ယူရိုသန်းချီတန်သော ကျောက်စိမ်းတုံး နှစ်တုံးနှင့်ပတ်သက်၍ မြန်မာ သီတာမြ နန်းကျောက်မျက်
ရတနာတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနှင့် တရုတ်နန်ဟိုင် ဆန်လုန်တဲ့တုဝမ်းကုမ္ပဏီတို့ တရုတ် နိုင်ငံ
ကွမ်တုံပြည်နယ်ဖူဆန်မြို့ ပြည်သူ့ တရားရုံး၌ တရားဆိုင်နေရမှုနှင့် ပတ်သက်၍ နှစ်ဖက်သက်သေ
များအား ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ဆေးကြားနာခဲ့ကြောင်း သီတာမြနန်းကုမ္ပဏီမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၉ လမ်း၊ အမှတ် ၂၆၈ တွင် ဖွင့်လှစ်ထားသော
သီတာမြနန်းကုမ္ပဏီသည် ကုမ္ပဏီပိုင် ဖားကန့်ကျောက်စိမ်း လုပ်ကွက်မှ ၂၀၀၆ ခုနှစ် ဇူလိုင်လ
အတွင်း က ၃၂ တန်ရှိကျောက်စိမ်းအရိုင်းတုံးကို တူးဖော်ရရှိခဲ့သည်။
ယင်းကျောက်စိမ်းတုံးကို လေးခြမ်းဖြတ်တောက်ခဲ့ပြီး လေးခြမ်းမှနှစ်ခြမ်းကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ
လ၌ကျင်းပသည့် ၂၂ ကြိမ် မြောက် ကျောက်မျက်ပြပွဲတွင် ချန်လုံ ကျောက်မျက်ကုမ္ပဏီမှတစ်ဆင့်
တင်ပြ ရောင်းချခဲ့သည်။
ထို့နောက် ရန်ကုန်မြို့မှ တရုတ်နိုင်ငံကွမ်တုံပြည်နယ် ဖူဆန်မြို့ နန်ဟိုင်ရပ်ကွက်မှ တစ်ဆင့်သွင်းပြီး
အကောက်အခွန်ဆောင်ရန် သီတာ မြနန်းကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ် (ချန်လုံ)
ကျောက်စိမ်းကုန်သွယ် ရေးကုမ္ပဏီ ရန်ကြာဆိုက်ထံ အလုပ်အပ်နှံခဲ့ကြောင်းသိရသည်။
ထိုသို့ ကျောက်စိမ်း နှစ်ချမ်းကို အဆိုပါ ကုမ္ပဏီအားရောင်းချရန် ယုံကြည်အပ်နှံ လွှဲပြောင်းပေးခဲ့ပြီး
ရောင်းရငွေများကို ယင်းကုမ္ပဏီမှ သီတာမြနန်းကုမ္ပဏီသို့ လွှဲပြောင်းပေးခြင်း၊ စာရင်းရှင်းခြင်းတို့မ
ပြုလုပ်သေးသဖြင့် ကုမ္ပဏီ၏ဒါရိုက်တာ ဦးလှထွန်းက မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး
လုပ်ငန်း နေပြည်တော်သို့နှစ်ဖက်ညှိနှိုင်းပေးရန် အကူအညီတောင်းခံထားသည်ဟုသိရသည်။
"မြန်မာနိုင်ငံမှာ ကျောက်စိမ်းတုံးက တရားဝင၊် ဒါပေမဲ့ တရုတ်နိုင်ငံကို ကျောက်စိမ်းတုံးက
တရားဝင်ကုန်သွယ်မှုအထောက်အထား အခွန်ပေးဆောင်မှု မရှိဘဲ ရောက်သွားတယ်။ အဲဒါကြောင့်
တရားစွဲတာပါ။ တရုတ် တရားရုံးကလည်း ဒါကိုအဓိကထားပြီး စစ်ဆေး နေပါတယ်"ဟု သီတာ
မြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်း က ပြောကြားသည်။
အဆိုပါ ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံသို့ ရောက်ရှိသွားပြီးနောက် တင်သွင်းမှု စာရွက်စာတမ်း
များနှင့် အကောက်ခွန် ပေးဆောင်ပြီကြောင်း သက်သေခံလက်မှတ်များကို သီတာ မြနန်းကုမ္ပဏီသို့
ပေးအပ်ခြင်းမရှိသည့်အတွက် တရားရုံးတွင် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဦးကျော်ကျော်ဟိန်းက
ဆက်လက်ပြောကြားသည်။
ယင်းကျောက်စိမ်းတုံး နှစ်တုံးကို ကျောက်မျက်ပြပွဲတွင် Lot No.601 နှင့် Lot No.602 တို့ဖြင့်
တင်သွင်းပြသခဲ့ပြီး အလေးချိန် ၈၈၀၀ ကီလိုနှင့် ၈၉၀၀ကီလို ရှိကြောင်း၊ တန်ဖိုးယူရို ၉၀၀၀၀၀ နှင့်
၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်း ယူရို ၁ ဒသမ ၈၅ သန်းတန်ကြေးရှိ ကြောင်းသိရသည်။
ယင်းအမှုကို ကွမ်တုံပြည်နယ် ဖူဆန်မြို့ တရားရုံးက ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားသည်။















