လက်ဖက်လုပ်ငန်းကျဆင်းလာခြင်းကြောင့် ရှမ်း၊ ပလောင် အမျိုးသမီးများ၊ တရုတ်လူမျိုးများနှင့် တရားမဝင်လက်ထပ်မှု မြင့်မားလာဟု သိရ

လက်ဖက်လုပ်ငန်းကျဆင်းလာခြင်းကြောင့် ရှမ်း၊ ပလောင် အမျိုးသမီးများ၊ တရုတ်လူမျိုးများနှင့် တရားမဝင်လက်ထပ်မှု မြင့်မားလာဟု သိရ

ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ဝိုက်ရှိ ရှမ်းနှင့် ပလောင်အမျိုးသမီးငယ်များ တရုတ်လူမျိုးများနှင့်
တရားမဝင် လက်ထပ်ခြင်းနှင့် လူကုန်ကူးမှုများ မြင့်မားလာခြင်းသည် အဓိကစီးပွားရေး ဖြစ်သော
လက်ဖက်လုပ်ငန်းကျဆင်းပြီး တရုတ် လက်ဖက်ချိုခြောက်များဝင်ရောက်လာခြင်းကြောင့်ဖြစ်
ကြောင်း လက်ဖက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက ဖေဖော်ဝါရီလ ၆ ရက်တွင် ကျင်းပ
သော ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းဖွဲ့စည်းခြင်း အစည်းအဝေးပွဲ၌
ပြောသည်။

"တရုတ်လက်ဖက်ချိုခြောက်ဝင်လာပြီးနောက်ပိုင်းမှာ ပလောင်လူမျိုးတွေ စိုက်ပျိုးတဲ့ လက်ဖက်
စီးပွားရေးက ကျဆင်းလာပြီး အလုပ်အကိုင်တွေမရှိကြတော့ဘူး။ အဲဒီမှာတင် အမျိုးသမီးငယ်လေး
တွေကို တရုတ်ဘက်က တရုတ်ငွေ ပိုက်ဆံနှစ်သောင်းလေးပေးပြီး လက်ထပ်တယ်။ တရားဝင်
မဟုတ်ဘူး။ တစ်နှစ်ကို အနည်းဆုံး အယောက် ၅၀ ၊ ၁၀၀ လောက် ယူသွားကြတယ်" ဟု
တောင်သူတစ်ဦးက ပြောသည်။

ပလောင်လူမျိုးများသည် နမ့်ဆန်၊ ကျောက်မဲ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကလော၊ ရပ်စောက်၊ မိုင်းရှူး၊
မိုင်းတုံ၊ ရှမ်းပြည် နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အများဆုံးနေထိုင်ပြီး လက်ဖက်
စိုက်ပျိုး ထုတ်လုပ်ခြင်းကို အဓိက လုပ်ကိုင်ကျခြင်းဖြစ်သည်။

"နောက်ပိုင်းမှာ လက်ဖက်လုပ်ငန်းက သိပ္ပံနည်းကျစိုက်ပျိုးနိုင်ခြင်းလည်း မရှိ၊ လှေကားထစ်စိုက်ပျိုး
နည်းလည်း မဟုတ်တော့ လက်ဖက်အရည်အသွေးက ကောင်းသင့်သလောက် မကောင်းတော့ဘူး။
၂၀၀၂-၂၀၀၃ ခုနှစ်လောက်က စပြီး တရုတ်လက်ဖက်အချိုခြောက်ဝင်လာတယ်။ ယှဉ်ကြည့်တော့
အရည်အသွေးက တော်တော်လေးကွာနေတယ်" ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံတွင် လက်ဖက်စတင် စိုက်ပျိုးချိန်မှစပြီး မြေဩဇာအပြည့်အဝ ထည့်ကာ စိုက်ပျိုးပြီး
သက်တမ်း တစ်နှစ် ခြောက်လပြည့်မှ တန်းနှင့် ပြောင်းလဲ စိုက်ပျိုးခြင်းဖြစ်ရာ အရည်အသွေး
ကောင်းမွန်ပြီး နိုင်ငံတကာဈေးကွက်သို့ပင် ထိုးဖောက်နိုင်ကြောင်း ပြောသည်။

အခြားလက်ဖက်စိုက်ပျိုးသူ ပလောင်လူမျိုး ဦးစိုးမောင်က "တရုတ်ဘက်ကနေ မြန်မာကို ၀င်လာတဲ့
လက်ဖက်တွေက တရားမဝင်အကောက်ခွန်မဲ့ ၀င်လာတာပါ။ အခုဆိုရင် လက်ဖက်အချိုခြောက်
လုပ်ငန်းရဲ့ ရ၅ ရာခိုင်နှုန်းလောက်ကို တရုတ်လက်ဖက်ချိုခြောက်က နေရာယူသွားပြီ။ အရင်က
အချိုခြောက်စက်ရုံ ၁၀၀ ရှိရင် လေး၊ ငါးနှစ်အတွင်းမှာ ၁၀ ရုံလောက်ပဲ လည်ပတ်နေတော့တယ်"
ဟု ပြောသည်။

ယခင်က ရွှေလီမှ တရုတ်လူမျိုးများသည်ပင် လက်ဖက်ခူးချိန်ဖြစ်သော မတ် ၊ ဧပြီနှင့် မေလများတွင်
လက်ဖက်ခင်းများ၌ လာရောက်လုပ်ကိုင်သော်လည်း ယခုအခါ ပလောင်လူမျိုးများက တရုတ်နိုင်ငံ
နယ်စပ်ဒေသများသို့ သွားရောက်၍ ကြံခုတ်ခြင်း၊ ဘိန်းခင်းများတွင် အလုပ်လုပ်ခြင်းဖြင့် နေ့စား
လုပ်ကိုင်နေရ ကြောင်း ပြောသည်။

"ပလောင်မိန်းကလေးငယ်လေးတွေ တရုတ်နဲ့ လက်ထပ်ကုန်တာ၊ လူကုန်ကူးမှုတွေများလာတာ၊
သူတို့ဆီမှာ နေ့စားအလုပ်သမား ဘဝရောက်ရတာတွေက စီးပွားရေးကျဆင်းလို့ ဖြစ်ရတဲ့ မလိုလား
အပ်တဲ့ ကွင်းဆက်တွေပါပဲ။ လက်ဖက်ခြံ တွေကို သိပ္ပံနည်းကျ ပြန်စိုက်ဖို့ကျတော့လည်း လက်ဖက်
က နှစ်ရှည်ပင်ဆိုတော့ ပြန်ခုတ်ရရင် အများကြီးဆုံးရှုံးမယ်။ ရှိတဲ့လက်ဖက်ခြံကိုလည်း မခုတ်ရဲဘူး။
ကုန်ကျစရိတ်ကိုလည်း မတတ်နိုင်ဘူး။ လှေကားထစ်စိုက်ပျိုးဖို့အတွက်ကလည်း အချို့နေရာတွေက
ရ၅ ဒီဂရီ လောက်ကို မတ်စောက်တော့ လုပ်ကိုင်ရခက်ခဲတယ်။ နည်းပညာတွေလိုအပ်နေတယ်"
ဟု ပြောသည်။

လက်ရှိတွင် လက်ဖက်အချိုခြောက် စက်ရုံများ လျော့နည်းသွားခြင်းကြောင့် လက်ဖက်စိုထုတ်လုပ်မှု
မြင့်မားလာပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံမှုများ ဖြစ်ပေါ်နေကြောင်း ၎င်းကပြောသည်။

ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌဦးထွန်းမြိုင်က" ဒီလိုအခက်
အခဲတွေကို ဖြေရှင်း နိုင်ဖို့ ပလောင်မှာ လက်ဖက်ကိုပဲ အဓိက စိုက်ပျိုးစေချင်တယ်။ ပလောင်မှာက
မူးယစ် ဆေးဝါးသုံးစွဲတဲ့သူတွေ ရွာတိုင်းမှာရှိ နေတယ်။ စိတ်ဓာတ်ရေးရာ ပျက်ပြားစေမယ့် သီးနှံတွေ
(ဘိန်း) တွေ စိုက်နေကြတယ်။ လက်ဖက်ကို နိုင်ငံတကာဈေးကွက်ထိ ထိုးဖောက်နိုင်အောင်အသင်း
တွေ ဖွဲ့ ပြီးလုပ်ဆောင်ရမယ်"ဟု ပြောသည်။

ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းကို အသင်းဝင် ၃၀ နှင့် ဖွဲ့စည်းပြီး
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး