သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရွာလုံးကျွတ် ဖယ်ရှားပေးရမည့်အမိန့်ကြောင့် ဒေသခံများ အခက်ကြံု

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရွာလုံးကျွတ် ဖယ်ရှားပေးရမည့်အမိန့်ကြောင့် ဒေသခံများ အခက်ကြံု

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သန်လျင်နှင့် ကျောက်တန်းရှိ ရွာအများအပြားနှင့်
လက်ရှိရွာသားများ လုပ်ကိုင်နေသော လယ်မြေများ ကို ၁၄ ရက် အတွင်းဖယ်ပေးရန်နှင့် မဖယ်ပေး
ပါက ထောင်ဒဏ် ရက် ၃၀ ကျခံရမည်ဟု သန်လျင်နှင့် ကျောက်တန်းမြို့နယ် အာဏာပိုင်များက
ဇန်နဝါရီ လ ၃၁ ရက်နေ့တွင် ကြေညာခဲ့ပြီး အဆိုပါအမိန့်စာ နှင့်ပတ်သက်၍ ရွှေ့ပြောင်းရမည့်
ရွာသူရွာသားများမှာ အခက်ကြံုလျက်ရှိသည်။

"ဒီလယ်မှ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ ဘာနဲ့ သွားစားတော့မလဲ။ မှန်မှန်လည်း အခွန်ဆောင်
ထားတယ်။ ကိုယ်ပိုင်လယ်ယာလည်းဖြစ်ရဲ့သာနဲ့ ဖယ်ပေးရမယ်။ မဖယ်ရင် ထောင်ချမယ်တဲ့။
လယ် မရှိရင် စားစရာမရှိတဲ့အတူတူ ထောင်ထဲပဲ လိုက် တော့မယ်"ဟု ကျောက်တန်းမြို့နယ်၊
သီတာမြိုင်ရပ်ကွက်နေ ကျေးရွာသား ကိုအေးဌေးက ယခုလ ၅ ရက် နေ့တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

"နို့တစ်ပစ်ပြီးချိန်ကစပြီး အချိန် ၁၄ ရက်ပဲရ တယ်။ ဒီနေ့ဆိုရင်ပဲ ငါးရက်ကုန်သွားပြီ။ ဘာအစီအစဉ်မှ
မရှိသေးပါဘူး။ ကျွန်တော်ကတော့ လာသိမ်းတဲ့နေ့မှာလည်း ကိုယ့်လယ်ထဲပဲထိုင်နေမှာပဲ။
သေမထူး၊ နေမထူးအဆင့်ဖြစ်နေပြီ။ ရွာသားတွေစုပြီး ထိုင်သပိတ်တော့ လုပ်ဖြစ်မယ်ထင်တယ်။
ဒီလယ်တွေမရှိတော့ရင် ကလေးတွေလည်း ကျောင်းထားနိုင်မှာ မဟုတ်တော့ဘူး။ စားဝတ်နေရေး
အတွက်လည်း လုပ်စရာမရှိတော့ဘူး။ ဘဝပျက်ပြီ" ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါရပ်ကွက်တွင် လယ်မြေပေါ်မှ ဖယ်ရှားပေးရမည့်သူ ၅၈ ဦးရှိ ကြောင်း သိရသည်။ ဂျပန်နိုင်ငံ
နှင့် ပူးပေါင်းလုပ်ဆောင်မည့် သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လိုအပ်မည့် မြေပမာဏကို
အတိအကျထုတ်ပြန်ထားခြင်းမရှိ သော်လည်း လတ်တလော ရွှေ့ပြောင်းရန် ညွှန်ကြားထားသည့်
ကျေးရွာနှင့် လယ်ယာမြေများအရ ဧက ရ,၀၀၀ နီးပါး ရှိမည်ဖြစ်သည်။

သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ရွာများသို့ ပေးပို့ထား
သောစာအရ သန်လျင်မြို့နယ်၌ ၂,၆၆၅ ဒသမ ၃၉ ဧက နှင့် ကျောက်တန်းမြို့နယ်၌ ၄၂၃၃ ဒသမ
၁၉ ဧကတို့ကို သိမ်းယူမည်ဖြစ်သည်။

ယခုလ ၅ ရက်နေ့က အဆိုပါဖယ်ရှားပေးရမည့် ကျေးရွာအချို့သို့ မြန်မာတိုင်း(မ်)မှ သွားရောက်ခဲ့ရာ
တွင် သန်လျင်မြို့နယ်မှ လက်ယက်စမ်း ကျေးရွာ၊ ဘုရားကုန်းကျေးရွာနှင့် အလွမ်းဆွတ်ကျေးရွာတို့
ပါ၀င်ပြီး ကျောက်တန်းမြို့နယ်ရှိ သီတာမြိုင်ရပ်ကွက်မှ လယ်သမားများကမူ လယ်မြေပေါ်မှသာ
ဖယ်ပေးရမည်ဖြစ်သည်။

ရွာလုံးကျွတ် ပြောင်းရွှေ့ပေးရမည့် ဘုရားကုန်းကျေးရွာမှ လယ်ရှစ်ဧက လုပ်ကိုင်လျက်ရှိသူ ဦးရာဇူး
က အာဏာပိုင်များမှ နေထိုင်ရာ နေရာမှ ထွက်ခွာသွားရန် စာပို့ထားသော်လည်း သွားစရာနေရာ
မရှိသည်ကတစ်ကြောင်း၊ ၎င်း၏ လယ်ယာများမရှိလျှင် အသက်မွေးဝမ်းကျောင်း အတွက် ရပ်တည်
ရှင်သန်စရာမရှိသည်က တစ်ကြောင်းကြောင့် ထွက်ခွာမသွားနိုင်သေး ကြောင်း ပြောသည်။

"အရင်က ဘိုးဘွားပိုင်မြေ ဧက ၂၀ ကျော်ရှိ တယ်။ ကျွန်တော့်ဘိုးဘေးလက်ထက်ကတည်း က
ဒီနေရာမှာနေလာတာ အနှစ်ပဲ ၁၀၀ နီးပါး ရှိတော့မယ်။ လယ်လုပ်သက်က ၅၂ နှစ်ရှိပြီ။ လယ်ခွန်
ဆောင်လာတာ မိဘလက်ထက်ကတည်းက ဆောင်လာတယ်။ အနှစ် ရ၀ ရှိပြီ။ ၂၀၁၀ အထိ
လယ်ခွန်ဆောင်တုန်း။ နောက်မှ မယူတော့ဘူးဆိုလို့ မဆောင်တော့တာ။ နှစ်ပေါင်းများစွာကတည်း
က နေလာတဲ့နေရာ ကနေ ဘယ်ကိုသွားမလဲ။ လယ်တွေကလည်း အခုထိ နွေစပါးစိုက်ထားတုန်း။
နေဖို့နေရာမရှိ တော့ သိမ်းကာမှသိမ်းရော။ ဆက်နေရမှာပဲ။ ဘာမှ မစဉ်းစားရသေးဘူး" ဟု အသက်
ရ၇ နှစ် အရွယ် ဦးရာဇူးက ပြောသည်။

ကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးပို့ခဲ့သောစာတွင် "ရပ်သူရွာသားတို့ သိစေရမည်မှာ
သန်လျင်-ကျောက်တန်း သီလဝါအထူး စီးပွားရေးဇုန်အတွင်း အောက်နယ်နိမိတ်သတ် မှတ်ရာပါမြေ
တွင် အခွင့်အမိန့်မရရှိဘဲ လက်ရှိ လုပ်ကိုင်နေထိုင်လျက်ရှိသည်ဖြစ်၍" ဟု ပါရှိသည်။

အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ မြန်မာတိုင်း(မ်)က ဖေဖော်ဝါရီလ ၅ ရက်နေ့က သွားရောက်ခဲ့
သော်လည်း အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခွင့် မရရှိခဲ့ပေ။ သို့သော် ဦးစီးအရာရှိ ဒေါ်အိအိခိုင်ကမူ ၎င်း
မြေများသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အစိုးရမှသိမ်းယူပြီးဖြစ်ကြောင်းနှင့် အဆိုပါ
လယ်သမားများမှာ အစိုးရသိမ်းပြီးမြေတွင် ပြန်လည်ကျူးကျော်နေထိုင်လုပ်ကိုင်နေသူများသာဖြစ်
သည်ဟုပြောသည်။

"ဒီမြေတွေက အရင်ကတည်းက သိမ်းပြီးသား မြေတွေပါ။ အဲဒီပေါ်မှာ ပြန်ကျူးနေကြတဲ့ သဘော
ပေါ့။ အခုအချိန်မှာ ဒီမြေတွေကို အသုံး ပြုဖို့ လိုအပ်လာတဲ့အတွက် ဖယ်ခိုင်းရတာပါ" ဟု ၎င်းက
ပြောသည်။

နေထိုင်သူ ၆၄၀ ရှိပြီး ရွာလုံးကျွတ် ရွှေ့ပြောင်း ပေးရမည့် အလွမ်းဆွတ် ကျေးရွာမှ ရွာသူရွာသား
များက ရွှေ့ပြောင်းပေးစရာနေရာမရှိ၍ မသွား နိုင်ကြောင်းနှင့် သတ်မှတ်ထားသောရက် ရောက်ရှိ
လာပါကလည်း ထောင်ဒဏ်ဆိုလျှင်လည်း ထောင်ဒဏ်ကျခံရတော့မည်ဟု ဆိုသည်။

"၁၄ ရက်အတွင်း ပြောင်းပေးရမယ်ဆိုပေမယ့် ကျွန်တော်တို့မှာ သွားစရာနေရာမရှိဘူး။ ပြောတဲ့
အတိုင်း မပြောင်းဘူးဆိုရင် စည်ပင်ဥပဒေအရ ဘူဒိုဇာနဲ့ ဖျက်မယ်ပြောတယ်။ မတတ်နိုင်တော့ဘူး။
ထောင်ချမယ်ဆိုလည်းချ။ လုပ်စားစရာမြေလည်းမရှိ၊ နေစရာလည်း မရှိဘူး ဆိုရင် ကျွန်တော်တို့
သတ်သေတာမှ ကောင်းဦးမယ်" ဟု အလွမ်းဆွတ်ကျေးရွာမှ ၆၆ နှစ်အရွယ် လယ်သမား ဦးမြလှိုင်
က ပြောသည်။

ကျောက်တန်းနှင့် သန်လျင်တစ်ဝိုက် ကျေးရွာများမှ ရွာသူရွာသားများ၏ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်
ခဲ့သော မြေအများစုမှာ ၁၉၈၃-၁၉၈၄ တွင် စက်မှု(၁)မှ လည်းကောင်း၊ ၁၉၉၇-၉၈ တွင် မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှလည်း ကောင်း၊ ၁၉၉၈-၉၉ ခုနှစ်တွင် တာဝန်ကျတပ်များမှလည်းကောင်း
အသီးသီးသိမ်းယူပြီးဖြစ်ကာ အဆိုပါမြေများပေါ်တွင် မူလလုပ်ကိုင်နေသူ လယ်သမားများကို
သီးစားပြန်လည်ချထား လုပ်ကိုင် စေနေခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

"၁၉၉၇-၉၈ ခုနှစ်တုန်းက အိုးအိမ်က သိမ်းတုန်းက တစ်ဧကကို ကျပ် ၂၀,၀၀၀ စီယူခိုင်းခဲ့ပါတယ်။
နောက်ပြီး သန်းခေါင်စာရင်းရှိတဲ့သူတွေကို သတ္တုသန့်စင်စက်ရုံဘက်မှာ ပေ ၄၀x၆၀ မြေ ပြန်ပေး
တယ်။ ဒါပေမဲ့ အဲ့ဒီမြေတွေကို ရက်ပိုင်းအတွင်းပြန်အပ်ခိုင်းပြီး ပိုက်ဆံထုတ် ပေးခဲ့ပါတယ်။
သန်းခေါင်စာရင်းတို့၊ မှတ်ပုံတင် တို့ဆိုတာကလည်း ရွာကလူတွေမှာ မရှိကြ တော့ တော်တော်
များများက မြေပြန်မရခဲ့ဘူး။ ရထားတဲ့မြေတွေကလည်း အခုဆို သူများဝင်နေ နေပြီ။ တချို့နေရာ
တွေလည်း စက်ရုံဖြစ်နေပြီ။ ကျွန်တော်တို့မှာသွားစရာမရှိဘူး"ဟု လယ်ကူလီလုပ်သူ ဦးအောင်တင့်
က ပြောသည်။

ကျေးရွာများသို့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်များလုပ်ကိုင်ရန် နှိုးဆော်မှုမရှိခြင်း၊ မြို့ပေါ်ရှိ ရုံးတွင်
သွားလုပ်လျှင်လည်း ငွေကြေး တောင်းခံခြင်းများကြောင့် ပိုက်ဆံမတတ်နိုင်သူ လယ်သမားများမှာ
လက်ရှိအချိန်ထိ သန်းခေါင်စာရင်း၊ မှတ်ပုံတင်မရှိဘဲ နေထိုင်လျက်ရှိ ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး