ပြည်ခိုင်ဖြိုးက နေ့စဉ်သတင်းစာ ထုတ်ရန်စီစဉ်

ပြည်ခိုင်ဖြိုးက နေ့စဉ်သတင်းစာ ထုတ်ရန်စီစဉ်

ပြည်ထောင်စုလွှတ်တော်တွင် အင်အားအကြီးမားဆုံးဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး
ရေးပါတီက နေ့စဉ် ထုတ် သတင်းစာထုတ်ဝေရန် စီစဉ်လျက်ရှိသည်ဟု အဆိုပါပါတီ ထိပ်တန်း
ခေါင်းဆောင်းတစ်ဦးက ယခုလ ၅ ရက် က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင်
မြန်မာတိုင်း(မ်)၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

"ဟုတ်ပါတယ်။ အဲဒါကို (နေ့စဉ်ထုတ် သတင်းစာ) ကျွန်တော်တို့ ကြိုးစားနေပါတယ်"ဟု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဖြေကြားခဲ့သည်။ ယခုကဲ့သို့
ပါတီ၏ နေ့စဉ်ထုတ် သတင်းစာထုတ်ဝေမည်ဟု ပြည်ခိုင်ဖြိုးပါတီက တရားဝင်ထုတ်ဖော်ပြောကြား
ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီ၏
အပတ်စဉ်ထုတ် ဒီလှိုင်းစာစောင်အား နေ့စဉ်ထုတ်အဖြစ် ထုတ်ဝေမည်ဟု ပြောကြားအပြီး နေ့စဉ်
ထုတ်သတင်းစာ ထုတ်ဝေမည့် ဒုတိယမြောက် နိုင်ငံရေးပါတီဖြစ်လာသည်။

နေ့စဉ်ထုတ် သတင်းစာထုတ်ရန်အတွက် များစွာပြင်ဆင်ရမည်ဖြစ်သော်လည်း ဧပြီလ ၁ ရက်အမီ
ထုတ်ဝေနိုင်ရန် ကြိုးစားသွားမည်ဟုလည်း ဦးဌေးဦးက ဖြည့်စွက်ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ယခုလ ၁ ရက်က နှစ်ပတ်တာ ကြာမြင့်ပြီး
သင်တန်းသား သတင်းထောက် ၆၀ တက်ရောက်သည့် သတင်းစာသတင်းထောက် သင်တန်း
တစ်ရပ်ကို နေပြည်တော်ရှိ အဆိုပါ ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်ဟု သိရသည်။

"သင်တန်းပေးတယ်ဆိုတာ အခုမှ မဟုတ်ပါဘူး။ အရင်အသင်းဘဝကလည်း ပေးခဲ့ဖူးပါတယ်။
ကျွန်တော်တို့ သတင်းထောက်တွေတောင်မှ ခင်ဗျားတို့ ဂျာနယ်တိုက်တွေမှာ ရောက်နေတဲ့သူတွေ
အများကြီးပဲ"ဟု ဟင်္သာတမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သူ
ဦးဌေးဦးက ပြောသည်။

ယခုအချိန်တွင် ရန်ကုန်အခြေစိုက် သတင်းသမားအချို့အား ခေါ်ယူစု ဆောင်းမှုများရှိနေသည်ဟု
ပြည်တွင်း အပတ်စဉ်ထုတ် စာစောင်တစ်စောင်မှ အယ်ဒီတာတစ်ဦးက ပြောကြားခဲ့သော်လည်း
ဦးဌေးဦးက အတည်ပြုခဲ့ခြင်းမရှိ ပေ။

"သတင်းထောက်ဆိုရင် သုံးသိန်းခွဲနဲ့ အယ်ဒီတာ ငါးသိန်းဆိုတာတော့ ကြားတယ်" ဟု ၎င်းက
ပြောသည်။

နေ့စဉ်ထုတ် စတင်ထုတ်ဝေပါက လောလောဆယ်တွင် ရန်ကုန်၌သာ အခြေစိုက်မည်ဖြစ်ပြီး
ပြည်သူများ အကျိုးရှိမည့်သတင်းများ၊ ပြည်သူများ သိသင့်သည့်အရာများကို ဖော်ပြသွားမည်ဟု
ပြောကြားသော်လည်း ပါတီ၏ မူဝါဒကို မည်မျှထင်ဟပ်မည်ဆိုသည်ကို မူ ဦးဌေးဦးက ရှင်းရှင်း
လင်းလင်း မပြောကြားခဲ့ပေ။

"ကျွန်တော့်အယူအဆပေါ့။ ပါတီဆိုတာ ပြည်သူပေါ်မှာ အခြေခံရတာ။ ပြည်သူ့အကျိုးရှိမယ့်အရာ
က ပါတီရဲ့ မူဝါဒပေါ့။ ဒါကြောင့် ပြည်သူအကျိုးရှိတဲ့ အပေါ်မှာပဲ အခြေခံမယ်"ဟု နိုင်ငံသားများ၏
မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ
ဦးဌေးဦးက ပြောသည်။

ပါတီအနေဖြင့် အပတ်စဉ်ထုတ်စာ စောင်လည်း ထုတ်ဝေရန် ကြိုးစားနေပြီး နေ့စဉ်ထုတ်သတင်းစာ
ကိုလည်း အဆင့်အတန်းမီ ထုတ်ဝေသွားမည်ဟု လည်း ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး