ပထမဆုံးအကြိမ် အကောင်းဆုံးထုတ်ဝေသူဆု ချီးမြှင့်

ပထမဆုံးအကြိမ် အကောင်းဆုံးထုတ်ဝေသူဆု ချီးမြှင့်

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ ကြီးမှူးပြီး စာအုပ် ဈေးရောင်းပွဲတော်၊ စာပေ
ဟောပြောပွဲ နှင့် ၂၀၁၁ ခုနှစ် အကောင်းဆုံးထုတ်ဝေသူ ဆုပေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ မှ
ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ရန်ကုန် အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ်ချီးမြှင့်သည့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးထုတ်ဝေသူဆုကိုု မြန်မာ
နိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းကြီးမှ စိစစ် ရွေးချယ်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွက်
အမျိုးသား စာပေဆုတစ်ဆုအဖြစ် ရွေးချယ်ခံခဲ့ရသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်
U Thet Tun (Retired  Ambassador)ရေးသည့် Waves of Influence စာအုပ်ကို ထုတ်လုပ်
ခဲ့သည့် 'လောကအလင်း' စာပေတိုက်မှ ဆွတ်ခူးရရှိခဲ့သည်။

အကောင်းဆုံးထုတ်ဝေသူ ဆုပေးရာတွင် ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာ ပေဆုချီးမြှင့်ခံရသည့်
စာအုပ် ၁၃ အုပ် အနက် အစိုးရမှ ထုတ်ဝေသည့် စာအုပ် ခြောက်အုပ်ကို ချန်လှပ်ကာ ကျန်သော
ပုဂ္ဂလိကမှ ထုတ်ဝေသည့် စာအုပ် ခုနစ် အုပ်ထဲမှ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ
စာပေထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အသင်းကြီးမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက ပြောသည်။

"ဆုရွေးချယ်ဖို့အတွက် ကျွန်တော်တို့ ကော်မတီဝင်တွေ အစည်းအဝေးတွေ အကြိမ်ကြိမ်ထိုင်ပြီးမှ
ဆုံးဖြတ်ခဲ့ကြတာပါ။ ဆုပေးရတဲ့ အခြေခံအချက်တစ်ချက်ကို ပြောမယ်ဆိုရင်တော့ မျက်နှာဖုံးပေါ့။
စာအုပ်မျက်နှာဖုံးတွေကလည်း အဲဒီ စာအုပ်ထဲမှာပါ၀င်တဲ့ အကြောင်းအရာနဲ့ ဆက်စပ်မှု
ဘယ်လောက်ရှိမလဲ။ နောက် တစ်ချက်က ဈေးကွက်မှာ တွင်ကျယ် နိုင်မှာ မဟုတ်မှန်းသိလျက်နဲ့
အနစ်နာခံပြီး ထုတ်နိုင်တဲ့အချက်ပါ။ အင်္ဂလိပ်ဘာသာနဲ့ဆိုတော့ စီးပွားရေးအရ ပြန်တွက်ရင်
မရောင်းရတဲ့အတွက် သိပ်မထုတ်ကြပါဘူး"ဟု ဦးကျော်ဦးကပြောသည်။

"နောက်နှစ်မှာတော့ အကောင်းဆုံး စာအုပ်အရောင်းဆိုင်ဆုကိုပါ ထပ်ပေး နိုင်ဖို့ ကြိုးစားနေပါတယ်။
အဲဒီဆု အတွက်ကိုတော့ ထုတ်ဝေသူဆန္ဒမဲ ၅၀ ရာခိုင်နှုန်းနဲ့ စာအုပ်ဝယ်သူတွေရဲ့ ဆန္ဒမဲ ၅၀ ရာခိုင်
နှုန်းပေါ်မူတည်ပြီး ရွေးချယ်မှာပါ"ဟု ဦးကျော်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး