမယ်လေ။ အဲဒီဖြစ်စဉ်ကို ဖြတ်သန်းပြီးမှ၊ ဥပဒေပြု
ပြီးမှ ကျင့်သုံးနိုင်မှာလေ။ အဲဒီဥပဒေပြုတဲ့ဖြစ်စဉ်မှာ ကျွန်တော်တို့ ပါတီကိုယ်စားလှယ်တွေ က
ဆန့်ကျင်မှာပါ"ဟု ဦးရဲထွန်းက ပြောသည်။
အကယ်၍ ပီအာရ်စနစ်ကို ကျင့်သုံး လိုပါက မဲအများဆုံးရသူကိုယ်စားလှယ် ဖြစ်သည့်စနစ်ဖြင့်
တွဲဖက်ကျင့်သုံးသင့် သည်ဟု ၎င်းက အကြံပြုသည်။ "ပြည်သူ့လွှတ်တော်ကို မဲအများဆုံးရ သူ
ကိုယ်စားလှယ်ဖြစ်သူစနစ်နဲ့ရွေး။ ပါတီတွေက ရတဲ့မဲတွေကိုပေါင်းပြီး ပီအာရ်စနစ်လိုမျိုးနဲ့ အထက်
လွှတ်တော် (အမျိုးသားလွှတ်တော်) လို နေရာမျိုးမှာ နေရာပေး။ တော်တဲ့လူတွေလည်း နေရာ
ရလာမယ်"ဟု ၎င်းက ပြောသည်။
"ပီအာရ်စနစ်ကို ညောင်နှစ်ပင် အမျိုးသားညီလာခံမှာ ကတည်းက ကျွန်တော်တို့ပါတီက တင်ပြဖူး
ပါတယ်။ ကျွန်တော်တို့က လက်ခံပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်
စတုတ္ထအများဆုံးနေရာ ရနေသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ပန်းတနော်မြို့နယ်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ်က ပြောသည်။
ပီအာရ်စနစ် ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေဖြင့် ပြည်ထောင်စု
လွှတ်တော် တွင် နေရာပိုမိုရရှိမည်ဟု ယုံကြည် ကြောင်းလည်း ဦးမန်းမောင်မောင်ဉာဏ်က ပြော
သည်။
"ပီအာရ်ကို ကြိုက်သည်၊ မကြိုက်သည်ထက် ရွေးကောက်ပွဲဥပဒေအရ သုံး နေရာလောက်တော့
၀င်ရမယ် ထင်ပါ တယ်။ တခြားရွေးစရာလည်း မရှိဘဲကိုး" ဟု မကြာသေးမီက ပါတီမှတ်ပုံတင်
ပြန်လည်တင်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသား
များ ဒီမိုကရက် တစ်ပါတီ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။
"ပီအာရ်စနစ်ကြောင့် နိုင်ငံရေးကို ရိုးရိုးသားသားမလုပ်ဘဲ ခုတုံးလုပ်မယ့် ခရိုနီတွေလည်း လွှတ်တော်
ထဲကို ရောက်လာနိုင်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။















