ကမ္ဘာ့ဘဏ်လုပ်ငန်းစုမှ မြန်မာနိုင်ငံ၌ လျှပ်စစ်မီး ပိုမိုသုံးစွဲနိုင်ရေးအတွက် အဓိကထား ကူညီပံ့ပိုးမည်

ကမ္ဘာ့ဘဏ်လုပ်ငန်းစုမှ မြန်မာနိုင်ငံ၌ လျှပ်စစ်မီး ပိုမိုသုံးစွဲနိုင်ရေးအတွက် အဓိကထား ကူညီပံ့ပိုးမည်

မြန်မာနိုင်ငံ၏အနာဂတ် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လျှပ်စစ်
ဓာတ်အားပေး စနစ်အား အကောင်အထည် ဖော် ဆောင်ရန် ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ နိုင်ငံတကာ
ငွေကြေးကော်ပိုရေးရှင်း (အိုင်အက်ဖ်စီ)နှင့် မြန်မာအစိုးရတို့ လက်တွဲလုပ်ဆောင်မည်ဟု ဖေဖော်ဝါရီ
လ ၅ ရက်နေ့က ရန်ကုန်မြို့၌ပြုလုပ်သည့် ကမ္ဘာ့ဘဏ်၏ သတင်းစာရှင်းလင်းပွဲတွင် ကြေညာသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ အတွက် ဦးစားပေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက်
အတိုးနှုန်းလုံးဝမပါသော မတည်ငွေ ဒေါ်လာ ၁၆၅ သန်း အား ပံ့ပိုးမည်ဖြစ်သည်။

"မြန်မာပြည်သူတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် လျှပ်စစ်ဓါတ်အားပေးစနစ်ကို ဖြန့်ဖြူးပေးခြင်း
ဟာ မြန်မာနိုင်ငံ ရဲ့ ကြီးမားတဲ့ အနာဂတ်လူမှုရေးနဲ့ စီးပွား ရေး အလားအလာကို အကောင်အထည်
ဖော်ရာမှာ အလွန်အရေးကြီးပါတယ်။ ဒီစီမံကိန်းအတွက် လိုအပ်တဲ့ မတည်ငွေ နဲ့ စီမံကိန်းအကောင်
အထည်ဖော်ဖို့ အတွက် အိုင်အက်ဖ်စီက အစိုးရနဲ့ လက်တွဲလုပ်ဆောင်မှာ ဖြစ်ပါတယ်" ဟု
အိုင်အက်ဖ်စီ၏ အမှုဆောင် ဒု-ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ဂျင်ယောင်ချိုင်းက
ပြောသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ဦးစားပေးလုပ်ငန်းများအဖြစ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်
ကို ပံ့ပိုးကူညီရန်အပြင် ဆက်သွယ်ရေးစနစ်နှင့် ဘဏ်စနစ်များကိုလည်း တိုးမြှင့်ရန် သဘောတူခဲ့
ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား စီမံကိန်းအား ကျေးလက်ဒေသများအတွက် အထူးရည်ရွယ်အကောင်
အထည်ဖော် မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ကမ္ဘာ့ဘဏ်နဲ့ မြန်မာနိုင်ငံကြားကဏ္ဍ သစ်တစ်ရပ်ဖွင့်တဲ့အနေနဲ့ လတ်တလော က မြန်မာနိုင်ငံရဲ့
အကြွေးကျန်တွေကို ရှင်းပေးခဲ့ပါတယ်။ အခုကနေစပြီး ကျွန်တော်တို့က ပုံမှန်အစီအစဉ်တွေနဲ့
ဆက်လက် ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်
အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စကားလုံး တွေနဲ့ မရပါဘူး။ တကယ်ကို ကတိတည်
လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လပေါင်း ၂၀ အတွင်း အမေရိကန်
ဒေါ်လာသန်း ရ၀၀ လောက် သုံးစွဲဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီထဲက သန်း ၅၂၀ ကို နဂိုကတည်း
ကပေးပြီးဖြစ်ပါတယ်"ဟု ကမ္ဘာဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု-ဥက္ကဋ္ဌ မစ္စတာ
အက်ဆယ်ဗန်ထရော့ စန်ဘတ်ဂ်က မြန်မာတိုင်း(မ်)နှင့် သီးခြား တွေ့ဆုံစဉ် ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ လျှပ်စစ်မီးအလုံအလောက်ရရှိရန် ဖန်တီးပေးခြင်း ဖြင့် ကလေးများ ညအခါ
စာကြည့်နိုင်ကြမည်ဖြစ်ကာ ရွာသားများလည်း ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်သစ်များ ဖန်တီး
ပေးနိုင်မည့် စီးပွးရေးလုပ်ငန်းသစ်များကို လုပ်ကိုင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြော
သည်။

"လုံလောက်သော၊ အားထားနိုင် သော၊ သင့်လျော်သော လျှပ်စစ်ဓာတ်အား ရရှိလာရင်တော့
ကျေးလက်ဒေသတွေ က ဆင်းရဲမှုကို လျှော့ချနိုင်ပြီး ပြည်သူ အားလုံးအတွက် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်ပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။

"ကနဦးအနေနဲ့ လက်ရှိထက် လျှပ်စစ်စွမ်းအား မဂ္ဂါ၀ပ် ၁၂၀ ပိုမိုထုတ်လုပ်ဖြန့် ဖြူးမှာပါ။ အဲဒီပမာဏ
နဲ့ လူပေါင်းငါးသန်း လောက်က ပုံမှန်သုံးစွဲခွင့် ရလာမှာဖြစ်ပါတယ်။ ကနဦးအတွက် ဒီလိုစတင်လိုက်
တာက အကောင်းဆုံးပါပဲ။ အဲဒီနောက်မှာတော့ ကျွန်တော်တို့မှာ ရေရှည်လုပ်ငန်းစဉ်တွေအဖြစ်
ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောင်ရေး အစီအစဉ်တွေကို ဆက်လက်
ဆောင်ရွက်သွားမှာပါ"ဟု မစ္စတာ အက်ဆယ်ဗန်ထရော့ စန်ဘတ်ဂ် က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး