ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့ တွင် ကလေးငယ်များ၏ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ
ဆောင်ရွက်ရန် ရန်ပုံ ငွေ ရှာဖွေလျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ရေးနှင့်
ရန်ပုံ ငွေ ရှာဖွေလှူဒါန်းရေးအဖွဲ့ (ICCG) က မြန်မာတိုင်း(မ်)ကို ပြောသည်။
အမျိုးသမီးများ စုပေါင်းဖွဲ့စည်းထားသည့် အဆိုပါအဖွဲ့သည် Help us save a smile ဟုအမည်ပေး
ထားသော ရန်ပုံ ငွေရှာဖွေရေးပွဲတစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် ရန်ကုန်မြို့ကုန်သည်ကြီးများ
ဟိုတယ်၌ ပြုလုပ်မည်ဖြစ်သည်။
ရန်ပုံငွေပွဲတွင်ရရှိသည့် အလှူငွေများကို မန္တလေးတိုင်းဒေသကြီး ကျေးလက် ဒေသများရှိ ချို့တဲ့သော
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများကို ခွဲစိတ်ကုသမှုပေးသွားမည်ဖြစ်ပြီး ရန်ကုန်ဗဟို အမျိုးသမီး
ဆေးရုံကြီး၌ မွေးကင်းစ ကလေးများအတွက် ကုသရန်လိုအပ်သည့် စက်ပစ္စည်းများ လှူဒါန်းသွား
မည် ဟု အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော Ms. Vidya Seshadri က၊ပြောသည်။
"ကလေးငယ်တွေရဲ့ မွေးရာပါ ချို့ယွင်းချက်တွေကို ပြန်လည်ပြုပြင်ပေးဖို့ ကျွန်မတို့ကူညီသွားမှာပါ။
ဒါမှ သူတို့ လေးတွေ မိမိကိုယ်မိမိ ယုံကြည်မှု ပြန်လည်ရရှိကြမှာဖြစ်ပြီး တစ်ဖန်ပြန်ပြီး ပြံုးနိုင်ကြမှာ
ဖြစ်ပါတယ်"ဟု ၎င်းက ဇန်နဝါရီ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းသည် မွေးရာပါ ချို့ယွင်းသည့်ရောဂါဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင်
အာဟာရဖြစ် စေသော အစားအစာများလုံလောက်စွာ မရသောကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ကလေးငယ် ၈၀၀ မှ ၁,၀၀၀ တွင်တစ်ဦးဖြစ်ပွားနှုန်းရှိသည်ဟု ရန်ကုန်ဗဟိုအမျိုးသမီး
ဆေးရုံ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။ ခွဲစိတ်ရာတွင် ကုန်ကျစရိတ်မှာ တစ်ဦးလျှင်
ခန့်မှန်းခြေ ကျပ်ငွေလေးသိန်းမှ ငါးသိန်းအထိ ကျသင့်မည်ဖြစ်ပြီး ခွဲစိတ်မှုများကို မန္တလေးသွား
ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ တာဝန်ယူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
"ခွဲစိတ်ဖို့ရော စက်ပစ္စည်းရော လှူဒါန်းဖို့ဆိုရင် သိန်း ၂၀၀ လောက်တော့ လိုအပ်ပါတယ်"ဟု ဒုတိယ
ဥက္ကဋ္ဌ ဒေါ်ပေါ်လင်း ခင်မောင်လွင်က ပြောသည်။
ICCG အဖွဲ့ကို မြန်မာနိုင်ငံ၌ လာ ရောက်တာဝန်ထမ်းဆောင်နေကြသော သံအမတ်ကြီးများ၏
ဇနီးများ၊ အမျိုးသမီး သံအမတ်ကြီးများ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်များ၏ ဇနီးများ၊ မြန်မာ
အမျိုးသမီးများဖြင့်ဖွဲ့စည်းထားသည်။
လက်မှတ်ဝယ်ယူလိုသူများနှင့် အဆိုပါ အဖွဲ့ကို လှူဒါန်းလိုသူများသည် ဖုန်း နံပါတ် ၀၁ ၂၃၀ ၁၀၅၁၊
၀၁ ၂၃၀ ၁၀၅၂ သို့ ဆက်သွယ်နိုင်သည်။
















