မြန်မာသင်္ဘောသားများ အေးဂျင့်ကို အမှုဖွင့်ရန် ပြင်ဆင်

မြန်မာသင်္ဘောသားများ အေးဂျင့်ကို အမှုဖွင့်ရန် ပြင်ဆင်

တောင်အာဖရိက ငါးဖမ်းသဘောင်္ပေါ်တွင် နှိပ်စက်ညှဉ်းပန်းခံရပြီး သံရုံးအကူအညီဖြင့် မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိလာသော မြန်မာသင်္ဘောသားနှစ်ဦးက သင်္ဘောသားအလုပ်အကိုင် အေးဂျင့်၊
ရှဲဒိုးကုမ္ပဏီကို တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း သင်္ဘောသား ကိုခန့်လင်းမောင်က
မြန်မာတိုင်း(မ်)ကိုပြောသည်။

"လက်ရှိ ကျွန်တော်တို့ ရှဲဒိုးကုမ္ပဏီက ကိုရာဇာဝင်းနဲ့ ကိုသိန်းထိုက်အောင်ကို အမှုဖွင့်ဖို့ စီစဉ်နေ
တယ်။ ကိုသိန်းထိုက်အောင်ကတော့ ထွက်ပြေးနေတယ်။ ဘာပြစ်မှုနဲ့စွဲမလဲ ဆိုတာကိုတော့ ရှေ့နေ
တွေနဲ့ တိုင်ပင်နေပါတယ်"ဟု ပြောသည်။

အဆိုပါ နှိပ်စက်ခံရသော သင်္ဘောသားနှစ်ဦးမှာ ရန်ကုန်သို့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ
ပင်လယ်ကူး သင်္ဘောသား၊ အလုပ်သမားများအဖွဲ့ ချုပ်နှင့် တောင်အဖေရိကနိုင်ငံဆိုင်ရာ မြန်မာသံ
အမတ်ကြီး ဦးမင်းနောင်၏ အကူအညီဖြင့် ပြန်လည်ရောက်ရှိလာ ခြင်းဖြစ်သည်။

"ကျွန်တော်တို့က အေးဂျင့်က ပြောတဲ့ ငါးဖမ်းသင်္ဘောဆိုတာ စက်တွေနဲ့ဖမ်းပြီး အဆင့်မြင့်လုပ်ရ
တယ်ထင်ပြီး လိုက်သွားတာပါ။ တကယ်တမ်းက သင်္ဘောပေါ်မှာ ပင်ပင်ပန်းပန်းနဲ့ တစ်ရက်ကို ၂၄
နာရီ အပြည့်နီးပါးလောက်ကို အလုပ်ခိုင်းတယ်။ ကျွေးတော့လည်း ရေနဲ့တင် ပြုတ်ထားတဲ့
ဆန်ပြုတ်နဲ့ ဂေါ်ဖီထုပ် ကြော်ကိုပဲ ကျွေးတယ်။ ဒီတိုင်း ကုန်းပတ် ပေါ်မှာ ငါးယောက်တစ်စု ထိုင်စား
ရတာမျိုးပါ"ဟု ၎င်းက ပြောသည်။

ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည့် အခြားသင်္ဘောသားတစ်ဦးဖြစ်သူ ကိုလင်းထိုက်အောင်က
"ကျွန်တော်တို့ ငရဲရောက်သွားသလို ခံစားရပါတယ်။ သင်္ဘောကပ္ပတိန်က တရုတ်ဆိုတော့ သူတို့
စကားလည်း နားမလည်ဘူး။ ရောက်ရောက်ချင်းညမှာ တုတ်တွေကို ကြိုးပတ်ပြီး ကျွန်တော်တို့
မျက်နှာတွေကို ရိုက်ပါတယ်။ ကျွန်တော်တို့ လွတ်လာ ပေမယ့် သင်္ဘောပေါ်မှာ ကျွန်တော်တို့ လိုပဲ
မြန်မာသင်္ဘောသားတွေ ကျန်နေပါ သေးတယ်"ဟု ပြောသည်။

၎င်းတို့နှစ်ဦးသည် ခရီးစဉ်အတွင်း ကမ်းပေါ်သို့ တက်ခွင့်မရကြဘဲ ကမ်း ပေါ်သို့တက်ခွင့်ရှိသည့်
မြန်မာလူငယ် တစ်ဦးနှင့် မိသားစုထံသို့ အဆက်အသွယ်ပြုလုပ်ခဲ့ရကြောင်း၊ မိသားစုက မြန်မာနိုင်ငံ
ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်နှင့် ပူးပေါင်း ဆက်သွယ်ကြိုးပမ်းပြီး တောင်
အာဖရိက နိုင်ငံသံရုံးနှင့် အဆက်အသွယ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် အဆက်
အသွယ်ရရှိပြီး ရန်ကုန်သို့ ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ကိုလင်းထိုက်အောင်၏ မိခင်ဖြစ်သူ ဒေါ်နွယ်နီတင်က "ကျွန်မ တောင်အာဖရိကနိုင်ငံက မြန်မာသံ
အမတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်။ ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အဆိုင်း
မတွပဲ ကူညီခဲ့တာကို ၀မ်းသာမိပါတယ်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်လည်းယူမိတယ်" ဟု ပြောသည်။

ကိုလင်းထိုက်အောင်နှင့် ကိုခန့်လင်းမောင်တို့သည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က အဆိုပါ
ငါးဖမ်းသင်္ဘောနှင့် စတင်ထွက်ခွာခဲ့ခြင်းဖြစ်ကာ ဦးသိန်းထိုက်အောင်က Deep Sea Fisherman
ကုမ္ပဏီနှင့် Contract ပြုလုပ်ပြီး တောင်အာဖရိက Cape Town ရှိ NAHAM 4 ငါးဖမ်းသင်္ဘောပေါ်
သို့ တင်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ပင်လယ်ကူးသင်္ဘောသား၊ အလုပ် သမားများအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါက်တာတင်လှိုင်က "အမှုဖွင့်တဲ့နေရာမှာ ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ အပြည့်အဝ
ရပ်တည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တရားစွဲဆိုတဲ့အပိုင်းက ကျွန်တော်တို့က အမှုဖွင့်ပိုင်ခွင့်မရှိဘူး"ဟု
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး