ထိုင်းနိုင်ငံမှ စက်ရုံံဟောင်းများ ထားဝယ်သို့ ရွှေ့ပြောင်းရန် မရှိ

ထိုင်းနိုင်ငံမှ စက်ရုံံဟောင်းများ ထားဝယ်သို့ ရွှေ့ပြောင်းရန် မရှိ

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထိုင်းနိုင်ငံမှ စက်ရုံဟောင်းများအား တင်သွင်းရန်အစီအစဉ်မရှိ
ကြောင်း ထိုင်း နိုင်ငံစက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေး လုပ်ငန်းများ တည်ဆောက်ထူထောင်ရေးဆိုင်ရာ
ဆပ်ကော်မတီမှသိရှိရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနပြည်
ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ချောက်မဲဆန္ဒနယ်
မှ ဦးသိန်းလွင်က ထိုင်းနိုင်ငံမှ စက်ရုံဟောင်းများအား ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင်
ပြောင်းရွှေ့တည်ဆောက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့်
အစီအစဉ်များ ရှိ-မရှိ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များပါ၀င်သော အဖွဲ့များနှင့် လေ့လာ
စိစစ်ချက်များကို ထိရောက်အောင် ဆောင်ရွက်စေပြီး စီမံကိန်းတစ်ရပ်လုံးအား အချိန်နှင့်တစ်ပြေးညီ
ထုတ်ပြန် ပေးရန် မေးမြန်းခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၀င်ရောက်လာမည့် စက်မှုလုပ်
ငန်းများ ဘက်စုံစောင့်ကြည့်ရေး စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်အပြင် ပတ်ဝန်း
ကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် သီးခြားအဖွဲ့ဖွဲ့ကာ ဘက်စုံစောင့်ကြပ်ကြည့်ရှုရေးစနစ်ထား
ရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေး ထိခိုက်မှုများကို လွတ်
လပ်သော အဖွဲ့အစည်းဖွဲ့ကာ ဆန်းစစ်သွားမည်ဖြစ်ပြီး ယင်းဆန်းစစ်ချက်များနှင့် လုပ်ငန်းအစီအစဉ်
များကို ပြည်သူအား အသိပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ အကြံပြုချက်များကို ရယူ
သွားမည်ဟု ဦးဝင်းထွန်းက ဖြေကြားခဲ့သည်။

၎င်းက စက်ရုံဟောင်းများအား ပြောင်းရွှေ့မည်၊ မရွှေ့မည်ကိုမူ တိတိကျကျ ဖြေဆိုမသွားသော်
လည်း အီတာလျံထိုင်းကုမ္ပဏီမှ ထုတ်ဝေသော စာစောင်များတွင် ဓာတုဗေဒစက်ရုံများ ပါ၀င်နေ
သဖြင့် စိုးရိမ်ကာမေးမြန်းခြင်း ဖြစ်ကြောင်း မေးခွန်းမေးသူ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှအထွေထွေ အတွင်းရေးမှူး ဦးသိန်းလွင်က ပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အီတာလျံထိုင်းကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သော
ထိုင်းနိုင်ငံရှိ မတ်ထပွတ်စက်မှုဇုန်မှ ရေနံဓာတု စက်ရုံများ ပြောင်းရွှေ့လာဖွယ်ရှိကြောင်း ထိုင်း နိုင်ငံ
မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှင့် ဒေသခံများကခန့်မှန်းခဲ့ကြပြီး ၀န်ကြီးချုပ်ဟောင်း အဘီဆစ်
ကိုယ်တိုင် ထိုင်းနိုင်ငံက ညစ်ညမ်းသည့် စက်မှုလုပ်ငန်းများ မြန်မာနိုင်ငံဘက်သို့ ရွှေ့သွားပြီဖြစ်
ကြောင်း ပြည်သူကို တရားဝင် ပြောကြားခဲ့ဖူးသည်။

"စက်ရုံရွှေ့မယ်ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းဘက်က မကြာခဏသတင်း ကြားပါတယ်။ ဒါပေမဲ့
တာဝန်ရှိတဲ့ လူကြီးတစ်ယောက်ဆီကနေ အခုလိုကတိ စကားပြောတဲ့အတွက်တော့ ကောင်းတဲ့
အလားအလာရှိတယ်လို့တော့ ထင်တယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံ တွေ၊ ရပ်ရွာလူထုအဖွဲ့
အစည်းတွေနဲ့ တိုင်ပင်တာမျိုးတော့ လုပ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်သတ်ဆွေးနွေးမှုမျိုးပါပဲ။
အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးတိုင်ပင်မှု ပုံစံမျိုးတော့ မဟုတ်ဘူး"ဟု ထားဝယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး
အဖွဲ့မှ အဖွဲ့ဝင် ကိုဘိုဘိုအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး