လစ်လပ်နေသော ပြည်ထောင်စုဝန်ကြီး နေရာတစ်နေရာနှင့် ဒုဝန်ကြီးနေရာ ငါးနေရာနှင့်
ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင်တစ်နေရာကို သမ္မတ ဦးသိန်းစိန်က ယခုလ ၅ ရက်က
ခန့်အပ် တာဝန်ပေးလိုက်ရာတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသား လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာတင်ရွှေ ပါ၀င်လာသည်။
ထိုကဲ့သို့ ခန့်အပ်လိုက်ခြင်းသည် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည့် အစိုးရ
အဖွဲ့အတွင်း၌ အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စား
လှယ်မဟုတ်သူ ကိုယ်စားလှယ် တစ်ဦး ပထမဦးဆုံးအကြိမ်အဖြစ် ပါ၀င်လာခြင်းဖြစ်သည်ဟု
လေ့လာသူများက ပြောကြားသည်။
"ဟုတ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ မဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦး ပထမဦးဆုံး ဒုဝန်ကြီးဖြစ်တယ်
လို့ ပြောလို့ ရပါတယ်"ဟု ဒေါက်တာတင်ရွှေ၏ မိခင်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစု
ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က မြန်မာတိုင်း(မ်)ကို တယ်လီဖုန်းမှ တစ်ဆင့်ဖြေကြားသည်။
သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ
သရေစည်သူ ဦးဆန်းဆင့်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့အဖွဲ့ဝင်အဖြစ် ဦးသန်းထွန်း၊ ဦးအောင်ထူး
အား စွမ်းအင်ဝန်ကြီးဌာန၊ ဦးသန်းထွန်းအောင်အား သတ္တုတွင်းဝန်ကြီးဌာန၊ ဒေါ်ဝင်းမော်ထွန်းအား
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်မင်းအောင်အား သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာနနှင့် ဒေါက်တာတင်ရွှေအား ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်းသည် ပါတီစုံစနစ်ကို ပိုမိုပေါ်လွင်လာစေနိုင်သည်ဟုလည်း ပြောကြားခဲ့
ပြီးနောက် နောင်တွင် လွှတ်တော်တွင်းရှိ ပါတီ ပေါင်းစုံမှ ကိုယ်စားလှယ်များပါ၀င်သည့် အစိုးရအဖွဲ့
ကို ဖွဲ့စည်းနိုင်ပါက ပိုမို ကောင်းမွန်မည်ဟုလည်း အကြံပြု ပြောကြားခဲ့သည်။
အတိုက်အခံပါတီတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးအား အစိုးရအဖွဲ့အတွင်း ခန့်အပ်ခြင်းကို ကြိုဆို
သော်လည်း စောစောပိုင်းကာလကပင် ပြုလုပ်ခဲ့သင့်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးဖုန်းမြင့်အောင်က ပြောသည်။
"အစိုးရအဖွဲ့ထဲမှာ အင်န်အယ်လ်ဒီ လို၊ ကျားဖြူလို၊ ဒေါက်တာအေးမောင် တို့ ရခိုင်ပါတီလို၊ တစည
လို ပါတီကြီး တွေက ကိုယ်စားလှယ်တွေလည်းပါလာမယ်ဆို သမ္မတ ပိုရုပ်ထွက်လှမှာပေါ့"ဟု
၎င်းက ပြောသည်။
အစိုးရအဖွဲ့တွင် တစ်ပါတီတည်းက ကြီးစိုးနေခြင်းထက် အခြားပါတီများမှ ကိုယ်စားလှယ်များပါ၀င်
လာခြင်းအား ဖြင့် အစိုးရအဖွဲ့အပေါ် လူထု၏ယုံကြည်မှုသာမက ပါတီစုံစနစ်၏ အနှစ်သာရကို
ပေါ်လွင်စေမည်ဟုလည်း ၎င်းက ပြောသည်။
"အစိုးရအဖွဲ့သဘောက လွှတ်တော်နဲ့ မတူဘူး။ တံခါးပိတ်ပြီး အစည်းအဝေး လုပ်ရတာ။ ပါတီစုံ
ပါ၀င်ရင် ပိုကောင်းတာပေါ့"ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲကာလတွင် ပါတီအချင်းချင်းအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသော်လည်း လက်တွဲနိုင်
သည့်နေရာတွင် ပူးပေါင်းဆောင်ရွက်နိုင်သည်ဆိုသည့် ဒီမိုကရေစီစိတ်ဓာတ်ကို ဖော်ဆောင်ရာကျ
သည်ဟုလည်း ၎င်းက ပြောသည်။
"၂၀၁၅ ရွေးကောက်ပွဲပြီးရင် အစိုးရအဖွဲ့မှာ အခုထက်ပိုပြီး ပါတီစုံဖို့ မျှော်လင့်ပါတယ်"ဟု ၎င်းက
ပြောသည်။















