ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုသုံးခု ၌ ဖေဖော်ဝါရီလ ၃ ရက်
နေ့၊ ညနေ ၅ နာရီခွဲခန့်တွင် မိုးသီးထိမှန်မှုကြောင့် နေအိမ် ၅၁၈ လုံး ပျက်ဆီးခဲ့ကြောင်း ကယ်ဆယ်
ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်က ဖေဖော်ဝါရီလ ၆ ရက်နေ့
တွင် ပြောသည်။
"၁၀ မိနစ်လောက် မိုးရွာတာမှာ သံပုရာသီးလုံးလောက် မိုးသီးတွေ ကြွေတယ်။ ကက်တောင်
ကျေးရွာအုပ်စုက လူနေအိမ်ခြေ ၁၆၈ လုံး၊ ၀မ်ဆောင် ကျေးရွာအုပ်စုက ၁၅၀ လုံး၊ ကထိုက်ကျေးရွာ
အုပ်စုမှာ၂၀၀ လုံး၊ စုစုပေါင်း ၅၁၈ လုံး အိမ်ခေါင်မိုးတွေ ပျက်စီးခဲ့ပါ တယ်။ လူသေဆုံး၊ ထိခိုက်မှု
တော့ မရှိခဲ့ဘူးလို့ လောလောဆယ် သတင်းရရှိထားပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၃၅၅ သိန်း
ကျော်ရှိပါတယ်"ဟု ၎င်းက ပြောသည်။
"အားကောင်းတဲ့ မိုးတိမ်တောင်တွေ ကြောင့် မိုးသီးကြွေမှုတွေဖြစ်တာပါ။ ကျိုင်းတုံနဲ့ ခုနစ်မိုင်
လောက်ဝေးတဲ့ ကက်တောင်ရွာမှာဖြစ်တာပါ။ ကျိုင်းတုံ မိုးလေဝသစခန်းရဲ့ သတင်းပေးပို့ချက်အရ
မိုးသီးတွေဟာ ကြက်ဥ အရွယ်လောက် ရှိခဲ့တယ်လို့သိရပါတယ်။ နှစ် ၂၀ အတော အတွင်းမှာ
ဒီအရွယ်အစားလောက် မိုးသီးကျဆင်းမှုတွေတော့ မဖြစ်ခဲ့ဘူးပါဘူး"ဟု မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မိုးသီးထိမှန်မှုကြောင့် အုတ်ကြွပ်မိုး အိမ်တချို့ အပေါက်များဖြစ်ခဲ့ပြီး ကတ် တောင်ရွာနှင့် အနီး
ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကက်ထိုက်၊ ၀မ်ကောင်း၊ ၀မ်ဆောင်းကျေးရွာများတွင် မိုးသီး
ကြွေခဲ့သည်ဟုသိရှိရကြောင်း ၎င်းက ပြောသည်။















