ကျူးကျော်နေထိုင်သူများနှင့် တားဆီးသူဝန်ထမ်းများ အချင်းပွား

ကျူးကျော်နေထိုင်သူများနှင့် တားဆီးသူဝန်ထမ်းများ အချင်းပွား

လှိုင်သာယာမြို့နယ်၌ အိမ်ငှားခများ ဈေးတက်မည်ဟူသော သတင်းကြောင့်ဟုဆိုကာ ပီမိုးနင်းလမ်း
ရှိ တန်ဖိုးနည်း အိမ်ရာဆောက်လုပ်မည့် မြေကွက်တွင် ကျူးကျော်နေထိုင်ကြရာမှ အဆိုပါ
ကျူးကျော်နေထိုင်သူများက လာရောက် တားဆီးသူ ဌာနဆိုင်ရာဝန်ထမ်းများကို လက်နက်များဖြင့်
ခြိမ်းခြောက်မောင်းထုတ်မှု ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ရာနှင့်ချီသော နေထိုင်သူများသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Star Light ဟုဆိုသော
ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ၁၆ ဧကရှိ သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမြေ ပေါ်တွင်
နေထိုင်ရန် ဇန်နဝါရီလ ၃၁ ရက် နေ့ည ၈ နာရီခန့်က ရောက်ရှိလာကြသည်ဟု ကိုယ်တိုင်မြင်တွေ့
သူများက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ
များက ၎င်းတို့ဆောက်ထားသော အိမ်များကို ဖျက်စေခဲ့ကြောင်း သိရသည်။

သို့သော် နေ့လယ်အချိန်ခန့်တွင် နေထိုင်သူများက အိမ်များကို ပြန်လည် ဆောက်နေကြပြီး တာဝန်
ရှိသူများ ဒုတိယတစ်ကြိမ် လာရောက်တားဆီးရာတွင် ၀ါးရင်းတုတ်များ၊ ဓားမများကိုင်၍ ခြောက်
လှန့်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များ လာရောက်တားဆီးချိန်တွင်မူ
အဆိုပါနေထိုင်သူများက တာဝန်ရှိသူများအား လိုက်လံရိုက်နှက်သည်အထိ အခြေအနေတင်းမာခဲ့
သည်။

"မနေ့ညကစပြီး ဒီလူတွေ ရောက်လာကြတယ်။ အိမ်တွေလည်း စဆောက်ကြတယ်။ အစက အဲဒီ
လောက် မဟုတ်သေးပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းများလာပြီး မိုးလည်းလင်းရော အိမ်တွေတစ်ကွင်း
လုံး အပြည့်ဖြစ်နေတာပဲ။ အနည်းဆုံး လူ ၃၀၀ လောက်တော့ရှိတယ်" ဟု အမှတ် (၆)ရပ်ကွက်တွင်
နေထိုင်သူ ဒေါ်မာဦးက ပြောသည်။

အခြားသော မျက်မြင်သက်သေ တစ်ဦးကမူ အဆိုပါ ကျူးကျော်နေထိုင်သူများသည် လှိုင်သာယာ
မြို့နယ်တွင် အိမ်လခများ ဈေးတက်မည်ဟု သတင်းကြား၍ အိမ်လခမတတ်နိုင်တော့သဖြင့် လာ
ရောက်ကျူးကျော်နေထိုင်ခြင်းဖြစ်သည် ဟု ဆိုသည်။

"လှိုင်သာယာမှာနေတာက အလုပ်သမားတွေများတယ်။ နေ့စားတွေဆို တော့ အိမ်လခ ထပ်တက်
ရင် သူတို့ မပေး နိုင်တော့ဘူး။ အခု အိမ်လခတွေ ထပ်တက်မယ်လို့ သတင်းတွေကြားနေတယ်။
ပြီးတော့ ပုံမှန်ဆို အိမ်လခက လကုန်ပြီး ၅ ရက်နေမှ ပေးရတာလေ။ အဲဒီတော့ အိမ်လခမပေးရ
သေးခင် လာနေကြတာ" ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်တွင် အိမ်လခများမှာ အနည်းဆုံး တစ်လကျပ် ၃၀,၀၀၀ ဖြစ်ပြီး ခိုင်ခံ့ကောင်းမွန်
သော အိမ် တစ်အိမ်ဆိုပါက တစ်လလျှင် ကျပ် ၄၀,၀၀၀ ပေးရကြောင်း ၎င်းက ပြောသည်။

အိမ်လခတက်မည်ဟူသော သတင်းမှန်ကန်ပါက အနည်းဆုံး ကျပ် ၅,၀၀၀ ခန့် ထပ်မံဈေးတက်သွား
မည်ဖြစ် ကြောင်း အဆိုပါအမျိုးသမီးက ခန့်မှန်း ပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်မေထက်ထက်က အိမ်လခများ ဈေးတက်၍ နေထိုင်ရေးမှာ ယခင်က
ထက်ပို၍ ခက်ခဲလာသည်ဟု ဆိုသည်။

"ကျွန်မတို့မှာ ရွေးစရာမရှိဘူး။ အိမ်ငှားခတွေက မနှစ်ကထက် ဈေးတက်ကုန်တယ်။ ကျွန်မက
ကလေးလေး ယောက်ကို တစ်ယောက်တည်းရှာကျွေး နေရတာ။ ကျွန်မမုန့်ရောင်းတာမှ တစ်နေ့ကို
ကျပ် ၂,၀၀၀ ကနေ ၃,၀၀၀ ကြားပဲရတယ်။ ကလေးတွေကိုတောင် မနည်းကျွေးနေရတာ။
အကြီးဆုံးကို ကျောင်းလည်း ထွက်ခိုင်းထားရတယ်။ အိမ်လခ ဘယ်လိုပေးနိုင်မလဲ" ဟု ၎င်းက
ပြောသည်။

"အိမ်လခက အနည်းဆုံး ၃၀,၀၀၀ ရှိ တယ်။ မြေငှားရင် မြေစပေါ်က ၁၅ လစာ ကို တစ်သိန်းခွဲပေးရ
တယ်။ ကျွန်မတို့ ၀င်ငွေနဲ့ ဘယ်ငှားနိုင်မလဲ။ ကျွန်မက တော့ ရင်ဆိုင်ရမှာပဲ။ ကျွန်မကလေးတွေ
နေစရာရဖို့ဆို ဓားဆွဲရမလားဆွဲမယ်" ဟု ဒေါ်မေထက်ထက်က ဆိုသည်။

စက်ရုံများတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်သည်ဆိုသူ မခိုင်က သူငယ်ချင်းလေးယောက်
ပေါင်းနေရ သော အဆောင်အခန်းခအတွက် မတတ် နိုင်တော့၍ ကျူးကျော်နေထိုင်ရန် လာရခြင်း
ဖြစ်သည်ဟု ဆိုသည်။

"တစ်လကို အခန်းခက ၂၅,၀၀၀၊ ၃၀,၀၀၀ ပေးရတယ်။ အခုတလော အလုပ်က အဆင်မပြေတော့
အဲဒီအခန်းခကို ပုံမှန်မပေးနိုင်တော့ဘူး။ အဲဒါ ကြောင့် ဒီမှာ အိမ်တစ်နေရာစာလေးရ အောင် လာ
ဆောက်နေတာ။ ကျွန်မတို့ လည်း ခဏပဲနေမှာပါ။ ကျွန်မတို့ ဒုက္ခ ရောက်နေတာကို လူအင်အားသုံး
ပြီး အုပ်စုလိုက် အနိုင်ကျင့်တာ။ ကျွန်မတို့ ရတဲ့ နေ့စားခက အိမ်ကိုပေးတာနဲ့၊ စားသောက်တာနဲ့ဆို
မကျန်တော့ဘူး။ အိမ်ခန်းခမပေးနိုင်တော့လို့ ခဏလာနေ မလို့လုပ်တာ" ဟု ၎င်းက ပြောသည်။

၎င်းတို့၏ နေ့စားလုပ်အားခမှာ တစ် နေ့လျှင် ကျပ် ၂,၀၀၀ သာရပြီး အသက် ၃၀ ကျော်လျှင်
စက်ရုံများတွင် အမြဲတမ်း အလုပ်သမားဖြစ်ဖို့ရန်မှာ ခက်ခဲပြီး နေ့စားလုပ်ခလည်း နည်းပါးသည်ဟု
၎င်းက ဆိုသည်။

"ကျွန်မတို့လည်း ဒီနေရာမှာ နေလို့ရတယ်ဆိုပြီး သတင်းကြားလို့လာတာ။ သူများတွေ နေ,နေကြပြီ
ပေါ့။ ဘယ်သူက စမှန်းတော့မသိဘူး။ အဲဒါနဲ့ နေရာတစ် နေရာရလို့ ၀င်နေတာ။ အမြဲတမ်းနေဖို့
တော့ စိတ်ကူးမရှိပါဘူး။ ကျွန်မတို့ အဆင်မပြေခင် ခဏနေဖို့ပါ။ သူများတွေ ဖယ်ပေးရင် ဖယ်ပေး
ရမှာပဲ။ နေစရာက တော့ တကယ်ကိုမရှိဘူး"ဟု မလဲ့လဲ့က ပြောသည်။

အဆိုပါနေရာသို့ ရောက်ရှိနေသော မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက
အဆိုပါကျူးကျော် နေထိုင်သူများအား မည်သို့ဆောင်ရွက် ရမည်ဆိုသည်ကို နေပြည်တော်မှ
ညွှန်ကြားချက် တောင်းခံထားသည်ဟု ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောသည်။

"ဒီလူတွေက မနေ့က (ဇန်နဝါရီလ ၃၁ ရက်) ညကတည်းက အိမ်တွေဝင် ဆောက်ပြီးနေနေတာ။
ဒီနေ့မနက်ကို စည်ပင်က အိမ်တွေဖျက်ပြီးထွက်သွား ဖို့ ပြောထားပေမယ့် မလိုက်နာကြသေးဘူး။
နေပြည်တော်ကို လှမ်းပြောထားတယ်။ ညွှန်ကြားချက်မကျသေးဘူး" ဟု ၎င်းက ပြောသည်။

အိုးအိမ်နှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီမှ ဦးဇော်မင်းထွန်းကမူ ဖြစ်ပွား နေသည့် အခြေအနေ
အပေါ် မှတ်ချက် ပြုရန် ငြင်းဆိုခဲ့ပြီး အဆိုပါ စီမံကိန်း အား ၂၀၁၂ ခုနှစ် အစောပိုင်းမှ အစပြုခဲ့
ကြောင်း၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ဖြစ်ကြောင်းကိုသာ ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး