လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားဆိုင်အသီးသီးတွင် အလုပ်လုပ်ကိုင်နေကြ
ရသည့် ကလေးအလုပ်သမားများကို နေ့စဉ်နေရာအနှံ့ မြင်တွေ့နေရသည်မှာ ထူးခြားသည့်
မြင်ကွင်း မဟုတ်တော့သော်လည်း ၎င်းတို့ ဘဝရှေ့ရေးအတွက် သင့်တော် ကောင်းမွန်သည့်
အစီအမံများကို အစိုးရအနေဖြင့် ချမှတ်ဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်သည်။
"အသက် ရှစ်နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးအလုပ်သမားဦးရေဟာ တိုးတက် များပြားလာပါ
တယ်။ ဒီကလေး အလုပ်သမားတွေဟာ ကျေးလက်ဒေသ ဆင်းရဲတဲ့မိသားစုတွေက မိမိတို့သား
သမီးများအတွက် ကျွေးမွေးစောင့် ရှောက်နိုင်ခြင်း မရှိတော့တာကြောင့် ပွဲစားတွေကနေတစ်ဆင့်
မြို့ကြီးတွေရဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက် ဆိုင်တွေမှာ အလုပ်လုပ်နေကြရပါတယ်။
ဒီကလေးအလုပ်သမားတွေရဲ့ အလုပ်ချိန်ဟာ တစ်နေ့ကို ၁၄ နာရီနဲ့ အထက်ရှိနေပြီး ကလေးဘဝ
ရဲ့ပျော်ရွှင် ချမ်းမြေ့မှုတွေ၊ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေသလို တချို့သောအလုပ်ရှင် တွေနဲ့
ကိုယ့်ထက်ခွန်အားကြီးတဲ့ အလုပ်သမားအချင်းချင်းရဲ့ အနိုင်ကျင့်တာ နှိပ်စက်ခြင်းကိုလည်း ခံနေ
ရပါတယ်။ လုပ်အားခဆိုတာကလည်း ပေးတယ်ဆိုရုံလောက်ပဲ ဖြစ်ပါတယ်" ဟု အလုပ်သမား
အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိ ကောင်စီ၏ အလုပ်သမားကိုယ်စား လှယ်ဖြစ်သူ ဦးရဲနိုင်ဝင်းက
ပြောသည်။
"သိန်းဂဏန်းအထိရှိနေတဲ့ အသိပညာနဲ့ အတတ်ပညာနိမ့်ကျလှပြီး ကြီးနိုင်ငယ်ညှဉ်းစရိုက်တွေ
ကြားက ကြီးပြင်းအရွယ်ရောက်လာတဲ့ ကလေး အနာဂတ်မျိုးဆက်တွေ တိုးပွားလာနေ ခြင်းဟာ
လူမှုပတ်ဝန်းကျင်အတွက် စိုးရိမ်စရာအခြေအနေကိုလည်း ဖြစ်စေပါတယ်။ ဒီလိုကလေး အလုပ်
သမားတွေအတွက် မှန်ကန်သင့်လျော်တဲ့ အစီအမံ တွေကို လက်တွေ့ချမှတ်အကောင်အထည်
မဖော်နိုင်ခြင်းဟာ ၀မ်းနည်းစရာကောင်းတဲ့ ကွက်လပ်ကြီးတစ်ခုဖြစ် နေပါတယ်။ လက်တွေ့ချမှတ်
အကောင် အထည်ဖော်နိုင်ဖို့ လိုအပ်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေး အကြံပြုခွင့်ရှိ
နေပေမယ့်လည်း လက် တွေ့ လုပ်ဆောင်ပိုင်ခွင့်က ရှိမနေပါဘူး" ဟု ၎င်းက ပြောသည်။
ဒေါပုံမြို့နယ်တွင်းရှိ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသည် ရွှေပြည်သာမြို့နယ်
ထန်းခြောက် ငယ်ရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးက ၎င်းရသည့်လစာဖြင့် မိဘကို
လုပ်ကျွေးနေနိုင်သဖြင့် ကျေနပ်သည်ဟု ပြောသည်။
"သားမှာ အမေအဖေနဲ့ အဘိုး အဒေါ် ရှိပါတယ်။ သားမှာ မောင်နှမ လေး ယောက်ရှိပါတယ်။
သားကတော့ အကြီးဆုံးပါ။ သား သုံးတန်းမှာ ကျောင်းက ကောက်ခံတဲ့ငွေတွေလည်း မထည့်နိုင်
ခဲ့ဘူး။ ကျောင်းကငွေကောက်ရင် သားက အမေကိုပြောတယ်။ အဲဒီအခါကျရင် အမေက နင်တို့
ကျောင်းက ငွေပဲကောက် နေတာပဲလို့ပြောတယ်။ ကြာတော့ သား က ကျောင်းမနေချင်တော့ဘူး။
အဲဒီနှစ်မှာပဲ စာခိုးချလို့ ဆရာမက မိဘတွေခေါ် ပြောပြီး သူငယ်တန်းမှာ ပြန်ချမယ်။ ကျောင်းဆက်
ထားဦးမလားလို့ မေးပါတယ်။ အဲဒီတော့ အမေကမထားတော့ပါဘူး၊ လက်ဖက်ရည်ဆိုင်ပဲပို့တော့
မယ်တဲ့။ အဲဒီလိုနဲ့ ကျွန်တော်ရတဲ့ လစာလေးတွေ အမေကလာယူပါတယ်။ သား အမေ လုပ်ကျွေး
နေရတာကို ကျေနပ်ပါတယ်ဗျ" ဟု ၎င်းကပြောသည်။
"ကျန်းမာရေးလည်း ဆိုင်က ဂရုစိုက် ပေးတယ်။ မနက် ၅ နာရီခွဲထရတယ်။ ည ၁၀ နာရီမှာ အိပ်ရ
ပါတယ်။ဆိုင်မှာ လုပ်ရတာကတော့ ခုံတွေ စားပွဲ စသိမ်းတယ်။ ပြီးတော့ အမှိုက်တွေသိမ်းတယ်။
စားပွဲထိုး အလုပ်လုပ်တယ်။ ကျွန်တော့် လစာက ကျပ် ၂,၃၀၀၀ ရတာပါ "ဟု ၎င်းက ပြောသည်။
လက်ဖက်ရည်ဆိုင်တစ်ခု၌ အသက် ၁၅ နှစ်မှစတင်ခါ စားပွဲထိုးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး မုန့်ဆရာ
တစ်ဦးဖြစ်လာခဲ့ပြီး ၁၁ နှစ်ကြာ လက်ဖက်ရည်ဆိုင်များတွင် ဘဝကြဉ်လည်နေသူတစ်ဦးက
"အခုဆိုရင် ကျွန်တော်လုပ်လာတာ ၁၁ နှစ်ကျော်ပါပြီ။ အသက်၂၆ နှစ်ရှိနေပါပြီ။ ဒီကြားထဲမှာ
ဆိုင်လေးဆိုင်လောက် ပြောင်းလိုက်သေးတယ်။ ဆိုင်တွေကလည်း အလုပ်သမားလိုလို့ လိုက်ခေါ်
ချိန် နဲ့ မိဘတွေကလည်း ငွေကြေးဘယ်လိုမှ အဆင်မပြေတဲ့အခါကျတော့ ကလေး တွေကို
ထည့်ပေးလိုက်ရတာမျိုးတွေ တွေ့နေရတော့ ရင်နာရပါတယ်ဗျာ။ ကိုယ်ကမှ ကျောင်းသားဘဝ
ဖြတ်သန်းခဲ့ရသေးတော့ ဒီကလေးလေးတွေအတွက် ကျွန်တော်စိတ်မကောင်းဘူး" ဟု ပြောသည်။
"လက်ရှိခေါ်ထားတာကတော့ မြို့ နယ်အစုံကပါပဲ။ ခု ဆိုင်မှာဝန်ထမ်းခုနစ် ယောက်ရှိပါတယ်။
စားပွဲထိုးတွေက တော့ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ်တွေ ပေါ့။ ဒီမှာလုပ်နေတဲ့ဝန်ထမ်းတွေရဲ့
ကျန်းမာရေးကိုတော့ ကျွန်တော်တို့ ဂရုစိုက်ထားပါတယ်။ အလုပ်သမားတွေရဲ့ လစာကို အနည်း
ဆုံး ကျပ်နှစ်သောင်းက နေစပေးပါတယ်။ တချို့ကျတော့ မိဘက နေ လာထားတာ။ တချို့က
တော့ ပွဲစားက နေတစ်ဆင့် ခေါ်ရတာပေါ့။ ခေါ်တာက တော့ မုန့်ဖိုးကျပ်ငါးထောင်ပေးရင် ခေါ်ပေး
တဲ့ ပွဲစားရှိသလို ကလေးအလုပ်သမားတွေရဲ့တစ်လစာ အတိုင်းပေးမှ ခေါ်ပေးတဲ့ ပွဲစားလည်းရှိ
တယ်"ဟု အလုပ်သမားခေါ်ယူပုံနှင့် ပတ်သက်၍ ဒေါပုံမြို့နယ်မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦး
က ပြောသည်။
















