ဒီနှစ်မှာ ဒုတိယအကြိမ်မြောက်ပြုလုပ်မယ့် Japan Festival 2013 တွင် ဂျပန်နိုင်ငံမှ နာမည်ရ
မိန်းကလေးအဆို တော်အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ လာရောက်ဖျော်ဖြေပေး
မယ်လို့ စီစဉ်သူ Japan External Trade Organization (JETRO Yangon) က မန်နေဂျင်း
ဒါရိုက်တာ Mr. Toshihiro Mizutani က မြန်မာတိုင်း(မ်)ကို ပြောပြခဲ့ပါတယ်။
"ဒီနှစ် မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဂျပန်ပွဲတော်မှာ လာရောက်ဖျော်ဖြေပေးဖို့ ကျွန်တော်တို့ဘက်က
ကမ်းလှမ်းခဲ့တာပါ။ သူတို့အဖွဲ့က ၁၀ ရက်နေ့ တစ်ရက်တည်း ဖျော်ဖြေမှာပါ"လို့ Mr. Toshihiro
Mizutani က မြန်မာတိုင်း(မ်)ကို ပြောပြခဲ့ပါတယ်။
အဆိုတော်အဖွဲ့မှ မန်နေဂျာနဲ့ သဘောတူညီထားမှုများရှိတာကြောင့် အခုချိန်မှာတော့ အဆိုတော်
အဖွဲ့ရဲ့ နာမည်ကို မပြောပြသေးဘဲ အခုလာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေစပြီး မြန်မာနိုင်ငံရှိ
5 network ရုပ်သံလိုင်းများတွင် ယင်းအဖွဲ့နဲ့ပတ်သက်တဲ့သတင်းများကို ထုတ်လွှင့်သွားမယ်
လို့လည်း ပြောပြခဲ့ပါတယ်။
အခုလိုမျိုး ပထမဆုံးအကြိမ်အဖြစ် ဂျပန် မိန်းကလေးအဆိုတော်အဖွဲ့ကို ဖိတ်ခေါ်ရတဲ့ ရည်ရွယ်
ချက်ကတော့ "ဂျပန်ပွဲတော်မှာ မြန်မာနိုင်ငံက လူတွေ ဂျပန်နိုင်ငံရဲ့ အစားအသောက်၊ အသုံး
အဆောင်ပစ္စည်းတွေသာမကဘဲ အနုပညာ ယဉ်ကျေးမှုကိုပါ သိမြင်စေဖို့ ဒီနှစ်မှာ ဒီလိုမျိုးလေး
လုပ်ဖြစ်တာပါ" လို့ လည်း Mr. Toshihiro Mizutani က ပြောပါတယ်။
"ပြီးခဲ့တဲ့နှစ်မှာတော့ ဂျပန်ကုမ္ပဏီ ပေါင်း ၅၀ ကျော်ပါ၀င်ခဲ့ပြီး အစား အသောက်များနဲ့ အသုံး
အဆောင် ပစ္စည်းတွေကို အဓိက ခင်းကျင်းပြသခဲ့တယ်။ အခုနှစ်အတွက်ကတော့ အခုချိန်ထိ ဂျပန်
ကုမ္ပဏီပေါင်း ၁၀၀ ကျော် ပါ၀င်မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်က တော့ ဒီနှစ်မှ လုပ်ဖြစ်တယ်"
လို့ သူက ပြောပြခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ Japan Festival ကို ၂၀၁၂ မတ်လတွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်
မြောက်ကိုလည်း အခုလာမယ့် မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ Myanmar
Convention Centre မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။















