ကော်မရှင်နှင့် သမ္မတရုံး လမ်းညွှန်ချက် ၀မ်ပေါင်က လိုက်နာမည်

ကော်မရှင်နှင့် သမ္မတရုံး လမ်းညွှန်ချက် ၀မ်ပေါင်က လိုက်နာမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်၍ ကုမ္ပဏီအနေဖြင့် စုံစမ်းစစ်ဆေးရေး
ကော်မရှင်၏ အစီရင်ခံစာနှင့် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်အပေါ် အထူးအလေးထားလိုက်
နာမည် ဖြစ်ကြောင်း မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမန်နေဂျာ မစ္စတာဒေါင်ယွန်ဖီ
(Mr.Dong Yunfei) ကပြောသည်။

အငြင်းပွားဖွယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ
တာဝန်ပေးထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာသည်
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကြားဖြတ် အစီရင်ခံစာ ပေးပို့နိုင်ခဲ့သော်လည်း အပြီးသတ် အစီရင်ခံစာ
ကိုမူ ယနေ့တိုင် ထုတ်ပြန်ပေးခြင်းမရှိသေးသည့်အပေါ် ပြည်သူအားလုံးနှင့် မီဒီယာများက ၎င်းတို့နှင့်
အတူ စိတ်ရှည်စွာ သည်းခံစောင့် ဆိုင်းကြရန်လည်း မစ္စတာဒေါင်ယွန်ဖီက ပြောသည်။

"ကျွန်တော်တို့ အခုကြေးနီစီမံကိန်းကို ရပ်တန့်ထားပါတယ်။ အဲဒီလို ရပ်တန့်ထားတဲ့အတွက် တွက်
ချက်မှုအရဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ နှစ်သန်းလောက် ဆုံးရှုံးတဲ့အတွက် ကျွန်တော်တို့
လည်း ဆုံးဖြတ်ချက်ကို မြန်မြန်သိချင်တာပေါ့။ ဘာဖြစ်မလဲဆိုတာကို ခန့်မှန်းတာမျိုးတော့ မလုပ်
ထားပါဘူး။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလေးစားမှာပါ"ဟု မစ္စတာဒေါင်ယွန်ဖီက ပြောသည်။

ထို့ပြင် ကုမ္ပဏီသည် ကော်မရှင်၏ ၀င်ရောက်စစ်ဆေးသည့် ကာလအတွင်းအတတ်နိုင်ဆုံး ပွင့်လင်း
မြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိပြဋ္ဌာန်းထားသော
တရားဥပဒေနှင့်အညီ စီမံကိန်းအား စဉ်းစားချင့်ချိန်စွာ အကောင်အထည်ဖော်လျက်ရှိသဖြင့် အငြင်း
ပွားမှုများကို ရင်းနှီး ချစ်ကြည်စွာဖြင့် ပြေလည်အောင် ညှိနှိုင်းဆွေးနွေး၍ ဆက်လက်အကောင်
အထည်ဖော်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏
တရားဝင် အကျိုးစီးပွားကို ဥပဒေကြောင်းအရကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း မစ္စတာ
ဒေါင်ယွန်ဖီက ပြောသည်။

လက်ပံတောင်ဒေသခံများနှင့် စီမံကိန်းဆန့်ကျင်သူများကမူ နှစ်လကြာသည့်တိုင် ကော်မရှင်မှ
တိကျသော အဖြေတစ်စုံ တစ်ရာမှ မရရှိသေးကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာနှောင့်နှေးမှုအပေါ်
အားမရကြောင်း ပြောသည်။

"ကျွန်တော်တို့က ကော်မရှင်အဖြေ ဘယ်လိုပဲထွက်ထွက် ရပ်တန့်ရေးအတွက် တိုက်နေမှာပါ။
ကော်မရှင်က ကျွန်တော်တို့အတွက် သိပ်စဉ်းစားမယ်လို့တော့မထင်ဘူး။ နောက် သပိတ်စခန်းဖြိုခွဲမှု
နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အခုထိ ဘာမှ သေချာ မသိရသေးဘူး"ဟု တုံရွာကျေးရွာမှ
ဦးအောင်မျိုးဦးက ပြောသည်။

သို့သော် နို၀င်ဘာလ ၂၇ ရက်နေ့ လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူများအား အကြမ်းဖက်
ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့မှ အဖြူရောင် ဖော့စ်ဖောရပ်စ် (White Phosphorous) ပါ၀င်သော ဗုံးများ
ကိုအသုံးပြုခဲ့ကြောင်း အထောက်အထားများကို ရှေ့နေများကွန်ရက်(အထက်မြန်မာပြည်)မှ
အထောက်အထားများဖြင့် စစ်ဆေးချက်ရရှိထားကြောင်း၊ အဆိုပါတွေ့ရှိချက်များကိုလည်း စုံစမ်း
စစ်ဆေးရေးကော်မရှင်ထံ ထပ်မံပေးပို့မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ရလာတဲ့ တွေ့ရှိချက်တွေကို ကော်မရှင် ကြားဖြတ် အစီရင်ခံစာမတင်မီ ဇန်နဝါရီလ
၂၉ ရက်နေ့မှာ အင်န်အယ်လ်ဒီ အီးမေးလ်ကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ခဲ့တာပါ။
အီးမေးလ်ကဆိုတော့ လက်ခံ၊ မခံ မသိဘူးပေါ့။ အခု ကျွန်တော်တို့ မြန်မာလို ဘာသာပြန်နေပါ
တယ်။ ပြီးရင် ကော်မရှင်ကို တိုက်ရိုက်ပို့ဖို့ စီစဉ်နေပါတယ်"ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်
(အထက်မြန်မာပြည်)မှ ဥပဒေကော်မတီ ခေါင်းဆောင် ဦးသိန်းသန်းဦးက ပြောသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်သည် အဆိုပါအကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုခဲ့သောဗုံးခွံအား
အမေရိကန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေရော်ဂျာနော်မန်၏ အကူအညီဖြင့် ထိုင်း နိုင်ငံရှိ
ဩစတြေးလျကုမ္ပဏီပိုင် ASL Global တွင် စစ်ဆေးခဲ့ရာ အဖြူရောင်ဖော့စ်ဖောရပ်စ်ကို အသုံးပြုခဲ့
ကြောင်း အဖြေထွက်ပေါ်လာခဲ့သည်။

"တွေ့ရှိချက်အဖြေကို ဇန်နဝါရီလထဲမှာပဲ ကျွန်တော်တို့ ရတယ်။ အဖြူရောင်ဖော့စ်ဖောရပ်စ် တွေ့
တယ်ဆိုတာကို ဓာတ်ခွဲခန်းအဖြေနဲ့အတူ သက်သေအဖြစ် အထောက်အထားလက်မှတ်တွေလည်း
ပါတယ်။ ကျွန်တော်တို့ကတော့ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးမှာ အထောက်အကူဖြစ်အောင်
အခုလို စစ်ခိုင်းတာပါ"ဟု ဦးအောင်သန်းဦးက ပြောသည်။

"အဖြူရောင် ဖော့စ်ဖောရပ်စ်ကို စစ်ပွဲတွေမှာ သုံးတယ်ဆိုပေမယ့် အချက်ပြအနေနဲ့ သုံးတာပါ။
လူတွေချေမှုန်းဖို့ သုံးတာကိုတော့ ခွင့်မပြုထားပါဘူး။ လူတွေကို ထိခိုက်နိုင်တဲ့အတွက် ၁၉၉၃
ဂျနီဗာ ကွန်ဗင်းရှင်းအရလည်း တားမြစ်ထားပါတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး